ရှမ်းပြည်သမိုင်းတွင် အရေးပါခဲ့သောတော်လှန်ရေးပုဂ္ဂိုလ်ကြီး ကွယ်လွန်

ခွန်ရာဇာ (တောင်ကြီး) | ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းတော်လှန်ရေးသမိုင်းတွင် အရေးပါခဲ့သောပုဂ္ဂိုလ် အမျိုးသားတော်လှန်ရေးခေါင်းဆောင်ဟောင်း ဆရာဦးမောင်ဖေသည် ၂၀၁၃ ခုနှစ်၊ ဇူလိုင်၂၂ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအုပ်စု မင်္ဂလာရပ်ကွက်တွင် နေထိုင်သော ရလလဖ နှင့် ပအလဖ တော်လှန်ရေးခေါင်းဆောင်ဟောင်းတစ်ဦး ဆရာမောင်ဖေသည် အသက် ၉၉ နှစ်ရှိပြီး လူကြီးရောဂါဖြင့် ဇူလိုင်၂၂ ည ၉ နာရီအချိန်တွင် ကွယ်လွန်ခဲ့ပြီး၊ ဇူလိုင် ၂၃ ရက်တွင် ကျန်ရစ်သူမိသားစုများနှင့် ဆိုက်ခေါင်ကျေးရွာ ရပ်မိရပ်ဖများက ဂူသွင်းသဂြိင်္ုလ်ခဲ့ကြောင်း ဆိုက်ခေါင်ကျေး ရွာနေအသက် ၄၀ အရွယ်ရှိ ဒေသခံတဦးက ပြောသည်။

ဆရာမောင်ဖေသည် ၇/၃/၁၉၁၄ ခုနှစ်တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့တွင် မွေးဖွားပြီး၊ ၁၉၄၉ ခုနှစ် တွင် KNU ဒု-ဥက္ကဌဖြစ်ခဲ့သည့် သထုံဦးလှဖေ (ဖြားဗွာလှဖေ) နှင့် ပူးပေါင်းကာ ရှမ်းပြည်ပဒေသရာဇ်ကို ဆန့်ကျင်တော်လှန်ခဲ့ပြီး၊ ၁၉၅၈ ခုနှစ်အထိ ဗိုလ်မှူးရွှေဝင်း ဦးဆောင်သော ယာယီ ပအလဖ တော်လှန်ရေး အမှတ် (၆) ခရိုင်၊ ဟိုနမ်းနယ်တွင် တပ်မှူးရာထူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၁၉၆၆ ခုနှစ်တွင် ဖြားဗွာလှဖေနှင့်အတူ အထိန်းသိမ်းခံရပြီး ၁၀ နှစ် အကျဉ်းကျခံခဲ့ရကြောင်း၊ အကျဉ်းထောင်မှ လွတ်လာပြီးနောက် ရလလဖအဖွဲ့ မကွဲချိန်တွင် ပြန်လည်ပြီး ရှမ်းပြည်အရေး လုပ်ရှားခဲ့ကြောင်း သိရသည်။

No comments: