ဆီဆိုင် ဘန်းယဉ်အခြေစိုက် ခမရ ၄၂၆ မှ အစိုးရတပ်မတော်သား ကျေးရွာများအပေါ် မတရားငွေကြေးတောင်းခံ

ခွန်ရာဇာ (တောင်ကြီး) | ဇူလိုင် ၁၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် နားသံကျေးရွာအုပ်စု ပချားကလိုးရွာနှင့် ကျောင်းယရွာတွင် လွန်ခဲ့သည့် ဇွန်လ ၁၆ ရက်၊ ဘန်းယဉ်အခြေစိုက် ခမရ (၄၂၆) မှ ဗိုလ်မှူး ဝင်းကိုဦး အပါအ၀င် မြန်မာအစိုးရစစ်သား (၄) ဦးက ရွာသူကြီးထံ ငွေကြေးများ မတရားတောင်းခံခြင်းအခြေနေကို အရေးယူပေးရန် ဒေသခံရွာသားများက ဒေသဦးစီးထံသို့ တင်ပြထားကြောင်း သိရသည်။

လွန်ခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ အစိုးရတပ်ရင်း ခမရ (၄၂၆) မှ ဗိုလ်မှူးဝင်းကိုဦး ပါဝင်သည့် အစိုးရစစ်သား (၄) ဦးတို့သည် ရွာသူကြီးထံတွင် ငွေကျပ် ငါးသိန်း အကြောင်းမဲ့ တောင်းခံခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ ပချားကလိုးရွာ (အပေါ်ရွာ) မှ ရွာသူကြီး ဦးမောင်အေးထံတွင် ကျပ်ငွေလေးသောင်း၊ ပချားကလိုးရွာ (အောက်ရွာ) မှ သူကြီး ဦးထွက်ငွေထံတွင် ကျပ်ငွေတစ်သောင်းနှင့် ကျောင်းယရွာသူကြီး သစ်ဦးထံတွင် ကျပ်ငွေ သုံးသောင်း၊ ကျန်ရှိသည့် လေးသိန်းနှစ်သောင်းအား ဘန်းယဉ်ရှိ တပ်ရင်းရုံးသို့ လွန်ခဲ့သည့် ဇွန်လ ၂၀ ရက်တွင် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၇ ရက်တွင် နားသံကျေးရွာအုပ်စု တိနျားရွာသူကြီးထံမှ ငွေငါးသောင်းနှင့် ဦးဟိန်း ဆိုင်တွင် ဘီယာတစ်ဖာ ယူဆောင်သွားခဲ့သည့်ကိစ္စကို ရွာသားများက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးထံသို့ တင်ပြထားပြီး၊ ထိုမှတဆင့် ရှမ်းပြည်နယ်အစိုးရထံသို့ တင်ပြထားခဲ့ကြောင်း ရည်ညွန်းစာအရ သိရှိရသည်။

၎င်းဖြစ်ရပ်ကိစ္စနှင့် စပ်လျဉ်း၍ ဘန်းယဉ်အခြေစိုက် ခမရ (၄၂၆) မှ ဗိုလ်မှူးဝင်းကိုဦး အပါအ၀င် အစိုးရတပ်မတော်သား (၄) ဦးတို့က ဆီဆိုင်မြို့နယ် နားသံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများထံတွင် မတရားအဏာသုံး ငွေကြေးကောက်ခံနေမှုအား သိရှိနိုင်ရန်နှင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် ညှိနိုင်းအကြောင်းကြားစာကို ဇူလိုင်လ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ က လက်မှတ်ထိုး တင်ပြထားကြောင်း သိရသည်။

1 comment:

Unknown said...

ကျွန်တော်လည်းပအိုဝ်းလူငယ်တယောက်ပါကျွန်တော်တို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ သူတို့လုပ်ချင်ဒါလုပ်မယ်ဆို၇င် အုပ်ချူပ်ခွင့်ရဒါအလကားပဲ သူတို့ဒါမျိုးလုပ်တာစစ်ဖိနပ်အောက်ပြန်ရောက်သလိုပဲ