တောင်ကြီးမြို့မှ ပအိုဝ်းအမျိုးသားများဂေဟာ သမိုင်း

ခွန်ပနောင် | ဇူလိုင် ၇ ရက်၊ ၂၀၁၃ ခု၊ တောင်ကြီးတိုင်းမ် | ဖြစ်ရပ်မှန်အမြင်ဆောင်းပါး

သမိုင်းအစဉ်အလာကြီးမားခဲ့သော ပအိုဝ်းအမျိုးသားတို့သည် နောင်လာနောက်သား အနာဂတ် မျိုးဆက်သစ်လူငယ်များ အစဉ်အလာကောင်းမွန်လာစေရေးအတွက် ရည်ရွယ်၍ အမျိုး၊ ဘာသာ၊ သာသနာ၊ ထွန်းကာရေး၊ စည်းလုံးညီညွတ်ရေး၊ ယဉ်ကျေးမှု့ အမွေအနှစ်များ မပပျောက်စေရေးအတွက်၊ မျက်စိဖွင့်၊ နားပွင့်ရန်၊ အမျိုးသားရေးလက္ခဏာဖြစ်ပေါ်စေသော တန်ဖိုးမဖြတ်နိုင်သည့် ကျောင်း၊ ကန်၊ ဘုရားတည်ဆောက် လှူဒါန်းခြင်း၊ အထိမ်းအမှတ်ကျောက်တိုင်များ စိုက်ထူခြင်း စသည့်အမှတ်တရဖြစ်စေ၊ ဂုဏ်ယူဖွယ်ဖြစ်စေ၊ အမြော်အမြင်ကြီးမားစွာဖြင့် သမိုင်းဝင်အမွေအနှစ်များ ထားရစ်ခဲ့ရာတွင် တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ ကုန်သည်လမ်းပေါ်ရှိ အမှတ် (၉၈/၁) နှင့် (၉၈/၂) ဟု ခေါ်တွင်သည့် ပအိုဝ်းအမျိုးသားပိုင် အဆောက်အဦးလည်း ပါဝင်ပေသည်။

အဆိုပါဆောက်အဦးနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားမှန်သမျှ သိသင့်သိထိုက်ရန် အချိန်အခါ သင့်တော်လျောက်ပတ်နေပြီဖြစ်ရာ မျိုးဆက်သစ် ပအိုဝ်းလူငယ်များ ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ရည်ရွယ်၍ အဆောက်အဦး ဖြစ်ပေါ်လာပုံနှင့် ရင်ဆိုင်ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်း အစစ်အမှန်ကို ဖော်ပြအပ်ပါသည်။

၁။ ၁၉၅၄ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့ လမ်းမတော်ရှိ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ရုံးခန်းမှာ အစည်းအဝေးပြုလုပ်ပြီး (၉၈/1) အဆောက်အဦးပါ မြေနေရာကို ၀ယ်ယူရန် ဆွေးနွေးခဲ့ကြသည်။ ထိုအစည်းအဝေးတွင် ဦးဟိန်ရှင်ငွေမှ ရုံးလုပ်ငန်းအသုံးပြုရန် လက်နှိပ်စက် တစ်လုံး ၀ယ်လှူသည်။

၂။ ၁၉၅၄ ခုနှစ်၊ မေလ (၂၇) ရက်နေ့၊ နောင်ကားကျေးရွာ အရှေ့ဖက်၊ နောင်ယွေးရွာတွင် ကျင်းပသော ဗိုလ်ချန်စုံ သဘာပတိဆောင်ရွက်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) နှင့် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ပဏာမညီလာခံမှ ထပ်မံဆွေးနွေးအတည်ပြုပြီး သင့်ငွေ ရှစ်သောင်း (၈၀၀၀၀/) ကို ပအိုဝ်းဒေသ ခရိုင် ရှစ်ခရိုင် (ထိုစဉ်ကာလဖွဲ့စည်းပုံမှာ၊ ကျေးရွာ၊ တိုက်နယ်၊ ခရိုင်ဖြစ်သည်။) မှ လူဦးရေ အနည်းအများအလိုက် တစ်အိုးစားလျှင် ၃/-(သုံးကျပ်) နူန်းဖြင့် ထည့်ဝင်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။

၃။ ၁၉၅၈ ခုနှစ် မေလ (၅) ရက်နေ့၊ ပအိုဝ်းခေါင်းဆောင် ဦးလှဖေနှင့် ဗိုလ်ချန်စုံ ဦးဆောင်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) အင်အား (၁၃၃၃) ဦး၊ ဥပဒေဘောင်အတွင်း ၀င်ရောက်ခဲ့ရာ အထိမ်းအမှတ်အဖြစ် မျိုးချစ်ရဲဘော်များ တစ်ဦးလျှင် ငါးရာ (၅၀၀/-) ကျပ်နှုန်း ထည့်ဝင်ငွေများအနက် တစ်သိန်းကျပ် (၁၀၀၀၀၀) တိတိကို (၉၈/၂) (မြောက်ဖက်အဆောက်အဦး) ဆောက်လုပ်ရန် ၁၉၅၉ ခုနှစ်မှာ ဈေးပိုင်း လက်သမားဆရာကြီး ဦးကျန်အား ကန်ထရိုက်ပေး၍ ဆောက်လုပ်စေခဲ့ပါသည်။

၎။ ၁၉၅၉ ခုနှစ်တွင် (ပအမဖ) ရှေ့လုပ်ငန်းစဉ်များအရ (၉၈/၁) အောက်ထပ်မှာ ပအိုဝ်းသီးနှံဗဟိုရုံးနှင့် ပအိုဝ်းသနပ်ဖက် ဗဟိုရုံးကို လုပ်သားအင်အား တစ်ရာခန့်ဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ တောင်ဘက် (၉၈/၁) အပေါ်ထပ်မှာ (ပအမဖ) စည်းရုံးရေးဌာန၊ စီးပွားရေးဌာန၊ လူမှု့ရေးဌာနနှင့် ယဉ်ကျေးမှုဌာန ဖွင့်လှစ်ပြီး ဗဟိုအလုပ်အမူဆောင်အဖွဲ့ အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့ကြသည်။

၅။ (၉၈/၂) အောက်ထပ်တွင် ဦးစံအောင်ထံ ၀ယ်ယူခဲ့သည့် “ပြည်သူ့ဆန္ဒပုံနှိပ်တိုက်’’ ဖွင့်လှစ်ခဲ့သည်။ (ယခု ပထမတောင်ကျောင်းကြီးတွင် ရှိသည့် ပုံနှိပ်စက်ဖြစ်သည်။) (၉၈/၂) အပေါ်ထပ်တွင် ပအမဖ ဥက္ကဌ ဦးခွန်စိန်၊ လူမှု့ရေးတာဝန်ခံ ပင်လောင်း ဦးထွေးလုံ၊ ရုံးအဖွဲ့မှူး ဦးကျော်ရင်တို့ အသီးသီး နေထိုင်ခဲ့ကြသည်။

၆။ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီတက်လာပြီး၊ ၁၉၆၄ ခုနှစ်တွင် ပြည်သူပိုင် အသိမ်းခံရကာ အဆောက်အဦးနှင့် ပစ္စည်းများ ယာယီသိမ်းပိုက်ခံခဲ့ရသည်။ ပအိုဝ်းပြည်သူလူထုများမှ စုပေါင်း ၀ယ်ယူကြောင်း အထောက်အထား အခိုင်အမာ စစ်ဆေးတွေ့ရှိရ၍ ပအိုဝ်းအမျိုးသားများသို့ ပြန်လည်အပ်နှံခဲ့ပါသည်။

၇။ ထိုအချိန်အခါက ၀ိသမလောဘသား၊ ကိုယ်ကျိုးရှာ အခွင့်အရေးသမား တစ်စုက ပအိုဝ်းအမျိုးသား ပိုင် တိုယိုတာကား အမျိုးအစား (၆) တန် ကုန်တင်ယာဉ် (၂) စီးကိုလည်းကောင်း၊ ဦးကြွယ်+ဒေါ်သစ် လှူဒါန်းထားသော ဂျစ်ကားတစ်စီး၊ ရုံးသုံး ဘေဘီကား တစ်စီး နှင့် အခြားပစ္စည်းများကို ရောင်းစားခဲ့ ကြသည်။ (အမည်မဖေါ်ပြလိုပါ)။ ထို့အတွက် ရှမ်းပြည်နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ အတွင်းရေးမှူး ဦးထွန်းရင်လော က “ပအိုဝ်းအမျိုးသားပိုင် ပစ္စည်းများ ထိန်းသိမ်းရန်’’ ဦးဖြူ (ဥက္ကဌ)၊ ဦးခွန်စိန် (အတွင်းရေးမှူး) နှင့် အဖွဲ့ဝင် (၁၆) ဦးပါဝင်သော ပစ္စည်းထိန်းအဖွဲ့ကို (၂၁၊ ၅၊ ၁၉၇၃) ခုနှစ်တွင် ဖွဲ့စည်းပေးခဲ့ပါသည်။

၈။ ၎င်းပစ္စည်းထိန်းအဖွဲ့အတွင်းမှ အဖွဲ့ဝင်အချို့ (အမည်မဖော်ပြလိုပါ) တို့သည် ပအိုဝ်းအမျိုးသားပိုင် အဆောက်အဦးနှင့် မြေနေရာအားလုံးကို ငွေကျပ် သိန်းလေးဆယ် (၄၀၀၀၀၀၀) ဖြင့် ရောင်းချရန် အတွက် စရံငွေ တစ်သိန်း (၁၀၀၀၀၀) ယူထားပြီးနေစဉ်တွင် မျိုးဆက်သစ်ပအိုဝ်းလူငယ်များမှ ၁၉၈၄ ခုနှစ် ရန်ကုန်၊ တောင်ကြီး၊ မန္တလေးတက္ကသိုလ် ကောလိပ်ပအိုဝ်းကျောင်းသားများက ကမကထပြု၍ တောတွင်း ပုဂ္ဂိုလ်များထံ တိုင်ကြားရာမှ၊ တော်လှန်ရေးအဖွဲ့ခေါင်းဆောင်များ၏ ကန့်ကွက်မှုကြောင့် ပျက်ပြားခဲ့ရသည်။

၉။ ၎င်းပစ္စည်းထိန်းအဖွဲ့သည် (၉၈/၁) တောင်ဖက် အဆောက်အဦး အောက်ထပ်သုံးခန်းကို ထီဖေါင်းကျေးရွာ သမ၀ါယမအသင်း၊ နောင်လေကျေးရွာ သမ၀ါယမအသင်း၊ နမ့်ဆီးကျေးရွာ သမ၀ါယမအသင်း သုံးသင်းတို့အား တစ်လလျှင် ကျပ်ခြောက်ရာ (၆၀၀/-)၊ (၉၈/၂) မြောက်ဖက် အဆောက်အဦး အောက်ထပ်ကို ဦးအောင်မြင့် (ဦးပေကပ်) နှင့် ဦးရွှေမန်းသို့ တစ်လလျှင် ကျပ် ခုနှစ်ရာ၊ (၇၀၀/-) စုစုပေါင်း တစ်လလျှင် တစ်ထောင့်သုံးရာကျပ် (၁၃၀၀/-) နှင့် ငှားရမ်းခဲ့ပါသည်။

၁၀။ ထိုစဉ်က (၉၈/၁) အပေါ်ထပ်ကို ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုရုံးခန်း၊ (ပအိုဝ်းစာပေ သင်ကြားသည်) ဖွင့်သည်။ မြောက်ဖက် (၉၈/၂) အပေါ်ထပ်ကို အခမဲ့ ကျေးလက်ဘော်ဒါဆောင် ဖွင့်လှစ်ခဲ့သည်။

၁၁။ ၁၉၈၈ ခုနှစ်တွင် ပအမဖ ဖွဲ့စည်းလှုပ်ရှားခွင့် မှတ်ပုံတင်ရရှိခဲ့ရာ (၉၈/၁) နှင့် (၉၈/၂) အဆောက်အဦးအားလုံးကို တစ်လလျှင် ကျပ်တစ်ထောင်ခြောက်ရာ (၁၆၀၀/-) နှင့် ၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်အသုံးပြုခဲ့ပါသည်။ ထိုအချိန်မှစ၍ ရေလှောင်ကန် အသစ်တည်ဆောင်ခြင်း။ အိမ်သာနှင့် စက်ရေတွင်း တူးဖေါ်ခြင်း၊ ပြုပြင်မွမ်းမံခြင်း အမျိုးမျိုးဆောင်ရွက်ခြင်း၊ ပျက်စီးနေသော မီတာောက်စ်နှစ်လုံးကို အသစ်ထပ်မံလဲလှယ်ခြင်း၊ လျှပ်စစ်ဝါယာလိုင်းများမှာ နှစ်ပေါင်းကြာမြင့်စွာ ဆွေးမြေ့နေ၍ အသစ်ထပ်မံသွယ်တန်းခြင်း (အတွင်းအပြင်) များ ဆောင်ရွက်ခဲ့ကြရသည်။

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမူအဖွဲ့ ဒုတိယသက်တမ်းအတွင်း အရှေ့ဖက်အုတ်တံတိုင်း ထပ်ဆင့်မြင့်တင် မွမ်းမံခြင်း၊ တောင်ဖက်ဝင်း သံဝင်းတံခါးပေါက် တပ်ဆင်ခြင်း၊ ရုံးရှေ့ဆိုင်ခန်းများ သွပ်မိုးလဲလှယ်ပြီး လုံခြုံရေး ဆောင်ရွက်ခဲ့သည်။

၁၂။ ယခုအခါ (၉၈/၁) အပေါ်ထပ် (တောင်ဖက်အဆောက်အဦး) အတွင်းတွင် ပအိုဝ်းခေါင်းဆောင် (၆၀) ဦးတို့၏ ရှားပါးဓါတ်ပုံ နှစ်ရာကျော် ပြသထားပြီး၊ ၎င်းအောက်ထပ်တွင် ပအိုဝ်းရှေးဟောင်းပစ္စည်းနှင့် ရှားပါး ပန်းချီကားများ ပြသထားပါသည်။

၁၃။ (၉၈/၂) အပေါ်ထပ်တွင် (ပအမဖ) ရုံးခန်းနှင့်တွဲလျှက် ဦးခွန်မောင်တုတ် မိသားစု နေထိုင်လျှက်ရှိပြီး ၎င်းအောက်ထပ်တွင် မွေတော်ကက္ကူ ဂေါပကရုံးခန်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ရုံးခန်း၊ ပအိုဝ်းမော်အဖွဲ့ ရုံးခန်း၊ ပအိုဝ်းဂီတ သုခုမအနုပညာ ရုံးခန်း၊ ကွန်ပျူတာအခန်းနှင့် ပအိုဝ်းအမျိုးသား စာကြည့်တိုက်ဟူ၍ အသီးသီး ဖွင့်လှစ်လျှက်ရှိသည်။

၁၄။ နိုင်ငံတော်မှ တရားဝင်မှတ်ပုံတင်ထားသော ပအိုဝ်းလူထုကိုယ်စားပြု အဖွဲ့အစည်းများ ဖြစ်ကြသည့် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) အသင်းအဖွဲ့မှတ်ပုံတင်အမှတ် (၈၅)၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ပအစယ) အသင်းအဖွဲ့မှတ်ပုံတင်အမှတ် (၁၇၉၅)၊ ပအိုဝ်းအမျိုးသားစာကြည့်တိုက် မှတ်ပုံတင်အမှတ် (၀၀၈၁) တို့သည် တည်ဆဲဥပဒေနှင့်အညီ ပအိုဝ်းလူထုအကျိုးအတွက် တရားဝင် လှုပ်ရှားလျှက်ရှိပါသည်။

၁၅။ နိုင်ငံတော်အသင်းအဖွဲ့ မှတ်ပုံတင်ထားခြင်းမရှိ၊ ပအိုဝ်းလူထုလူတန်းစားအသီးသီးက ရွေးချယ် တင်မြှောက်ခြင်းမခံရ၊ ရှမ်းပြည်နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီလက်ထက် (၂၁၊ ၅၊ ၁၉၇၃) ခုနှစ်ကပင် ဖွဲ့စည်းလာခဲ့သည်မှာ ယခု ၂၀၁၃ ခုနှစ်ဆိုလျှင် (၄၀) နှစ်မြောက်ပင် ကြာညောင်းလာခဲ့ပေပြီ။ နိုင်ငံတော်ကပင် ခေတ်ရေစီးကြောင်း ပြောင်းခဲ့ပြီး ပအိုဝ်းပြည်သူလူထုပိုင် အဆောက်အဦးတွင် ပအိုဝ်းလူထု ကိုယ်စားပြုအဖွဲ့အစည်းများ၊ လူထုအကျိုးစီးပွားအတွက် ဆောင်ရွက်နေပါလျှက် ”ပအိုဝ်းဂေဟာအသင်း” အမည်ခံ မျက်ကန်းမျိုးချစ် ”ပအိုဝ်း ဒေ၀ဒတ်” ဘွဲ့ရရှိထားသူနှင့် လက်ဝေခံ နောက်လိုက်အချို့က ပအိုဝ်းအမျိုးသားကိုယ်စားပြု အဖွဲ့အသီးသီးအား ရွှေ့ပြောင်းပေးရန် ကြိုးပမ်းနေသည်။ မဲဆွယ်စည်းရုံးနေသည်။ ၎င်းမြေနေရာနှင့် အဆောက်အဦးကို ရောင်းချ၍ ပအိုဝ်းလူငယ်များ ပညာရေးဖောင်ဒေးရှင်း တည်ထောင်မည်ဆိုသူက “မိမိကိုယ် မိမိ သိစေလိုသည်မှာ သမိုင်းမပါသော နိုင်ငံရေးသည် အဓိပ္ပါယ် အခြေအမြစ်မရှိ“ (Politics without history has no roots) ဆိုသကဲ့သို့ မိမိလူမျိုးသမိုင်း အခြေခံအချက်အလက်ကိုပင် မသိနားမလည်၊ မိမိတို့ ပအိုဝ်းလူမျိုးတို့၏ ထိန်းသိမ်းရမည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘိုးဘွားများ တည်ထောင်လာခဲ့သော ဘိုးဘွားပိုင် အမွေအနှစ် ပစ္စည်းများ၏သမိုင်းကြောင်းကို မလေ့လာပဲ လူထုဘန်းပြပြီး နိုင်ငံရေး ဂွင်/ခွင် အဖြစ် မလုပ်စားကြရန် မေတ္တာရပ်ခံပါသည်။

အမျိုးသားကောင်း၊ ပြည်သူပြည်သားကောင်း မှန်သမျှသည် အရေးကြုံလျှင် စည်းလုံးညီညွတ်မြဲဖြစ်၏။ စည်းလုံးညီညွတ်သော လူမျိုးတို့၏ အားမာန်သတ္တိသည် မည်သူမျှ မလေးစားပဲ နေမည်နည်း။ ထိုသွေးစည်းညီညွတ်သော လူမျိုးတို့အား၊ အခြား အခြားသော လူမျိုးပေါင်းစုံက ဦးညွတ်မြဲဖြစ်၏။ စည်းလုံးညီညွတ်ခြင်း၏ အထိမ်းအမှတ် ပြယုတ်ဖြစ်သော “အမျိုးသားပိုင်အဆောက်အဦးနှင့် မြေနေရာ“ ကိုလည်းကောင်း၊ “စည်းလုံးညီညွတ်ခြင်း၏ ဂုဏ်သိက္ခာ“ ကိုလည်းကောင်း၊ ထိန်းသိမ်းကာကွယ်ကြပါစို့။ နောင်မျိုးဆက်သစ်လူငယ်များအထိ လက်ဆင့်ကမ်းကြပါစို့။ ပအိုဝ်းလူမျိုးသမိုင်းတွင် သမိုင်း၏တရားခံအဖြစ်မှ ရှောင်ကွင်းလွတ်မြောက်နိုင်ကြလျှင် မဂ္ဂင်ရှစ်ပါးနှင့် ညီညွတ်သော အရိယာပုဂ္ဂိုလ် အမျိုးသားကောင်းများဖြစ်ကြ၍ ငရဲသို့ မကျနိင်တော့ပေ။

၁၉၈၄ ခုနှစ်တွင် ဒုတိယအကြိမ် အစပျိုးလာသော ထုခွဲရောင်းချရေးသည် မီးခဲပြာဖုံး အနေအထားတွင်သာ ရှိသေးသည်။ အရှိန်မသေသေးပါ။ သို့ဖြစ်ပါ၍ ပအိုဝ်းအမျိုးသားဟု ခံယူထားသူတိုင်း ရှေးဘိုးဘွားများက အမွေအဖြစ် ထားရစ်ခဲ့သည်ကို နောင်လာ နောက်သားများအတွက် လက်ဆင့်ကမ်းပေးခဲ့ရန်မှာ လက်ရှိ မိဘပြည်သူအပေါင်းတို့၏ တာဝန်ဖြစ်သည်။ ကွယ်လွန်သွားခဲ့ပြီဖြစ်သော ဘိုးဘွားတို့အပေါ် သစ္စာမဖောက်သင့်ပါ။ တူညီသော ပြသာနာအတွက် တူညီသောအဖြေရရန် သမိုင်းဝင်အဆောက်အဦးနှင့် မြေနေရာတို့အား ကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် ပြန်လည်ကျေးဇူးဆပ်ကြပါစို့။

အများလုပ်ငန်းကို ဘန်းပြ၍ ကိုယ်ကျိုးရှာ နာမည်ကောင်းယူ၊ နှမ်းဖြူးသူအား အချိန်ပြည့် သတိဖြင့် စောင့်ကြည့်ကြရန်။ အမျိုးသားရေးကိစ္စ ၀င်ရောက်နှောင့်ယှက်သူ၊ ပအိုဝ်းမိဘ ပြည်သူလူထုအား မလေးစားသူ၊ သင်းခွဲသူ၏ လုပ်ရပ်ကြောင့် လက်ရှိ ပအမဖ အဖွဲ့ဝင်များ၊ လက်ရှိ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ PNO မှ ပုဂ္ဂိုလ်ကြီးများလည်း ခံစားခဲ့ရဖူးပြီ မဟုတ်ပါလော့။

ပအိုဝ်းလောက၏ ကံကြမ္မာကို ထိုသူမည်မျှ ကောင်းကျိုးပြု ပြီးခဲ့ပြီနည်း။ ၎င်းပုဂ္ဂိုလ် သွားလေရာ ပြဿနာ ပါသွားစမြဲ ဖြစ်ရပ်ဟူသည် သူ့ကွင်းဆက်နှင့် သူ၊ သူ့အကြေင်းနှင့်သူ ဖြစ်၏။ အကြောင်းရင်းကို မလိုက်နာနိုင်သောအခါ တိုက်ဆိုင်မှုဟု ဆိုကြ၏။ တိုက်ဆိုင်မှုကိုပင် ပိဋကတ်တော်တွင် သပ္ပါယ ဟူ၍ အကြောင်းတစ်ရပ်ရှိ၏။ သပ္ပါယ၏ အဓိပ္ပါယ်မှာ သင့်လျော်မှု ဟူ၍ဖြစ်၏။ ယခုကိစ္စမှာ လုံးဝသင့်လျော်မှု မရှိခြင်းကို နားလည်သင့်၏။ သမိုင်းဆိုသည်မှာ အလွန်ကြီးမားသော ကြိုတင်သတိပေးစနစ် တစ်ရပ်ပင်ဖြစ်သည်။ (History is a vast early-warning system) ကို မိဘပြည်သူများ သဘောပေါက်စေလို၍ ဤသမိုင်းဝင်အချက်အလက် အကြောင်းအရာများအား ပအိုဝ်းလူမျိုးမှန်သမျှ သိစေလိုသည့် ဆန္ဒနှင့်အတူ ဖော်ထုတ် တင်ပြခြင်းသာ ဖြစ်ပါကြောင်း။

အထွေထွေ

တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ ကုန်သည်လမ်းရှိ အကွက်အမှတ် (၂၀-ကန်အောက်ရပ်)၊ မြေကွက်အမှတ် (၂၃၁/၃၃၀)၊ ဦးပိုင်အမှတ် (၁၈၀)၊ ဧရိယာ (၀.၁၆၂) ဧကပေါ်ရှိ မြေနှင့် အဆောက်အဦး၏ မြေငှါးဂရန်အမှုတွဲ အမှတ် (၂၃-T/ ၁၉၅၃-၅၄) အား “ဥက္ကဌ၊ ပအိုဝ်းဂေဟာအသင်း” မှ ပအိုဝ်းအမျိုးသားများဂေဟာသို့ ပျောက်ဆုံးဂရန် အမည်ပြောင်းလဲ လျှောက်ထားချက်နှင့် ပါတ်သက်၍ ဆက်လက်တင်ပြရမည် ဆိုလျှင် ..... 

၃၁၊ ၅၊ ၁၉၅၈ ရက်နေ့ ရက်စွဲဖြင့် နှစ် (၉၀) ဂရမ်သက်တမ်း ချမှတ်ပေးခဲ့ပြီး ပထမအကြိမ် သက်တမ်းတိုးရမည့် ကာလမှာ (၃၀၊ ၁၊ ၁၉၈၈) ခုနှစ် ဖြစ်ပါသည်။ မူလအမည် ဦးကျောင်းဒကာကုံရ မှ “ဥက္ကဌ၊ ပအိုဝ်းဂေဟာအသင်း” သို့ ဂရန်အမည်ပြောင်းခွင့်ပြုသည့် ရက်စွဲမှာ ၁၉၈၅ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့ ဖြစ်သည်။ ထိုစဉ်အခါက ကွင်းနံပါတ် ၂၀ (ကန်အောက်ရပ်) ဦးပိုင်နံပါတ် ၁၀၈၊ မြေကွက်နံပါတ် (၂၃၁/၃၃၁) ဧရိယာ ဧကဒသမ = ၀.၁၆၂၊ ဧရိယာစတုရန်းပေ ၇၀၅၇၀ ပေ။

အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း ဂရမ်သက်တမ်း တိုးရမည့် ၃၀၊ ၁၊ ၁၉၈၈ ခုနှစ်ဖြစ်သည်။ ဂရမ် စည်းကမ်း သတ်မှတ်ချက် အပိုဒ် (၁၂) အရ သက်တမ်းမကုန်ဆုံးမီ သုံးလ ကြိုတင်လျှောက်ထားရမည် ဖြစ်သော်လည်း “ဥက္ကဌ၊ ပအိုဝ်းဂေဟာအသင်း“ ဆိုသူ ဂရမ်လက်ဝယ် ကိုင်ဆောင်ထားပြီး အဘယ်ကြောင့် တာဝန်ပျက်ကွက်ခဲ့ရသနည်း။

ဦးကျောင်းဒကာကုံရမှ “ဥက္ကဌ-ပအိုဝ်းဂေဟာ“ အမည်သို့ ၎င်းတို့လက်ထက် အမည်ပြောင်းပေးခဲ့သူက ဂရမ်သက်တမ်း မည်သည့်အချိန်ကာလတွင် ကုန်ဆုံးမည်ကို သိရှိပါလျှက် သက်တမ်းမတိုးခဲ့ခြင်းမှာ စဉ်းစားဖွယ်ဖြစ်ပါသည်။ ဥက္ကဌ အနေဖြင့် မအားလပ်ပါက ဂေဟာထိန်းသိမ်းရေးအဖွဲ့ဝင် တစ်ဦးဦးကို တာဝန်လွှဲပြောင်းပေးအပ်၍ သက်တမ်းတိုးခိုင်းထားခြင်း မရှိသဖြင့် ဂရမ်သက်တမ်း (၁၁) နှစ် (၄) လ၊ (၄) ရက် ကျော်လွန်ပြီးမှ သက်တမ်းတိုးဆောင်ရွက်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ ၂၁၊ ၅၊ ၁၉၇၃ ခုနှစ်က ဖွဲ့စည်းခဲ့သော ဂေဟာထိန်းသိမ်းရေးအဖွဲ့သည် ဂရမ်သက်တမ်းနှင့် အတူ ၃၀၊ ၁၊ ၁၉၈၈ ခုနှစ်ကပင် ပျက်ပြယ်ပြီးဖြစ်သည်။ တာဝန်ယူမှု မရှိ၍ ဂရမ်သက်တမ်း မတိုးပေးခဲ့ခြင်းဟု ယူဆနိုင်သည်။

ယခုအခါ မျိုးဆက်သစ်ပအိုဝ်းလူငယ်များ အနေဖြင့် “ဥက္ကဌ- ပအိုဝ်းဂေဟာအသင်း“ အစား၊ ဥက္ကဌ နှင့် အတွင်းရေးမှူမလို၊ ပအိုဝ်းလူထုပိုင် ရာသက်ပန်ပစ္စည်းဖြစ်၍ ပအိုဝ်းတစ်မျိုးသားလုံး နှင့် သက်ဆိုင် သည့်အတွက် “ပအိုဝ်းအမျိုးသားများဂေဟာ” ဟု ၄၊ ၆၊ ၁၉၉၉ ခုနှစ် နေ့စွဲဖြင့် ဂရမ်အမည်ပြောင်း၊ သက်တမ်းတိုး ဆောင်ရွက်ခဲ့ရာ၊ ၂၅၊ ၈၊ ၁၉၉၉ ရက်စွဲဖြင့် ကန့်ကွက်လွှာခေါ်ယူပြီး၊ ၈၊ ၉၊ ၁၉၉၉ နေ့ထိ ကန့်ကွက်သူ မရှိ၍ အမည်ပြောင်းပြီးစီးကြောင်းနှင့် နောက်နောင်တစ်ဖန် တစ်စုံတစ်ရာ မလိုလားအပ်သော ကိစ္စကြီးငယ်မဟူ မဖြစ်ပေါ်စေရေးအတွက် ကျွန်ုပ်တို့ ပအိုဝ်းလူမျိုး၏ ဂုဏ်သိက္ခာကို မြှင့်တင်သောအားဖြင့် မိမိကိုယ် မိမိတို့၏ ဟိရိသြတ္တပ တရားများမှ ရှောင်ရှားကြပါရန် အနူးအညွတ် တောင်းပန်အပ်ပါသည်။

No comments: