တောင်ကြီးမြို့ မီးပုံမှန်မလာ၍ တရုတ်ပြည်ထုတ် မီးစက်သာအားကိုးနေရ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ ၉ ရက်၊ ၂၀၁၀။ ဗုဒ္ဓဟူးနေ့

တောင်ကြီးမြို့သည် ယနေ့အချိန်ထိ မီးပုံမှန်မလာခြင်းကြောင့် မြို့နေပြည်သူလူများ တရုတ်ပြည်မှ ထုတ်လုပ်တင်ပို့သည့် မီးစက်များကိုသာ ၀ယ်ယူအသုံးပြုနေရသည်။

မြို့တွင်းရှိ စစ်နှင့် အစိုးရအရာရှိ အရာခံများနေသည့်ရပ်ကွက်နှင့် စစ်တပ်စခန်း ရဲစခန်း များမှလွဲ၍ ကျန်ရပ်ကွက်များမှာ အလှည့်ကျစနစ်ဖြင့် သုံးနေရကြောင်း သိရသည်။



ညအချိန်တွင်မီးလာသော်လည်း အိပ်ချိန် (၁၁) နာရီလောက်မှစ၍ နံနက် ၅ နာရီအထိသာ လာပြီး၊ နေ့ခင်းပိုင်းတွင်မူ တစ်ပတ်မှာ သုံးရက်လောက်သာ လာကြောင်း တောင်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။

“မီးက လုံးဝပုံမမှန်တာ တော်တော်ကြာပြီ၊ ဒီနေ့ဆိုမီးမလာဘူး၊ ည သူများအိပ်ချိန်ရောက်မှ လာတယ်၊ လူတွေအိပ်ပျော်ကုန်ပြီ အဲဒီအချိန်ဆို။ ဘာထူးတော့မှာလဲ။ မနက်အစောကြီး ၅ နာရီလောက်ဆို ပြန်ပျက်ပြီ။ နေ့တိုင်းလိုလို အဲဒီလိုပဲ။ တောင်ကြီးမြို့က အဲဒီလိုဖြစ်နေတယ်”

ဤကဲ့သို့ မီးပုံမှန်မလာခြင်းကြောင့် ဈေးအရောင်းဆိုင်နှင့် မီးအားလိုအပ်နေသည့် စက်သုံး လုပ်ငန်းဆိုင်များမှာ တရုတ်ပြည်မှ ထုတ်သည့် မီးစက်များ ၀ယ်ယူအသုံးပြုနေရ၍ အရောင်းဆိုင်များလည်း ဓာတ်ဆီဖိုးပြန်ကာမိဖို့အတွက် အရောင်းကုန်ပစ္စည်းများကို ဈေးနှုန်းတင်၍ ပြန်လည်ရောင်းချနေရသည်ဟုလည်း ၎င်းက ဆိုသည်။

“ဆိုင်ကယ်ပြင်ဆိုင်တို့ ကားဝပ်ရှော့ပ်ဆိုင်တို့ အင်တာနက်ဆိုင်တို့ဆို ကိုယ့်ပိုင်မီးစက် နိုးရတယ်။ ဈေးလဲပိုများ သွားတာပေါ့။ အခုဈေးအရောင်းဆိုင်ဖွင့်ရင် မီးစက်ကောင်းကောင်း ၀ယ်ထားမှ အဆင်ပြေတာ”

ညအချိန်တွင် မီးစက်ဝယ်သုံးရန် မတတ်နိုင်သည့် ဈေးဆိုင်ငယ်များ၊ လမ်းဘေးဈေးဆိုင်များနှင့် ကွမ်းယာဆိုင်တော်တော်များမှာ ဖယောင်းတိုင်သာ ၀ယ်သုံးနေရကြောင်း သိရသည်။

No comments: