ဂိုးမဲ့နဲ့အဆုံးသတ်ခဲ့တဲ့ ဘရာဇီးနဲ့ ပေါ်တူဂီနှစ်သင်းလုံးဆက်သွား၊ မြောက်ကိုးရီးယားကို ၃-၀ နဲ့ အနိုင်သွင်းခဲ့တဲ့ အိုင်ဗရီကိုစ် ကွန်မြူနစ်နိုင်ငံနဲ့အတူ အိမ်ပြန်

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ (၂၅) ရက်၊ ၂၀၁၀။ သောကျာနေ့

နာမည်ကြီးအသင်းနှစ်သင်းဖြစ်တဲ့ ဘရာဇီးနဲ့ ပေါ်တူဂီအသင်း အပြန်အလန် အကြီးအကျယ် တိုက်စစ်ဆင် ထိုးဖေါက်ခဲ့ကြသော်လည်း ပွဲပြီးတဲ့အထိ တဂိုးမှ မသွင်းနိုင်ခဲ့ပဲ ၁ မှတ်စီဖြင့်သာ ခွဲဝေယူကြပြီး နှစ်သင်းစလုံး ၁၆ သင်း ရှုံးထွက်ပွဲစဉ်အဆင့်သို့ အတူဆက်သွား ကြပါတယ်။


 ဘရာဇီးက ပြီးခဲ့တဲ့ ၂ ပွဲလုံးမှာ နိုင်ခဲ့တော့ ၆ မှတ် ရရှိထားပြီး ပေါ်တူဂီနဲ့ပွဲမှာ သရေကျခဲ့လို့ ၁ မှတ်စီဖြင့်သာ ခွဲယူကြရတဲ့အတွက် အားလုံးပေါင်း ၇ မှတ်နဲ့ အုပ်စု ထိပ်ဆုံးမှာထိုင်နေပါတယ်။ ပေါ်တူဂီကတော့ ဒုနေရာနဲ့ နောက်ပွဲစဉ်ကို ဆက်သွားပါတယ်။

အိုင်ဗရီကိုစ်အသင်းကတော့ မြောက်ကိုးရီးယားအသင်းကို ပြိုင်ပွဲတချိန်လုံး အသာအယာနဲ့ဖိကစားပြီး ၃ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ကစားခဲ့သော်လည်း ကွန်မြူနစ်နိုင်ငံနဲ့အတူ အုပ်စုပွဲစဉ်မှာသာ ပြိုင်ပွဲကို ကျောခိုင်းခဲ့ရပါတယ်။ “ကျနော်တို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဒီနေ့မှာ ပြီးဆုံးသွားပါပြီ” လို့ ချယ်လ်ဆီးတိုက်စစ်မှူးဖြစ်တဲ့ အိုင်ဗရီကိုစ်ရဲ့အသင်းခေါင်းဆောင် ဒရော့ဘာက ၀မ်းနည်းစွာ ပြောသွားပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်တဲ့ အဖရိကတိုက်မှ အသင်း ၆ သင်းမှာ ကာနာ အသင်း တစ်သင်းသာ အုပ်စုပွဲစဉ်ကို ကျော်လွားနိုင်ပြီး ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်ကို ဆက်သွားနိုင်တာပါ။ အာရှတိုက်က ပါဝင်ယှဉ်ပြိုင်တဲ့ အသင်း ၃ သင်းကတော့ ၂ သင်းမှာ ရှေ့ဆက်သွားနိုင်ပါတယ်။

ကျကျန်ခဲ့တဲ့ အာရှတိုက်မှ အသင်းတစ်သင်းဖြစ်တဲ့ မြောက်ဂိုးရီးယား အသင်းခမျာ အုပ်စုပွဲစဉ် ၃ ပွဲမှာသာ ဂိုးပေါင်း ၁၂ ဂိုးအသွင်းခံရပြီး အဖရိကတိုက်က ကင်မရွန်းအသင်းလိုပဲ ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်ခုလုံးမှာ ရမှတ်သုံညနဲ့သာ အိမ်ပြန်ခဲ့ရပါတယ်။ “အနာဂတ်မှာ တိုးတက်လာဖို့ ကျနော်တို့အတွက် အုပ်မြစ်ချလိုက်တာပါပဲ၊ ဒီကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ကျနော်တို့အတွက် ကောင်းတဲ့အတွေ့အကြုံတွေ ရလိုက်ပါတယ်” လို့ ကွန်မြူနစ်မြောက်ကိုးရီးယား အသင်းနည်းပြ ခင်ဂျုံဟွန်က ပြောပါတယ်။

ဇွန်လ ၂၅ ရက်နေ့ ဒုတိယပွဲမှာ ယှဉ်ပြိုင်ကစားကြတဲ့ စပိန်နဲ့ ချီလီကတော့ ပြိုင်ပွဲစလို့သိပ်မကြာမှာပဲ  ချီလီအသင်းမှ ကစားသမားတစ်ယောက် အနီကပ်ထိလို့ စောစီးစွာနဲ့  ၁၀ ယောက်နဲ့ပဲ ခံစစ်ကစားနေရအပါတယ်။ ဆက်တိုက်ထိုးစစ်ဆင်ရင်းနဲ့ ပထမပိုင်း ၂၄  မိနစ်မှာ ဒေးဗစ်ဗီလာက တဂိုးသွင်းပြီးတော့ ၃၇ မိနစ်လောက်မှာတခါ အင်နီစတာက စပိန်အတွက် ဒုတိယမြောက်ဂိုး ထပ်သွင်းလိုက်ပါတယ်။ ပြိုင်ပွဲ ဒုတိယပိုင်းပြန်အစမှာပဲ ချီလီအသင်းက ခြေပဂိုးတဂိုး ပြန်သွင်းလိုက်ပါတယ်။

ချီလီအသင်း တဂိုးပြန်သွင်းပြီးတဲ့နောက်ပိုင်းမှာတော့ ဒုတိယပိုင်း တပိုင်း လုံးလိုလိုမှာ ဘော်လုံးက စပိန်အသင်းခြေထဲကပဲရှိပြီး ကွင်းလယ်မှာသာ တဝှေ့လည်လည်ဖြစ်နေပြီး၊ တချက်တချက် ကျွန်ထွက်လာတဲ့ ဘောကိုသာ အခွင့်ကောင်း ယူပြီးတော့ ချီလီအသင်းမှ သန်ပြန်ထိုး ဖေါက်မှုတွေ လုပ်ခဲ့ပါတယ်။ ပြိုင်ပွဲပြီးတဲ့အထိ စပိန်အသင်းက ၂-၁ နဲ့ နိုင်ခဲ့ပြီးတော့ အုပ်စုဗိုလ်အဖြစ် ၁၆ သင်းရှုံးထွက်ပွဲစဉ်မှာ အုပ်စု (G) က ဒုနေရာနဲ့တက်လာတဲ့ ပေါ်တူဂီနဲ့ ဇွန်လ ၂၉ ရက်နေ့မှာ တွေ့ကြမှာဖြစ်ပြီး။ ချီလီအသင်းကတော့ အုပ်စု (G) ထိပ်က တက်လာတဲ့ ကမ္ဘာ့ထိပ်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးအသင်းနဲ့ ဇွန်လ ၂၈ ရက်နေ့မှာ တွေ့ကြမှာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်နဲ့ ဟွန်ဒူရပ်တို့ ပွဲမှာတော့ ပြိုင်ပွဲပြီးတဲ့အထိ မသွင်းနိုင်ကြပဲ တမှတ်စီသာ ယူပြီးတော့ အတူတူအိမ်ပြန်ရပါတော့တယ်။

No comments: