ဇူလိုင်လ ၁ ရက်နေ့ထုတ်တိုင်းမဂ္ဂဇင်းကို ကန့်ကွက်ရှုတ်ချသည့်အပေါ် ထောက်ခံဆန္ဒပြ

ခွန်ရာဇာ တောင်ကြီး | ဇူလိုင် ၁ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံမှဗုဒ္ဓ၏သားတော် သံဃာတော်တစ်ပါးဖြစ်သူဦးဝီရသူအား တိုင်းမဂ္ဂဇင်းဆောင်းပါး စာမျက်နှာပေါ် ဘင်လာဒင်ကဲ့သို့ခိုင်းနှိုင်း ရေးသားဖော်ပြခြင်းကို နိုင်ငံတော်သမ္မတရုံးက ကန့်ကွက်ခြင်းကို ထောက်ခံသောအနေဖြင့် မကွေးကျောင်းတိုက်ဆရာတော်ဦးပါမောက္ခ၊ မစိုးရိမ်စာသင်တိုက် ဦးအောင်မြိုင် နှင့်ရှေ့နေဦးအေးပိုင်တို့ ဦးဆောင်ပြီး ဇွန်လ ၃၀ ရက်၊ မြို့တော်ခန်းမရှေ့တွင် ထောက်ခံဆန္ဒပြသွားကြောင်း သိရသည်။

၂၀၁၃ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ်တိုင်းမဂ္ဂဇင်း Vol 182 ,No. 1 တွင် ဗုဒ္ဓသားတော်ဦးဝီရသူအား မျက်နှာဖုံးတင်၍ “THE FACE OF BUDDHIST TERROR” ဗုဒ္ဓဘာသာအကြမ်းဖက်ဝါဒဟု စွပ်စွဲရေးသားဖော်ပြခြင်းကို နိုင်ငံတော်သမ္မတရုံးက ကန့်ကွက်ရှုတ်ချခြင်းကို ထောက်ခံသော ဆန္ဒပြပွဲဖြစ်ကြောင်း သိရသည်။

“သံဃာတော်များသည် (၂၂၇) သွယ်သော သိက္ခာပုဒ်ကို လိုက်နာစောင့်ထိန်းကြရပြီး သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် နှစ်ပေါင်းထောင်နှင့်ချီ၍ ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ်ခဲ့ကြခြင်းဖြစ်ပြီး အရှင်ဦးဝီရသူသည် ငြိမ်းချမ်းစွာတရားဟောတောမူခြင်းဖြစ်ကြောင်း၊ တိုင်းမဂ္ဂဇင်း မဟုတ်မမှန် ရေးသားစွပ်စွဲခြင်းကို ဦးဝီရသူတစ်ဦးတည်း နှစ်နာခြင်းမဟုတ်ပါ ဗုဒ္ဓဘာသာဝင်ကိုးကွယ်သူအားလုံး နစ်နာပါတယ်” ဟု မကွေးဆရာတော်ဦးပါမောက္ခက မြွက်ကြားခဲ့သည်။

အမေရိကန်နိုင်ငံအခြေစိုက် တိုင်းမဂ္ဂဇင်းက ထေရဝါဒဆရာတော်တစ်ပါးကို အကြမ်းဖက်ဝါဒအဖြစ်စွပ်စွဲ ခြင်းတစ်ခုဖြစ်ပေါ်ပါတယ်၊ ဒါကို မှားယွင်းစွာ စွပ်စွဲခြင်းခံနေရသည်ကို ကန့်ကွက်သင့်ကြောင်း၊ တိုင်းမဂ္ဂဇင်းက ဥရောပ အရှေ့အလယ်ပိုင်း အာဖရိကမှာ အာရှနိုင်ငံများ တောင်ပစိဖိတ်သို့ ဖြန့်ချီခြင်းဖြစ်တယ်၊ ဒီမဟုတ်မမှန် သတင်းကို တခြားနိုင်ငံသိသွားနှိုင်ပါတယ်။ ဒါကို ဗုဒ္ဓဘာသာတွေနစ်နာပါတယ် ဆက်လက်ပြီး တိုင်းမဂ္ဂဇင်းလုပ်ရပ်ကို နိုင်ငံတော်၏ညွန်ကြားချက်အောက်က ပြည်ထဲရေးဝန်ကြီးဌာနနှင့် သာသနာဝန်ကြီးဌာနတို့က တရားစွဲအရေးယူသည့်အဆင့်သို့လိုကြောင်း၊ တရားစွဲနိုင်ရန် နိုင်ငံတော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၁ ၎င်း၊ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၂၉၅ ၊ ၄၉၀ ကို၎င်း တိုင်းမဂ္ဂဇင်းမှ အယ်ဒီတာအဖွဲ့နှင့် ဆောင်းပါးရှင်ကို တရားစွဲပြီး သတင်းအမှန်ကို ကမ္ဘာသို့ပြန်လည်ဖြန့်ချီသင့်ကြောင်း မစိုးရိမ်စာသင်တိုက်မှ ဦးအောင်မြိုင်းက ဟောပြောသွားသည်။

ဗုဒ္ဓဘာသာဝင်အမျိုးဘာသာ မိန်းခလေးတွေ နေ့စဉ်နှင့်အမျှ နိုပ်စက်မှုခံနေရသည်ကို ကြားနေရပါတယ်။ ဒါကြောင့် ဘာသာခြားသွပ်သွင်းမှုကို ကာကွယ်ဖို့ အမျိုးဘာသာ သာသနာ ကာကွယ်သော မျိုးစောင့်ဥပဒေကို ဦးဝီရသူက တောင်းဆိုခြင်းဖြစ်ပါတယ်၊ ကိုယ့်အမျိုးဘာသာ မိန်းခလေးကို ကာကွယ်ဖို့ နည်းမျိုးစုံဖြင့် ဆောင်ရွက်နေပါတယ်။ ဒါကို မလိုလားသောသူက အမျိုးမျိုးသွေးထိုးလှုံ့ဆော်မှုများကို သတိပြုသင့်ကြောင်း ရှေ့နေ ဦးအေးပိုင်က ဟောပြောသွားကြောင်း သိရသည်။

တိုင်းမဂ္ဂဇင်းကန့်ကွက်ရှုတ်ချခြင်းကို သံဃာတော်အပါးငါးဆယ် ဝန်းကျင်နှင့် ပြည်သူ လေးရာ ဝန်းကျင် လာရောက်ထောက်ခံ ဆန္ဒပြပွဲကို အမျိုးဘာသာ သာသနာကာကွယ်ရေး - ဒို့အရေး၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး - ဒို့အရေး ၊ ဗုဒ္ဓဘာသာအရှည်တည်တံ့ရေး - ဒို့အရေး၊ ဗုဒ္ဓတရားတော်နှင့်အညီ အေးချမ်းစွာနေ ထိုင်ရေး - ဒို့အရေး ၊ အမျိုးသားရေးကာကွယ်မှုကို ဆန့်ကျင်သည့် လူ့အခွင့်အရေး ချိုးဖောက်သူများကို တိုက်ဖျက်ရေး - ဒို့အရေး၊ TIME မဂ္ဂဇင်းဆောင်းပါးအား ဆန့်ကျင်ရေး - ဒို့အရေး၊ TIME မဂ္ဂဇင်း ဆောင်းပါးအားကန့်ကွက်ပေးသူ သမ္မတကြီး (ကျန်းမာပါစေ ချမ်းသာပါစေ) ၊ အမျိုးဘာသာ သာသနာ ကာကွယ်ရေးကြိုးပမ်းနေသူ ဦးဝီရသူ (ကျန်းမာပါစေ ချမ်းသာပါစေ) ဆိုသော ကြွေးကြော်သံဖြင့် ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

No comments: