ဟိုပုံးမြို့နယ်တွင် ပအိုဝ်းရိုးရာ မီးဒုံးလွတ်ပြိုင်ပွဲကျင်းပ

တောင်ကြီးတိုင်းမ်။ ခွန်ခမ်းကို
ဇွန်လ ၂၀ ရက်၊ ၂၀၁၀ ခုနှစ်။ တနင်္ဂနွေနေ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဟိုပုံမြို့နယ်ရှိ နောင်တောင်ကျေးရွာတွင် နောင်တောင်ဆရာတော်မှဦးစီး၍ ၂၀၁၀ ခုနှစ်၊ ဇွန်လ ၂၀ မှ ၂၁ ရက်နေ့အထိ ပအိုဝ်းရိုးရာမိုးခေါ်ပွဲ ခေါ် ပအိုဝ်းရိုးရာ မီးဒုံးလွတ်ပွဲတော် စည်ကားစွာ ကျင်းပသည်။

ပအိုဝ်းရိုးရာမီးဒုံးလွတ်ပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်မှာ ပအိုဝ်းရိုးရာမီးဒုံးလွတ်ပွဲ အစဉ်အလာမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်လျှောက်သွားရန်၊ ကျောင်းရန်ပုံငွေ ရရှိရန်နှင့် နောင်တောင်ဘုန်းကြီးကျောင်းပရဟိတပညာရေးရန်ပုံငွေ ရရှိရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်သည်။



“ကျနော်တို့ ခုပွဲလုပ်ရတာက ကျောင်းရန်ပုံငွေ တစ်စိတ်တစ်ပိုင်းရရှိဖို့၊ ဘုရားပွဲ နှင့် ကျနော်တို့ပအိုဝ်းရိုးရာ အစဉ် အလာများမပျောက်သွားအောင် ထိန်းသိမ်းတဲ့အနေဖြင့် လုပ်တာပါ။ ယမန်နှစ်ကတော့ ဒီလောက်လုပ်ခွင့်မရခဲ့ဘူး၊ မီးရှူးတောင်မှ ၁’ ပေလုံး တွေပဲ ရှိတယ်၊ ဒီနှစ်မှ ၄’ ပေ မီးရှူးတွေ လုပ်ခွင့်ရတာပေါ့၊ သူက အဆင့်တွေများကြီး ခွဲထားပေးတယ် ဆုလဲပေးပေးတယ်”

ယင်းပအိုဝ်းရိုးရာမီးဒုံးပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်လိုသည့်သူများအား ပထမဦးဆုံးအနေဖြင့် မိမိတို့ မီးဒုံး၏ အကြီးအငယ်ပမာဏ အပေါ်မူတည်၍ ပြိုင်ပွဲကျင်းပရေးကော်မတီမှ သတ်မှတ်ထားသည့် ပြိုင်ပွဲဝင်ကြေးကို ပွဲတော်ကော်မတီထံသို့ ထည့်သွင်းရပါသည်။

ပြိုင်ပွဲကို မီးဒုံးအကြီးအငယ်ပမဏနှင့် မီးဒုံးအမျိုးအစားများအလိုက် ခွဲ၍ ပါဝင်ယှဉ်ပြိုင်ကြသည်။

မီးဒုံးအကြီးအငယ်အရွယ်အစားအလိုက် ထည့်ဝင်ရသည့်ဝင်ကြေးနှင့် မီးဒုံးအလုံးရေများမှာ
- အရွယ်အစား ၄ ပေရှိ မီးဒုံးမှာ ၀င်ကြေး ၁၀,၀၀၀ ကျပ်၊ အလုံးရေ ၃၂လုံး၊
- အရွယ်အစား ၂ ပေရှိ မီးဒုံးမှာ ၀င်ကြေး ၇,၀၀၀ ကျပ်၊ အလုံးရေ ၃၈ လုံးနှင့်
- အရွယ်အစား ၁ ပေမှ ၁ ပေခွဲအထိရှိ မီးဒုံးမှာ ၀င်ကြေး ၅,၀၀၀ ကျပ်၊ အလုံးရေ ၁၉၀ လုံး အသီးအသီး ရှိကြပြီး ပြိုင်ပွဲဝင် စုစုပေါင်းမီးဒုံး အလုံးရေပေါင်း ၂၆၀ ခုံးရှိသည်။

ပြိုင်ပွဲတွင် မိမိတို့မီးဒုံးများ ယှဉ်ပြိုင်လွတ်တင်ရာတွင် ပြိုင်ပွဲကော်မတီမှ သတ်မှတ်ထားသည့် ဂိုးဧရိယာအတွင်းတွင် အဝေးဆုံးသို့သွားသည့် ဒုံးမှ စ၍ ပထမဆု ဒုတိယစသည့် ဆုကြေးများ ဆုပေးကြောင်း ပြိုင်ပွဲကျင်းပသည့်ကော်မတီဝင်တဦးမှ ရှင်းပြသည်။

“မီး၇ှူး အနိုင်ရမယ့်လူကိုတော့ ဆုပေးလေ့ရှိပါတယ်။ ပထမ ဒုတိယ တတိယ စသဖြင့် မီးလုံးအလိုက် ဆုပေးတယ်၊ နိုင် မနိုင်ဆိုတာ ကျနော်တို့ သတ်မှတ်ထားတဲ့ ဂိုးဆိုတာ ရှိတယ်လေ၊ မီးရှူးတိုင် (မီးဒုံးစတင်လွတ်တင်သည့်နေရာ) ကနေဆို အဝေး ၄ မိုင်လောက်ရှိတယ်၊ အဲ့မှာ တောင်ကုန်းနှစ်ကုန်းကြားကို သတ်မှတ်ပေးထားပါတယ်။ ဂိုးကျတော့ အလယ်တည့်တည့် သတ်မှတ်ထားပေးတယ်၊ ဂိုးအကျယ်ကတော့ ၁ မိုင် ခွဲရှိပါတယ်။ အဲ့တော့ သတ်မှတ်ထားတဲ့နေရာကို ၀င်ရင်တော့ နိုင် တာပေါ့၊ ကျနော်တို့ ဂိုးစောင့် ထားထားပေးရတယ်။ လူ (၅)ယောက် စောင့်ထားခိုင်းတယ်။ အဲ့တာမှ မီးရှူးခိုးလို့ မရမှာလေ။ အဲ့လိုလွတ်တဲ့နေရာမှာ အန်တရယ်ကြီးတယ်၊ ဘာကြောင့်ဆို တစ်ချို့မီးလုံးတွေက ဆင်ပေါ်မှာကွဲတတ်တော့ စောင့်ကြည့်သူတွေအတွက် စိုးထိတ်စရာပါပဲ။ ဒီနေ့တော့ လွတ်လို့ကုန်မှာ မဟုတ်ဘူး။ မနက်ဖြန် ဆက်လွတ်ရအုံးမှာဆိုတော့ ပွဲက နက်ဖြန်ထိ ရှိသေးတယ်၊ နှစ်ရက် ဆက်တိုက်ရှိသွားတာပေါ့။”

No comments: