ချန်ပီယံအီတလီ အိမ်ပြန်ပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ ၂၄ ရက်၊ ၂၀၁၀။ ကျာသပတေးနေ့

၂၀၀၆ ချန်ပီယံ အီတလီအသင်းကတော့ ပြီးခဲ့တဲ့ နှစ်ပွဲလုံးက သရေကျခဲ့ပြီး ရမှတ် ၂ မှတ်သာရရှိခဲ့တာမို့ ဒီပွဲကိုမနိုင်ရင် ထွက်ရမှာဖြစ်တယ်။ ဒါကြောင့် အီတလီအသင်းက ရေကုန်ရေခန်း ယှဉ်ပြိုင်ရမှာဖြစ်တယ်။


ပထမပိုင်း ၂၅ မိနစ်ခန့်မှာ စလိုဗေးခီးယားအသင်းမှ ကျောနံပါတ် (၁၁) ရောဘတ်ဗိတဲက်က ပဲန်နယ်တီဧရိယာအတွင်းမှ ဘယ်ဖက်တောင့်ကနေ ဦးဆောင်ဂိုး အရင်သွင်းလိုက်ပါတယ်။ ပထမပိုင်း ၄၅ မိနစ် ယှဉ်ပြိုင်ကစားရာမှာ စလိုဗေးခီးယားအသင်းက ခြေအသာနဲ့ ဖိကစားနိုင်ခဲ့ပါတယ်။

အီတလီအသင်းတော့ ထိုးဖေါက်မှုတွေ တခါတခါလုပ်နိုင်ခဲ့ပေမယ့် စလိုဗေးခီးယားအသင်းရဲ့ နောက်ခံတွေကို ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ရရှိသည့်ဘောကို အလွယ်တကူနဲ့ လက်လွတ်ခံခဲ့တာများနေတယ်။

အီတလီအသင်းမှ ခြေပဂိုးသွင်းပြီး အနိုင်ကစားနိုင်ဖို့ ပြိုင်ပွဲဒုတိယပိုင်းအစမှာပဲ ဒိုမီနီကိုခရစ်စီတိုနဲ့ ဂျင်နရိုကတ်တူစိုတို့ နှစ်ယောက်ကို ခရစ်ရှန်မက်ဂီယိုနဲ့ ဖဗီယိုကွလီယာရီလာနဲ့ အစားထိုးလိုက်ပါတယ်။ ၅၅ မိနစ်မှာ ရီကာဒို မွန်တိုလီဒို ကိုထုတ်ပြီးတော့ အလယ်တန်းကစားသမား ကျောနံပါတ် (၂၁) အဲန်ဒရီယာ ပီယာလို ကို နောက်တခါ အစားထိုးမှု ထပ်လုပ်လိုက်ပါတယ်။

ဒုတိယပိုင်းမှာ အီတလီအသင်း ကစားကွက် သိသိသာသာပြောင်းလဲလာပြီးတော့ အန္တရာယ်ကြီးတဲ့ တိုက်စစ်ဆင်မှုတွေ ဆက်တိုက်လုပ်လာနိုင်ခဲ့သော်လည်း ခြေပကိုးမသွင်းနိုင်ခဲ့တဲ့အပြင် ၇၃ မိနစ်မှာ စလိုဗေးခီးယားအသင်းမှ ရောဘတ်ဗိတက်ကပဲ ပဲန်နယ်တီဧရိယာအတွင်းကနေ ဒုတိယဂိုးထပ်သွင်းလိုက်ပါတယ်။

ပြိုင်ပွဲ ၇၉ မိနစ်မှာ အီတလီအသင်းက ပထမဦးဆုံးခြေပဂိုးပြန်သွင်းခဲ့ပြီး မျော်လင့်ချက်တွေ ပြန်ရလာပြီးတော့ စလိုဗေးခီးယားအသင်းကို ဆက်တိုက် ဖိအားပေးလာခဲ့တယ်။

စလိုးဗေးခီးယားအသင်းက သန်ပြန်တိုက်စစ်အနေနဲ့ ပြိုင်ပွဲပြီးခါနီး ၈၈ မိနစ်ခန့်မှာပင် တတိယမြောက်ဂိုး ထပ်သွင်းလိုက်ပြီး အနိုင်ဂိုးကို ပိုသေချာစေခဲ့ပါတယ်။

အီတလီအသင်းမှ မိနစ် ၉၀ မှာ ဒုတိယခြေပဂိုးပြန်သွင်းပြီးတော့ မျော်လင့်ချက်လေး ပြန်ရလာခဲ့ပေမယ့် နောက်ထပ်ပြန်မသွင်းခဲ့ဘူး။ ချန်ပီယံဟောင်းအသင်းက အုပ်စုပွဲစဉ်တခုလုံးမှာ တပွဲမှ အနိုင်မကစားနိုင်ခဲ့ပဲ၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးပြီး ရမှတ် ၂ မှတ်နဲ့သာ အုပ်စု (F) ရဲ့ အောက်ဆုံးအဆင့်ဖြင့် ၂၀၁၀ ကမ္ဘာ့ဖလားကို ကျောခိုင်းခဲ့ရပါတယ်။

၉၄ မိနစ်မှာ ကွင်းလယ်ဒိုင်မှ လေဖရီမှုတ်ပြီး ပြိုင်ပွဲအဆုံးသတ်တော့ စလိုဗေးခီးယားအသင်းမှ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ယူလိုက်ပြီး အုပ်စုပွဲစဉ်တစ်ခုလုံးမှာ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ၁ ပွဲနိုင်၊ ရမှတ် ၄ မှတ်နဲ့ အုပ်စု (F) မှ ဒုတိယနေရာနဲ့ အောင်မြင်ခဲ့ပါတယ်။

ပါရာကွေးအသင်းနဲ့ နယူးဇီလန်အသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ အပြန်အလန် ဂိုးမသွင်းနိုင်ခဲ့ပဲ ၁ မှတ်စီသာ ရယူခဲ့ပြီးတော့ ပါရာကွေးအသင်း ရမှတ်အားလုံး ၅ မှတ်နဲ့ အုပ်စု (F) မှ အုပ်စုဗိုလ်အဖြစ်နဲ့ ပြိုင်ပွဲဒုတိယအဆင့်ဖြစ်တဲ့ ရှုံးထွက်ပွဲစဉ်ကို ဆက်သွားမှာဖြစ်တယ်။

နယူးဇီလန်အသင်းမှာ အုပ်စုပွဲစဉ်အတွင်း ၃ ပွဲစလုံး သရေနဲ့သာ ကစားနိုင်ခဲ့တဲ့အတွက် ၃ မှတ်နဲ့ တတိယနေရာဖြင့် အုပ်စုပွဲစဉ်မှာသာ နိဂုံးချုပ်ခဲ့ရပေမယ့် ချန်ပီယံဟောင်း အီတလီ ထက်တော့ သာနေသေးတယ်လို့ ဆိုရပါမယ်။


အမှန်အားဖြင့် ပြောရမယ်ဆိုရင် အုပ်စု (F) မှာ ပါဝင်တဲ့ အီတလီအသင်းအနေဖြင့် တော်တော်ချောင်တယ်လို့ ပြောရမယ်။ အခြားအသင်းကြီးတွေနဲ့စာရင် သူက အချောင်ဆုံးအသင်းလို့ ဆိုနိုင်ပါတယ်။ သို့ပေမယ့် အီတလီအတွက် မတတ်နိုင်တော့၊ အခြားအသင်းတွေကို လျှော့တွက်ခဲ့လို့ ကစားသမားတွေ ပေါ့ဆနေတာလား သို့မဟုတ် အသင်းနည်းပြရဲ့ စီမံမှု လွဲချော်နေသလား ဟုသာ မေးခွန်းထုတ်ရပါတော့မယ်။

ဇွန် ၂၄ ရက် ဒုတိယအသုတ်အဖြစ် ယှဉ်ပြိုင်တဲ့ပွဲကတော့ အုပ်စု (E) ပဲဖြစ်ပါတယ်။ နယ်သာလန်နဲ့ ကင်မရွန်းယှဉ်ပြိုင်တဲ့ပွဲမှာ စိတ်လှုပ်ရှားစရာသိပ်ပေမယ့် ဒိန်းမတ်နဲ့ ဂျပန် ယှဉ်ပြိုင်ကစားတဲ့ပွဲကတော့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပွဲပါ။ ဘာကြောင့်လဲဆိုရင် နှစ်သင်းစလုံးမှာ ၃ မှတ်စီအမှတ်တူနေပြီး ရှုံးတဲ့အသင်းကတော့ ဖျာလိမ့်အိမ်ပြန်ရဖို့ သေချာနေလို့ပါပဲ။ သရေရင်တော့ ဂျပန်က နောက်တဆင့် ခရီးဆက်သွားပြီး၊ ဒိန်းမတ်က ကျကျန်ခဲ့မှာဖြစ်တယ်။

No comments: