ကချင်ပြည် မြစ်ဆုံရေကာတာ ဗုံးကွဲပြီး ခရီးသွားလာမှုလုံခြုံရေးတင်းကျပ်

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ ၂ ရက်၊ ၂၀၁၀။ ဗုဒ္ဓဟူးနေ့

ဧပြီလအတွင်း၌ ကချင်ပြည်ရှိ ဧရာဝတီမြစ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဗုံးပေါက်ကွဲခဲ့သည့် နောက်ပိုင်းတွင် မကွေးနှင့် မန္တလေးမြို့တို့တွင် ခရီးသွားလာမှု လုံခြုံရေးတင်းကျပ်၍ စစ်ဆေး မေးမြန်းမှု ထူပြောများပြားကြောင်း သိရသည်။



မကွေးနှင့် မန္တလေးမြို့တွင် တည်းခိုခန်းနှင့် ဟိုတယ်တွင် ညအိပ်တည်းခိုသည့် ခရီးသွားများအား မြို့နယ်၊ ရပ်ကွက် အာဏာပိုင်ထံသို့ ဧည့်စာရင်းတင်နေရသည်ဟု ၎င်းမြို့များတွင် ညအိပ်သွားရောက်သည့် တောင်ကြီးမြို့မှ ခရီးသွားတစ်ဦးက ပြောသည်။

“မြစ်ကြီးနားမှာ ဗုံးပေါက်တော့ အခုခရီးသွားလာရေး အရမ်းခက်ခဲလာတယ်။ အစစ်အဆေးတွေ တအားများလာတယ်။ ဧည့်စာရင်းတိုင်ရတယ်၊ ဘယ်မှာပဲသွားသွား၊ သူတို့ကို (အာဏာပိုင်) ပြောရတယ်၊ အရမ်းဒုက္ခရောက်တယ်”

ထို့အတူ အခြားသော တိုင်းနှင့် ပြည်နယ်၊ သို့မဟုတ် ဒေသတစ်ခုခုမှ လာရောက်လည်ပတ်သည့် မိမိတို့ဆွေမျိုးသော်၎င်း၊ အသိဧည့်သည်သော်၎င်း အိမ်ရှင်များမှ ဧည့်စာရင်း တိုင်ရကြောင်းလည်း သိရသည်။

ယင်းသို့ဧည့်စာရင်းတိုင်ရာ၌ ဤမြို့တွင် မိမိတို့လာရောက်ရသည့် အကြောင်းအရင်း၊ မိမိတို့နေရပ်လိပ်စာနှင့် မှတ်ပုံတင်နံပါတ် စသည့်အပြည့်အစုံ တင်ပြရကြောင်းလည်း သိရသည်။

နအဖစစ်အာဏာပိုင်များမှ ဧပြီလ ၁၇ ရက်နေ့ မြစ်ဆုံရေကာတာစီမံကိန်းဒေသတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားမှုနှင့် ဆက်စပ်၍ ကချင်လူငယ်အများအပြားကို လိုက်လံဖမ်းဆီးပြီး ညင်းပန်းနှိက်စက်နေကြောင်း Kachin News Group မှ အစီရင်ခံထားသည်။

ဤကဲ့သို့ကချင်လူငယ်များကို ဖမ်းဆီးနှိက်စက်သည့်အပေါ် နိုင်ငံရေးနှင့် ဆက်စပ်နိုင်သည်ဟု ယူဆရသည့် ကချင်လူငယ်များ ၂၀၁၀ ရွေးကောက်ပွဲတွင် ဆန့်ကျင်ရေးလုပ်ရှားမှုများ ဖြစ်မလာနိုင်အောင် ဗုံးပေါက်ကွဲမှုကို အကြောင်းပြ၍ အာဏာပိုင်များက အခုလို လိုက်လံနှိပ်ကွပ်နေတာ ဖြစ်နိုင်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) ဥက္ကဌ ကိုအောင်ဝါက ခေတ်ပြိုင်သို့ ပြောသည်။

ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန် နအဖစစ်အစိုးရနှင့် China Power Investment Corporation (CPI) တို့က ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။

ယင်းစီမံကိန်းပြီးစီပါက ထုတ်လွှတ်လာမည့် မီဂါဝပ် ၃၆၀၀ ရှိ လျှပ်စစ်ဓာတ်အား အများစုမှာ တရုတ်နိုင်ငံသို့ ရောင်းချသွားမည်ဟု ၂၀၀၇ ခုနှစ်တွင် (KDNG) မှ ထုတ်ဝေသည့် Damming The Irrawaddy အမည်ရှိ အစီရင်ခံစာတွင် ဖေါ်ပြသည်။

No comments: