စပိန်အသင်း ပေါ်တူဂီကို ဖြုတ်ချပြီး ကွာတားသို့ တက်ပြီ

တောင်ကြီးတိုင်းမ်
ဇွန်လ (၂၉) ရက်၊ ၂၀၁၀။ အင်္ဂါနေ့

ယနေ့ ၁၆ သင်းရှုံးထွက်ပွဲစဉ်ရဲ့ နောက်ဆုံးပြိုင်ပွဲကို စပိန်အသင်းက ပေါ်တူဂီအသင်းကို ၁ ဂိုး ဂိုးမရှိ ခြေအသာနဲ့ ခြေစွမ်းပြ အနိုင်ယူပြီး၊ ကွာတားဖိုင်နယ်သို့ ဆက်ကစားရန် အခြားအသင်း (ရ) သင်းနဲ့တူ တက်သွားပြီးဖြစ်ပါတယ်။

စပိန်ရဲ့အဓိကတိုက်စစ်ကစားကွက်နဲ့ ပြိုင်ပွဲတချိန်လုံးလိုလိုမှာ ဖိအားပေး ကစားခဲ့ပြီးတော့ ပေါ်တူဂီအသင်းရဲ့ ခံစစ်စနစ်ကြာရှည်မခံနိုင်ခဲ့ပေ။


 
ပြိုင်ပွဲပထမပိုင်း စစချင်း ၅ မိနစ်လောက်မှာပဲ စပိန်အသင်းမှ ရှေ့တန်းတိုက်စစ်မှူး ဖါနန်ဒိုတောရဲက်စ် တခါနှင့် ဒေးဗစ်ဗီလာနှစ်ခါတို့ ဂိုးသွင်းခွင့်ရခဲ့ပါတယ်။ ပေါ်တူဂီဂိုးသမား အသဲအသန် ကာကွယ်ပုတ်ထုတ် ခဲ့ရပါတယ်။

စပိန်ကတော့ ရှေ့တန်းတိုက်စစ်ကို ဒေးဗစ်ဗီလာ၊ တောရဲက်နဲ့ အဲန်ဒရီအဲန်နီစတာ တို့သုံးယောက်ကို အဓိကထားပြီးတော့ အရှေ့အနောက်ပြေးနှစ်ဘက်တောင်ပံအစွန်ကိုတော့ ရာမိုစ်နဲ့ ခဲပ်ဒီဗီလာ တို့အပါအ၀င် အလယ်ကိုတန်းကို အလွန်စို၊ ဆာဂျီယို ဘတ်စ်ကွက်၊ ဆက်ဗီ၊ တို့ရဲ့ အပေးယူကောင်းကောင်းနဲ့ တိုက်စစ်အဓိထားပြီး ဖိကစားခဲ့ပါတယ်။

ပေါ်တူဂီကတော့ ကမ္ဘာ့ဈေးအကြီးဆုံးကစားသမား ဖြစ်တဲ့ ရီရယ်မက်ဒရစ်တိုက်စစ်မှူး ရောနယ်ဒိုရဲ့ လျင်မြန်မှုကို အားဂိုးပြီး သန်ပြန်ထိုးစစ်နဲ့၊ စပိန်အသင်း ပဲန်နယ်တီဧရိယာ အတွင်းကို အဝေးကန်တင်တဲ့ ဘောနဲ့ ပြန်လည်ထိုးနက်လာပြီးတော့ စပိန်နောက်တန်းကို အကြီးအကျယ်ခြိမ်းခြောက်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလဲ စပိန်အသင်းမှ အနီးတို့ပေးစနစ်နဲ့ ပေါ်တူဂီအသင်းပဲန်နယ်တီဧရိယာရှေ့မှာပဲ တ၀ဲလည်လည် ဂိုးမသွင်းနိုင်ပဲဖြစ်နေပါတယ်။ မိနစ် ၆၀ လောက်တော့ ကျောနံပါတ် ၁၉ ခေါင်းတိုက်ဘောကို ပေါ်တူဂီဂိုးကာကွယ် ပုတ်ထုတ်လိုက်ရပါတယ်။

၆၂ မိနစ်မှာ ကျောနံပါတ် ၆ အဲန်နီစတာ ချပေးလိုက်တဲ့ဘောကို ဒေးဗစ်ဗီလာမှ ပဲန်နယ်တီဧရိယာအသွင်း စွဲလာပြီးသွင်းလိုက်တော့ ဂိုးသမားကာကွယ်ပုတ်ထုတ်လိုက်တယ်။ သို့သော် အန်ထွက်လာတဲ့ ဘောကို ဒေးဗစ်ဗီလာကပဲ အမိအရပြန်သွင်းလို့ စပိန်မှ တဂိုးဦးဆောင်လိုက်ပါတယ်။

၁ ဂိုးသွင်းပြီးတော့ စပိန်မှ နောက်ထပ် ဂိုးသွင်းခွင့် ထပ်ရလာပါတယ်။ ၇၁ မိနစ်လောက်မှ ဆက်ဗီစွဲလာပြီး ချပေးလိုက်တဲ့ဘောကို ရာမိုစ်မှ ဘယ်ဘက်ကနေကန်သွင်းလိုက်တော့ စပိန်အတွက် ဒုတိယဂိုး ရခါနီးလေးမှာပဲ ပေါ်တူဂီဂိုးသမားပုတ်ထုတ်လိုက် ဂိုးမရလိုက်ပါ။

ဒုတိယပိုင်းမှာ ဒေးဗစ်ဗီလာ ခြေစွမ်းအကြိမ်ကြိမ်ပြခဲ့ပါတယ်၊ ၇၆ မိနစ်မှာ ဘယ်ဘက် ပဲန်နယ်တီဧရိယာ အပြင်ဘက်ကနေ အရှိန်ပြည့်ကန်သွင်းလိုက်တာ ဂိုးသမားမဖမ်းနိုင်ပဲ ပုတ်ထုတ်လိုက်ရပါတယ်။ ဆက်ဗီ၊ အဲန်နီစတာ၊ အလွန်စိုနဲ့ တောင်ပံအစွန်က ရာမိုစ်တို့ အပေးအယူမှန်မှန်၊ ဟန်ချက်ညီညီနဲ့ ကစားနေတဲ့ စပိန်အလယ်တန်းကို ပေါ်တူဂီက ကျော်လွားနိုင်ဖို့သိပ်မလွယ်ခဲ့ပေ။

ဒုတိယပိုင်းကုန်ခါနီး ၈၉ မိနစ်လောက်မှာ ပေါ်တူဂီတသင်းမှ ကျောနံပါတ် ၂၁ Costa အနီကပ်ထိပြီး ပြိုင်ပွဲကနေ ထုတ်ခံရပြီးတော့ ပေါ်တူဂီ ၁၀ ယောက်နဲ့ပဲ ဆက်ကစားခဲ့ပါတယ်။ ပေါ်တူဂီကတော့ ခြေပဂိုးအတွက် ရှေ့တန်းကို အဝေးဘောကနေ တင်ပို့ပေးခဲ့ပေမယ့် မချိန်မမီတော့ပေ။ ၉၃ မိနစ်မှာ ကွင်းလယ်တိုင်က လေဖရီမှုပြီးတော့ ပြိုင်ပွဲကို အဆုံးသတ်လိုက်ပါတော့တယ်။ 

စပိန်အသင်းမှ ပေါ်တူဂီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီးတော့ ကွာတားဖိုင်နယ်မှာ ဂျပန်အသင်းကို ပဲန်နယ်တီအဆုံးအဖြတ်နဲ့ နိုင်ခဲ့တဲ့ ပါရာကွေးအသင်းနဲ့ ဇူလိုင်လ ၃ ရက်နေ့မှာ ယနေ့ကစားတဲ့အချိန်ပဲ ဆက်ပြီး ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ် ပါရာကွေးနဲ့ ယှဉ်ပြိုင်မည့်ပွဲမှာ ယနေ့ပေါ်တူဂီနဲ့ ကစားခဲ့သလိုဆိုရင် စပိန်အသင်းကတော့ စီမီးဖိုင်နယ်မှာ ရောက်ဖို့အတွက် သေချာသလောက်ရှိနေပါတယ်။ ရှေ့တန်း ၃ ယောက်၊ ကွင်းလယ်အထိုင်သုံးယောက်၊ ဘယ်ညာအစွန်တောင်ပံ ၂ ယောက်ကို ရှေ့နောက်ပြေးကစားရင်း အလယ်တန်းကိုအဓိကထားပြီးတော့ တိုက်စစ်ဦးစားပေး ထိန်းကစားတဲ့ စနစ်နဲ့ကစားသွားတာပဲဖြစ်ပါတယ်။

၁၆ သင်းရှုံးထွက်ပွဲစဉ်ကို ကျော်လွားနိုင်ခဲ့တဲ့ အသင်း ၈ သင်းကတော့ ကွာတားဖိုင်နယ်ပွဲစဉ်ကို ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ဆက်လက်ပြီးတော့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၈ သင်းကတော့ အုပ်စုပွဲစဉ်မှာ ကျကျန်ခဲ့တဲ့ အသင်းတွေလိုပဲ ၀မ်းနည်းတမ်းတစွာနဲ့ ဖျာလိပ်ပြီး အိမ်ပြန်တဲ့ပွဲပဲ ဆက်နွဲ ရပါတော့တယ်။

ဇူလိုင်လ (၂) ရက်
(ပထမပွဲ)  နယ်သာလန်  =  ဘရာဇီး
(ဒုတိယပွဲ) ဥရုကွေး  =  ကာနာ

ဇူလိုင်လ ၃ ရက်
(ပထမပွဲ)  အာဂျင်တီးနား  =  ဂျာမနီ
(ဒုတိယပွဲ) ပါရာကွေး  =   စပိန်

No comments: