နာမည်ကြီးအင်္ဂလန်က ဂျာမနီကိုအပြတ်သတ်ရှုံးနှိမ့်

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ (၂၇)၊ ၂၀၁၀။ တနင်္ဂနွေနေ့

ဇွန်လ ၁၁ ရက်နေ့အထိ အကြီးဆုံးကမ္ဘာ့အားကစားပြိုင်ပွဲ မစတင်ခင်တုန်းက ၂၀၁၀ ကမ္ဘာ့ဖလားကို ချန်ပီယံဆုပဲ ဆွတ်ခူးနိုင်တော့မလိုလိုနဲ့ နာမည်ကြီးနေတဲ့ ဘော်လုံးအကျော်အမော် အင်္ဂလန်အသင်း ကတော့ နာမည်ကြီး ထမင်းငတ်ဆိုသလို ဂျာမနီအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ မရှုမလှ အပြတ်အသတ်ရှုံးနှိမ့်ခဲ့ ပါတယ်။


ဂျာမနီအသင်းကတော့ အသင်းခေါင်းဆောင်ဖြစ်သူ ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား မိုက်ကယ်ဘောလက် ပါဝင်မကစားနိုင် သော်လည်း ငယ်ရွယ်တဲ့ သွက်လက်တဲ့ ကစား သမားတွေနဲ့ ပထမပိုင်း မိနစ် ၂၀ လောက်မှာပဲ ဂျာမနီဂိုးသမား Manuel Neuer ရဲ့ အဝေးကန်တင်တဲ့ဘောကို တိုက်စစ်မှူး ကလူးစ်မှ အင်္ဂလန်ဂိုးသမား မဖမ်းရခင် ဘောကို ခြေထိပ်နဲ့ တေ့ပြီးသွင်းလိုက်တော့ ဂျာမနီအသင်းအတွက် ဦးဆောင်းဂိုး စတင်သွင်းပေး လိုက်ပါတယ်။

နောက်တခါ ၃၂ မိနစ်လောက်မှာပဲ ကျောနံပတ် ၁၀ ပိုဒေါစကီးမှ အင်္ဂလန်ဂိုးသမား ဒေးဗစ်ဂျိမ်း ပေါင်ကြားကနေတဆင့် ဂျာမနီအတွက် ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်သွင်းလိုက်ပါတယ်၊

ဂျာမနီအသင်းဒုတိယမြောက်ဂိုးသွင်းပြီး သိပ်မကြာ၊ ၃၇ မိနစ်လောက်မှာပဲ စတီဗင်ဂျရပ်မှ ကန်တင်လိုက်တဲ့ ပြစ်ဒဏ်ဘောကတဆင့် မက်တျူး အပ်ဆွန်မှ ဂျာမနီဂိုးသမားကို ကျော်ပြီး ခေါင်းတိုက်သွင်းလိုက်တော့ အင်္ဂလန်မှ ခြေပဂိုးတစ်ဂိုး ပြန်သွင်းလိုက်ပါတယ်။

ဆက်တိုက်ဆိုသလို နောက်ထပ် ၃၈ မိနစ်မှာပဲ အင်္ဂလန်ကွင်းလယ်ကစားသမားလမ်းပက် ကန်သွင်းလိုက်တဲ့ ဘောကို အပေါ်ဘားတန်းကိုထိပြီးတော့ အောက်ကို ပြန်ကျတဲ့အခါ စည်းအတွင်းဘက် ၂ ပေလောက် ဂိုးထဲကိုဝင်သော်လည်း ဂွင်းလယ်တိုင်က ဂိုးမပေးခဲ့အတွက် ၂-၁ နဲ့ ဆက်သွားရပါတယ်။

ဒုတိယပိုင်း ၆၆ မိနစ်မှာ အင်္ဂလန်အသင်း ကန်လိုက်တဲ့ပြစ်ဒဏ်ဘောမှ ပြန်အန်ထွက်လာတဲ့ဘောကို ဂျာမနီအသင်းမှ အလျင်အမြန် စွဲယူပြီးတော့ ဟာနေတဲ့အင်္ဂလန်ရဲ့ နောက်တန်းကို အခွင့်ကောင်းယူပြီးတော့ ဂျာမနီအသင်းကျောနံပါတ် ၁၃ မှ တတိယဂိုး ထပ်သွင်းလိုက်ပါတယ်။

ထို့နည်းတူပဲ ရှေ့တန်းသို့ အကုန်ရောက်နေတဲ့ အင်္ဂလန်နောက်တန်းများကို အခွင့်ကောင်းထပ်ယူပြီးတော့ ၇၀ မိနစ်လောက်မှာ တခါ ဂျာမနီအသင်းမှ ကျောနံပတ် ၈ အိုဇီးမှ စွဲယူလာပြီး ညာဘက်မှ ပြေးတက်လာတဲ့ ကျောနံပါတ် ၁၃ ကို တေ့ပေးလိုက်ပြီး ၎င်းမှ အမိအရသွင်းလိုက်တော့ ဂျာမနီမှ စတုတ္ထမြောက်ဂိုး ထပ်ပြန်ပါတယ်။

သန်ပြန်တိုက်စစ်တွေ ထိုးဆင်လာတဲ့ ဂျာမနီရဲ့ရှေ့တန်းများကို အင်္ဂလန်အသင်း နောက်တန်းက မခုခံနိုင်ခဲ့ပါဘူး။ နောက်ဆုံး မိနစ် ၉၀ နဲ့ အချိန်ပို ၂ မိနစ်ပြီးတဲ့အထိ အင်္ဂလန်အသင်းက တဂိုးမှ ထပ်ပြန်မသွင်းနိုင်တော့ပဲ ဂျာမနီအသင်း ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူလိုက်ပါတော့တယ်။

အင်္ဂလန်အသင်းကတော့ အမေရိကန်အသင်းနဲ့အတူ ပြိုင်ပွဲကို ၁၆ သင်းရှုံးထွက်ပွဲစဉ်နဲ့သာ ကျေနပ်ရပါတော့တယ်။

စနေနေ့မှာ ကစားတဲ့အသင်းတွေကတော့ ဥရုကွေးက တောင်ဂိုးရီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူးပြီးတော့ ကာနာအသင်းကလည်း အမေရိကန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူလိုက်ပါတယ်။

ဥရုကွေးနဲ့ ကာနာအသင်းက လာမည့် ဇူလိုင်လ ၂ ရက်နေ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ယှဉ်ပြိုင်ကစားရ မှာဖြစ်ပြီးတော့၊ ဂျာမနီအသင်းကတော့ လာမည့်ကွာတားဖိုင်နယ်ပွဲမှာ ဇွန်လ ၂၇ ရက်နေ့မှာ ယှဉ်ပြိုင် ကစားပြီး တက်လာမည့် အာဂျင်တီးနား သို့မဟုတ် မက္ကဇီကိုအသင်းနဲ့ တွေ့ကြရမှာဖြစ်ပါတယ်။

No comments: