သစ်တောကြိုးဝိုင်းကို ထိန်းသိမ်းသည့် ရွာသားများအား အစိုးရစစ်တပ်က ဖမ်းဆီးပစ်ခတ်

ခွန်စိမ်းမောင် (တောင်ကြီး) | ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ် ထီထဲုင်ထိုးရွာရှိ ရေထွက်ဦးသစ်တောကြိုးဝိုင်းကို ထိမ်းသိမ်းစောင့်ရှောက်သည့် ကျေးရွာသားများအား အစိုးရစစ်တပ်က ဖမ်းဆီးပစ်ခတ်မှုများ ပြုလုပ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ထီထဲုင်ထိုးရွာတွင် ရေထွက်ဦးရှိ သစ်တောကြိုးဝိုင်းကို ထိန်းသိမ်းသော အပြစ်မဲ့ရွာသားများအား (ဇူလိုင်လ ၁၁ နေ့ ၂၀၁၃ ခုနှစ်) ရက်နေ့တွင် ဘန်းယဉ်အခြေစိုက် အစိုးရတပ်မတော် ခမရ (၄၂၆) စစ်တပ်မှဗိုလ်ကြီးဟိန်းဇာနည်၊ တပ်သားမြစည်သူနှင့် ပိုင်ပိုင်တို့ (၃) ဦးသည် ရွာသားများကို ဖမ်းဆီးချည်နှောင်ပြီး ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေ ထီထဲုင်ထိုးရွာသား တစ်ဦးက ယခုလိုပြောသည်။

“စစ်သား (၃) ယောက်လာတယ်။ (၂) ယောက်က လက်နက်ပါတယ်။ (၁) တစ်ယောက်ကတော့ လက်နက်မပါဘူး။ စစ်သားက ကျနော်တို့ ရွာသူကြီးကို လာရှာတယ်၊ လာရှာတာ မတွေ့လို့ စိတ်ဆိုးပြီးတော့၊ အပြစ်မရှိတဲ့ ကျေးရွာ နာယကကိုလည်း ဖမ်းတယ်၊ အတွင်းရေးမှူးကိုလည်း ဖမ်းတယ်၊ ဆယ်အိမ်ခေါင်းကိုလည်း ဖမ်းတယ်၊ ကြိုးနဲ့လည်း တုတ်ထားတယ်။”

၎င်းတို့ ဖမ်းဆီးပစ်ခတ်မှုကြောင့် ကျေးရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး လက်ရှိ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရသည်။

စစ်တပ်တို့၏ ပစ်ခတ်မှုကြောင့် အသက် (၃၅) အရွယ်ရှိ ခွန်မောင်ဒုံး၏ ဘယ်ဘက်ပေါင်တွင် ကျည်ဆံထိမှန်ပြီး ပေါင်းရိုးတွင်းသို့ ကျည်ဆံခံနေသည်။ ကျည်ဆံထိမှန်သည့်နေရာသည် ဆီအိမ်ကြောနှင့် နီးကပ်သဖြင့် ဆီသွား၍မရပေ။

ယမန်နေ့တွင် စ၀်စံထွန်းဆေးရုံရှိ အရိုးကုသဆောင်တွင် ခွဲစိပ်မည်ဖြစ်ကြောင်း သိရသည်။ နောက်တစ်ယောက်မှာ အသက် (၃၂) အရွယ်ရှိ ခွန်မောင်သောင်းဦး က လက်ဆစ်နှင့် ခါးလယ်တွင် ကျည်ဆံရှပ်ထိပြီး ဒဏ်ရာအနည်းငယ် ရရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ရှိ ထီထဲုင်ထိုးရွာတွင် အသုံးမပြုတော့သည့် ရထားလမ်းလုံခြုံရေး အကြောင်းပြပြီး တာဝန်ယူထားသော အစိုးရ ခမရ (၄၂၆) တပ်သည် ကျေးရွာပြည်သူလူထုအပေါ် အကြိမ်ခါခါ ဖိနှိပ်အနိုင်ကျင့်မှု လုပ်ရပ်များကြောင့် ပြန်လည်ရုပ်သိမ်းပေးရန် လိုအပ်ကြောင်းကိုလည်း ဆရာတော်ကြီးတစ်ပါးမှ သြ၀ါဒ မိန့်ကြားသည်။

“ကျနော်တို့ ဘုန်းကြီးကျောင်းကိုတောင် နေ့တိုင်းပုံမှန် မတက်နိုင်ဘူး၊ တပ်မတော်ရဲ့ စစ်တပ်စခန်းကျတော့ သောက်သုံးဖို့ရေတွေ အဝေးတစ်နေရာက အမြဲတမ်း ခပ်ပေးနေရတယ်။ တပ်စခန်း ခြံစည်းရိုးကာဖို့ ၀ါးတွေလည်း ခုတ်ပေးရတယ်။ နေ့စဉ်နေ့တိုင်း တပ်စခန်းကို သွားပြီး လုပ်အားပေးလည်း အမြဲတမ်း လုပ်ပေးနေရဆဲဖြစ်တယ်။ အဲဒါတောင်မှ အခုလို ကျနော်တို့ကို ဖမ်းဆီးနှိပ်စက်မှုတွေ ပစ်ခတ်မှုတွေ လုပ်သေးတယ်။” ဟု ကျေးရွာသားတစ်ဦးက ရှင်းပြသည်။

ဖမ်းဆီးထားသော ရွာသား (၃) ဦးကိုလည်း ပြီးခဲ့သည့် ၁၂ ရက်နေ့တွင် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။



No comments: