ကမ္ဘာ့ဖလားနောက်ဆုံးပြိုင်ပွဲရလဒ်များ။ ပြင်သစ် မရှုမလှအိမ်ပြန်ခဲ့ရ။ ၁၆ သင်း ရှုံးထွက်ပွဲစဉ်မှာ အင်္ဂလန်အသင်း အလားအလာမကောင်း

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ ၂၃ ရက်၊ ၂၀၁၀။ ဗုဒ္ဓဟူးနေ့

ဇွန်လ ၂၃ ရက်နေ့ အုပ်စု (C) ရဲ့ ယှဉ်ပြိုင်တဲ့ပွဲတွေကတော့ ဗြိတိန် နိုင်ငံသားများနဲ့ အမေရိကန်နိုင်ငံသားများအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်တဲ့ပွဲလို့ ပြောရင် မှားမယ်မထင်ပါဘူး။ နှစ်သင်း စလုံးမှာ ပြီးခဲ့တဲ့ ၂ ပွဲစလုံးက နိုင်ပွဲမဲ့ သရေပွဲနဲ့ ရမှတ် ၂ မှတ်သာ ရခဲ့ကြတဲ့အတွက် ဒီနေ့ပွဲမှာ ရှုံးရင် ထွက်ရမှာဖြစ်တဲ့ အတွက်ကြောင့်ပါ။


အမေရိကန်အသင်းနဲ့ အယ်ဂျီးရီးယားအသင်းယှဉ်ပြိုင်ကြတဲ့ပွဲမှာ ပြိုင်ပွဲပြီးခါနီးအချိန်ထိ နှစ်ဘက်စလုံး ဂိုးမသွင်းနိုင်ကြပဲ ပြိုင်ပွဲပြီးဖို့ ၂ မိနစ်အလိုခန့်မှာ ကျောနံပါတ် (၁၀) လန်ဒန် ဒိုနိုဗန်ရဲ့ အချိန်ပိုဂိုးဖြင့် အနိုင်ဂိုးသွင်းလိုက်ပြီး ရမှတ် ၅ မှတ်နဲ့ အင်္ဂလန်အသင်းထက် ရဂိုးအရေအတွက်အသာနဲ့ အုပ်စုဗိုလ်နေရာဖြင့် ပြိုင်ပွဲဒုတိယအဆင့်ဖြစ်တဲ့ ၁၆ သင်း ရှုံးထွက်ပွဲစဉ်မှာ ဆက်ပြီးယှဉ်ပြိုင်ကစားသွားမှာဖြစ်တယ်။

အင်္ဂလန်နဲ့ စလိုဗေးနီးယား ပွဲကတော့ ပြိုင်ပွဲတချိန်လုံး အင်္ဂလန်အသင်းက ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး ပြိုင်ပွဲပထမပိုင်း ၂၂ မိနစ်ခန့်မှာ စပါရဲ့ရှေ့တန်း တိုက်စစ်မှူးဖြစ်တဲ့ ဒီဖိုးရဲ့ ဦးဆောင်ဂိုးဖြင့် အင်္ဂလန်အသင်းမှ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

အထင်ကရတိုက်စစ်မှူးနဲ့ နာမည်ကျော်အားကစားသမားများစွာနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ နာမည်ကြီး အင်္ဂလန်အသင်းကတော့ အုပ်စုပွဲစဉ်ကို ၂ ပွဲသရေ၊ ၁ ပွဲသာနိုင်ပြီး ရမှတ် ၅ မှတ်နဲ့ ဒုတိယနေရာဖြင့် အုပ်စုပွဲစဉ်ကို အောင်မြင်ခဲ့ရတယ်။ ပရီမီယာလစ်မှာ ဒုတိယ ဂိုးအများဆုံးသွင်းနိုင်ခဲ့တဲ့ မန်ယူရဲ့ တိုက်စစ်မှူး ၀ိန်းရွန်းနီဆိုရင် အုပ်စုပွဲစဉ်မှာ တဂိုးမ မသွင်းနိုင်ခဲ့။ ပြောရရင် ဘော်လုံးဝါသနာရှင်များ ၂၀၁၀ ကမ္ဘာ့ဖလားအပေါ် စောင့်ကြည့်သုံးသပ်သည့်သူများ ထင်ကြေးပေး မျော်လင့်ထားခဲ့သလို ခြေစွမ်းနဲ့ တိုက်ကွက်တွေ မဖေါ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အင်္ဂလန်အသင်းဟာ အားကစားသမားတွေသာကောင်းပြီး အသင်းက အားရစရာ မရှိခဲ့သည်မက ရလဒ်ကောင်းများလည်း ဖန်တီးနိုင်စွမ်းမရှိခဲ့ပေ။

အုပ်စု (C) မှ ဒုတိယနေရာနဲ့ တက်လာတဲ့ အင်္ဂလန်အသင်းကတော့ ပြိုင်ပွဲရဲ့ဒုတိယအဆင့် ၁၆ အသင်း ရှုံးထွက်ပွဲစဉ်မှာ ကာနာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး အုပ်စု (D) ရဲ့ အုပ်စုဗိုလ်နဲ့ တက်လာတဲ့ ဂျာမနီ အသင်း နဲ့ ဆက်ပြီးယှဉ်ပြိုင်ကစားရမှာ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ အုပ်စုပွဲစဉ်က ကစားခဲ့သလိုဆိုရင် အင်္ဂလန် အတွက်တော့ ၁၆ အသင်း Knock-out ပွဲစဉ်မှာသာ နိဂုံးချုပ်သွားနိုင်ဖို့ အလားလာရှိမယ်လို့ ယူဆရလို့ ရပါတယ်။

အုပ်စုဗိုလ် အမေရိကန်အသင်းကတော့ အုပ်စု (C ) မှ ဒုတိယနေရာနဲ့တက်လာတဲ့ အာဖရိကတိုက်က ကာနာအသင်းနဲ့ ရှုံးထွက်ပွဲစဉ်မှာ ဇွန်လ ၂၆ ရက်နေ့မှာ တွေ့ကြမယ်ဖြစ်တဲ့တွက် ဒီနှစ်သင်းကတော့ ခြေစွမ်းတွေ မသိမ်းမရိမ်းဖြစ်ကြတဲ့အတွက် အကြိတ်အနယ်နဲ့ ကစားသွားရမယ့်ပွဲပဲဖြစ်ပါတယ်။

သြစရေးလျားအသင်းကတော့နဲ့ ဆားဗီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ကာနာနဲ့ ၄ မှတ်ချင်းတူသော်လည်း ဂျာမနီနဲ့ ယှဉ်ပြိုင်ကစားတုန်းက ၄ ဂိုး၊ ဂိုးမရှိ ရှုံးခဲ့မှုနဲ့၊ ကာနာနဲ့ပွဲတုန်းက ၁ ဂိုးစီသရေကျခဲ့မှုတို့ကြောင်း ပေးဂိုးကွာဟမှုနဲ့ အုပ်စုပွဲစဉ်မှာသာ ဆားဗီးယားနဲ့တူ ကျေနပ်ခဲ့ရပါတယ်။

ဇွန်လ ၂၂ ရက်နေ့ အုပ်စု (A) နောက်ဆုံးပွဲစဉ်မှာ ဥရုကွေးအသင်းက မက္ကစီကိုအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူပြီး အုပ်စုပွဲစဉ်ကို ရမှတ် (၇) မှတ်နဲ့ အုပ်စုဗိုလ်အဖြစ်နဲ့ အောင်မြင်သွားပါတယ်။ မက္ကစီကိုအသင်း ကတော့ ဥရုကွေးအသင်းကို ရှုံးခဲ့ပြီး တောင်အဖရိကအသင်းနဲ့ ရမှတ် ၄ မှတ်ခြင်းတူနေပေမယ့် ဂိုးကွာခြားချက်နဲ့ အုပ်စုပွဲစဉ်ကို ဒုတိယနေရာဖြင့် အောင်မြင်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ဒုတိယအဆင့်ဖြစ်တဲ့ ၁၆ အသင်း ရှုံးထွက်ပွဲစဉ်အဆင့်မှာ အုပ်စုဗိုလ်ဖြစ်တဲ့ ဥရုကွေးအသင်းကတော့ အုပ်စု (B) မှာ ရမှတ် ၄ မှတ်ဖြင့် ဒုတိယနေရာနဲ့တက်လာတဲ့ အာရှကျားလို့ ခေါ်လို့ရတဲ့ တောင်ကိုးရီးယားအသင်းနဲ့ ဇွန်လ ၂၆ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။  အုပ်စု (A) မှ ဒုတိယနေရာနဲ့တက်လာတဲ့ မက္ကစီကိုအသင်းကတော့ အုပ်စု (B) မှာ ရှုံးပွဲမရှိ သရေပွဲမဲ့၊ ရမှတ် ၉ မှတ် စံချိန်အပြည့်နဲ့ အုပ်စုဗိုလ်ဖြစ်တဲ့ အာဂျင်တီးနား အသင်းနဲ့ ဇွန်လ ၂၇ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ် ဖြစ်တယ်။

အိမ်ရှင်ဖြစ်တဲ့ တောင်အဖရိကအသင်းကတော့ ပြင်သစ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသော်လည်း မက္ကစီကိုအသင်းထက် ပေးဂိုးများနေတဲ့အတွက်ကြောင့် ချန်ပီယံဟောင်း ဖြစ်ခဲ့တဲ့ ပြင်သစ်အတင်းနဲ့အတူ အုပ်စုပွဲစဉ်မှာ တတိယနေရာဖြင့် ကျန်ရစ်ခဲ့ပါတော့တယ်။

၂၀၀၆ ခုနှစ်မှာ ဒုတိယနေရာနှင့် ၁၉၉၈ ခုနှစ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းမှာ အုစ်စုပွဲစဉ်အတွင်း ပြိုင်ပွဲ ၃ ပွဲစလုံးမှာ နိုင်ပွဲမရှိ၊ ၁ ပွဲ သရေနှင့် ရှုံးပွဲ ၂ ပွဲ ဖြင့် ရမှတ် ၁ မှတ်နဲ့သာ ပြိုင်ပွဲကို မရှုမလှနဲ့ ကျောခိုင်းရပါတော့တယ်။

အမှန်အားဖြင့် ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာကတည်းက နာမည်ဆိုးနှင့် အောင်မြင်လာခဲ့ တာပါ။ အိုင်ယာလန်အသင်းကို ထယ်ရီဟင်နရီရဲ့ Hand ball နဲ့သွင်းယူခဲ့ပြီး အငြင်းပွားစရာ အများကြီးဖြစ်ခဲ့တဲ့ ဂိုးနဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

ထို့အတူပဲ ဇွန်လ ၁၇ ရက်နေ့ မက္ကစီကိုနဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးပြီးတော့ ချယ်လ်ဆီးရဲ့တိုက်စစ်မှူး အာနယ်လ်ကာက အသင်းနည်းပြနဲ့ စကားများခဲ့တဲ့အမှုနဲ့ အသင်းမှ နင်ထုတ်ခံရတဲ့ကိစ္စကြောင့် ပြင်သစ်ဘော်လုံး လောကအတွင်း ပြဿနာများစွာ တက်ခဲ့ပါသေး တယ်။

တစ်ကမ္ဘာလုံးက သန်းပေါင်းများစွာသော ကမ္ဘာ့ဖလား ဘော်လုံးပရိတ်သတ်များ၊ ဘော်လုံးဝါသနာရှင်များ စိတ်လှုပ်ရှားစွာ ကြည့်ရှုအားပေးနေကြတဲ့ ပြိုင်ပွဲအတွင်းမှာ ပြင်သစ်အသင်းက ယခုလို ပြဿနာ အမျိုးမျိုးတက်ပြီး မရှုမလှနဲ့ နိဂုံးချုပ်ခဲ့ရတာကို မြင်တွေ့နေရတဲ့ အိုင်ယာလန်ဘော်လုံးအသင်းနဲ့ အိုင်ယာလန်ပြည်သူတွေအဖို့တော့ အားရကျေနပ် နေကြပါလိမ့်မယ်။

No comments: