ဆီဆိုင်တွင် အစိုးရစစ်သား ရမ်းကားပစ်ခတ်မှုကြောင့် အပစ်မဲ့ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရ

ခွန်ရာဇာ (တောင်ကြီး) | ဇူလိုင် ၁၃ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီထဲုင်ထိုးရွာတွင် ၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အပြစ်မဲ့ရွာသားများကို ထီထဲုင်ထိုး စစ်တပ်စခန်းအခြေစိုက် အစိုးရတပ်မတော်သားသုံးဦး၏ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၁ ရက်ည ၉ နာရီအချိန်တွင် ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု ထီထဲုင်ထိုးရွာ သဘာပတိ နှစ်ဦးနှင့် အတွင်းရေးမှူးတစ်ဦးကို အစိုးရတပ်မတော် ထီထဲုင်ထိုးစခန်းက ဖမ်းဆီးသွားရာ ညတွင်းချင်း ပြန်လွတ်ပေးပြီး၊ ဇူလိုင် ၁၂ ရက် နံနက်တွင် တပ်မတော်သားသုံးဦးက ရွာသူကြီးကို ရှာဖွေရန် အိမ်သို့ရောက်ရှိရာ အိမ်ထဲတွင် ရွာသူကြီးမရှိသည့်အခါ အိမ်ပေါ်ရှိ ပစ္စည်းများကို ဖျက်စီးခဲ့ကြောင်း သိရသည်။

မြတ်စည်သူ ဟုခေါ်သည့် တပ်မတော်သားတစ်ဦးက ရွာသူကြီးကတော် မွိုးယိန်ကိုလည်း ရိုက်နှက်ခဲ့သည့်အပြင်၊ ရွာသူကြီး၏ သားမက်ဖြစ်သူ မောင်ဖေကို လက်ထိပ်ခတ်ဖမ်းဆီးလိုက်ရာတွင် ဇော်လေး ဟု ခေါ်သည့် ရွာသားတစ်ဦးမှ မည်သည့်အတွက်ကြောင့် ရွာသူကြီးတို့ သားအဖကို ဖမ်းဆီးကြောင်းနှင့် ၎င်းသားအဖမှာ မည်ကဲ့သို့ ပြစ်မှုကျူးလွန်းကြောင်း မေးမြန်းရာတွင် “မင်းတို့နဲ့ ဘာဆိုင်လဲ၊ မိုက်ရင်ထွက်ခဲ့” ဆိုပြီး ပြောလည်းပြော သေနတ်လည်းပစ်ရာ မောင်ဒွိုင်၏ ဘယ်ဘက်ပေါင်နှင့် ဦးတောင်း၏ လက်ကောက်ဝတ်နှင့် နံရိုးကို ကျည်ထိမှန်၍ ဒဏ်ရာများရရှိခဲ့ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

၎င်းတပ်မတော်သား သုံးဦးကို ရွာသားများ ဝိုင်းပြီးဖမ်းဆီးရာတွင် နှစ်ယောက်က ထွက်ပြေးလွတ်မြောက်ပြီး တပ်သားတစ်ဦးသာ ဖမ်းဆီးရမိသည်ဟု သိရသည်။ သေနတ်ထိမှန်၍ ဒဏ်ရာရရှိသည့် မောင်ဒွိုင်သည် တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ပေးထားပြီး၊ ဦးတောင်းနှင့် ဖမ်းဆီးရမိသည့် တပ်သားတစ်ဦးက ဆီဆိုင်ဆေးရုံသို့ ဆေးဝါးကုသရန် ပို့ဆောင်ထားကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာ အခြေစိုက် ၄၂၆ တပ်စခန်းခွဲ ထီထဲုင်ထိုးစခန်းတွင် တာဝန်ယူသည့် အစိုးရစစ်သားများအတွက် အသုံးပြုရန် ရေ ဆီ နှင့် ဟင်းသီး ဟင်းရွက် နှင့် ထင်းမီးများလည်း ရွာသားများ ပေးဆောင်နေရကြောင်း သိရသည်။

ရွာသားများ ထိန်းသိမ်းထားသော သစ်တောကို အစိုးရတပ်မတော်က စီးပွားဖြင့် သစ်ထုတ်ဖို့ လုပ်ရာတွင် ရွာသားများ ကန့်ကွက်၍ မကျေမနပ်ရာဖြစ်ရာမှ ဤကဲ့သို့ ဖြစ်ရကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။

No comments: