ပထမဆုံးအကြိမ် သက်ကြီးဝါရင့်နိုင်ငံရေးခေါင်းဆောင်ကြီး ဂါရဝပြုပွဲ ကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | ဇူလိုင်လ ၂၂ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပထမဆုံးအကြိမ် ပြည်ထောင်စုတိုင်းရင်းသား သက်ကြီးဝါရင့်နိုင်ငံရေးခေါင်းဆောင်များ ဂါရဝပြုပွဲကို တိုင်းရင်းသားလူငယ်များကွန်ယက်က ဇူလိုင် ၂၂ ဝါဆိုလပြည့်နေ့၊ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုင်တိုင် တက်ရောက်ဂါရဝပြု ကြောင်း သိရသည်။

“သစ္စာရှိတယ်ဆိုတာ ယုံကြည်မှုအပေမူတည်ပါတယ်၊ တခြားသူကို ယုံကြည်ရမယ်၊ ကိုယ်ယုံကြည်မယ့်လူသာ သစ္စာထားနိုင်တယ်၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို မယုံကြည်တဲ့လူဟာ တခြားလူကို ဘယ်လိုလုပ်ယုံကြည်နိုင်မှာလဲ၊ အဲဒါကို ကျွန်မပြောချင်ပါတယ်၊ လွတ်လပ်ရေး ရခါစ ဒီနိုင်ငံဟာ တကမ္ဘာလုံးက လေးစားအထင်ကြီးသောကာလမှ ကြီးပြင်းလာသည့်အတွက် ဘာမဆို လုပ်နိုင်တယ်၊ ပညာရေး၊ ကျန်းမာရေးစနစ်ကောင်းတယ်၊ ပြည်တွင်းသတင်းစာဆရာ၊ စာရေးဆရာ အဆင်တန်းမြင့်တယ်၊ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်၊ တခြားသူကိုလည်း ယုံကြည်မှုရှိတယ်၊ တိုင်းရင်းသားညီညွှတ်ရေးရဖို့ ပင်လုံစိတ်ဓါတ် အခြေခံတယ်၊ ပင်လုံစာချုပ်တွင် မပါခဲ့သောတိုင်းရင်းသားများ သိပ်မကျေနပ်နိုင်ဘူး၊ ဒါ ကျွန်မ ဝန်ခံပါတယ်၊ ပင်လုံစာချုပ်ပါ တိုင်းရင်းသားသိပ်မများပါဘူး၊ စိတ်ကိုလိုတာပါ၊ တစ်ဦးနှင့်တစ်ဦး ယုံယုံကြည်ကြည်နဲ့ ချုပ်ဆိုသော စာချုပ်ဟာ ပင်လုံစိတ်ဓါတ်ပါဘဲ၊ တိုင်းရင်းသားလူမျိုး ဘာသာမရွေး ဗမာတိုင်းရင်းသားအပါအဝင် ရရှိလာသော အခွင့်အရေးကို လက်မလွတ်ပါနှင့်၊ လူငယ်များ ကိုယ့်ကိုယ်ကို ယုံကြည်နိုင်သောလူမျိုး၊ သစ္စာရှိသောလူမျိုး ဖြစ်ကြပါစေ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြေားသွားခဲ့သည်။

ဒီနေ့ ကျွန်တော်တို့ သက်ကြီး ဝါရင့်များ ဆွေးနွေးပေးသွားတာ တော်တော်ပြည့်စုံပါပြီ၊ ကျွန်တော်တို့ ကြုံနေရသော ပြဿနာဟာ ပြဿနာအသစ် မဟုတ်ပါဘူး၊ ပြဿနာ အဟောင်းပါ ဒီပြဿနာကို ဖြေရှင်းသောချည်းကပ်နည်း စဉ်းစားနည်းဟာ ယခုထိ ဖြေရှင်းမှု မရှိလျှင် ချည်းကပ်ပုံ စဉ်စားပုံ အသစ်ကို လုပ်သင့်တယ်၊ ကျွန်တော်တို့ သွားရမည့် အနာဂတ်ရည်မှန်းချက်ဟာ ဖက်ဒရယ် ပြည်ထောင်စုပဲ ဖြစ်ရမည်၊ ကျွန်တော်တို့ နိုင်ငံဟာ နောင်ဆယ်နှစ်မှာ ဘယ်လိုနိုင်ငံ ဖြစ်ချင်တာလဲ၊ နောင်နှစ် ၂၀ မှာ ဘယ်လိုနိုင်ငံမျိုးကို ဖြစ်ချင်တာလဲ ဆိုတာ ရဲရဲတင်းတင်း ကိုယ်စီအိပ်မက်ရှိဖို့ လိုတယ်ဟု ၈၈ မျိုးဆက်ကျောင်းသားကိုယ်စား ဦးကိုကိုကြီးက ပြောခဲ့သည်။

ပအိုဝ်းတိုင်းရင်းသားအနေနှင့် ရ-လ-လ-ဖ ဥက္ကဌ ဦးခွန်စိန်ရွှေ၊ PNO နာယက ဦးအောင်ခမ်းထီ၊ ပင်လုံဒေသ ဖြားယိုင်းတို့က ဖိတ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဦးခွန်စိန်ရွှေသာ တက်ရောက်နိုင်ကြောင်း အခြားတိုင်းရင်းများလည်း အကြောင်းအရပ်ရပ်ကြောင့် မတက်ရောက်နိုင်ဘဲ ဖိတ်ကြားထားသော သက်ကြီးဝါရင့်နိုင်ငံရေးခေါင်းဆောင်ကြီး ၃၁ ဦးအား ၁၈ ဦးသာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

No comments: