ရွေးကောက်ပွဲအတွက် ပအိုဝ်းဒေသတွင် မဲရုံကော်မတီစတင်ဖွဲ့စီးပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ ၁ ရက်၊ ၂၀၁၀။ အင်္ဂါနေ့

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် မသတ်မှတ်ရသေးသော်လည်း မဲထည့်ဖို့အတွက် ပအိုဝ်းဒေသရှိ ကျေးရွာများတွင် ဦးအောင်ခမ်းထီအမိန့်ဖြင့် မဲရုံကော်မတီများ စတင်ဖွဲ့စည်းနေပြီဖြစ်ကြောင်း သတင်းရရှိသည်။



လွန်ခဲ့သည့် မေလ ၃၀ ရက်နေ့၌ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာတွင် ဦးအောင်ခမ်းထီ အမိန့်ဖြင့် အစည်းအဝေးခေါ်ပြီး မဲရုံကော်မတီတစ်ခု ဖွဲ့စည်းခဲ့ကြောင်း ၎င်းရွာမှ ရွာသားတစ်ဦးက ပြောသည်။

“တခြားရွာနဲ့ မြို့တွေ ဘယ်ရက်မှာဖွဲ့ကျလဲတော့ မသိဘူး၊ ကျနော်တို့ရွာကတော့ ပြီးခဲ့တဲ့ မေလ ၃၀ မှာ မဲရုံကော်မတီဖွဲ့ပြီ၊ ဦးအောင်ခမ်းထီ ဖွဲ့ခိုင်းတယ်လို့ ကျနော်ကြားတယ်။ ကော်မတီထဲမှာတော့ ရွာသားတွေနဲ့ပဲဖွဲ့တယ်၊ ဘယ်နှစ်ယောက်ပါလဲတော့ မသိဘူး”


ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်များ မသိရှိရသေးသော်လည်း အဘယ်ကြောင့် ဤကဲ့သို့ မဲရုံကော်မတီ ကြိုတင်ဖွဲ့စည်းသည်ရကို အထက်လူကြီးများက မရှင်းပြဟု သိရသည်။

ဒေသအတွင်း ပအိုဝ်းကျေးရွာများမှ ဒေသခံရွာသားများသည် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စိတ်ဝင်မှု သိပ်မရှိကြကြောင်းလဲ သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ၂၀၁၀၊ ဧပြီလ ၂ ရက်နေ့တွင် နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်လျှောက်ခဲ့ပြီး ဧပြီလ ၂၄ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

ရွေးကောက်ပွဲကို (PNO) မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ၎င်း၏ခေါင်းဆောင် ဦးအောင်ခမ်းထီမှ ကျန်းမာရေးအခြေအနေကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်မဟုတ်ကြောင်း PNO ၏ နာယက အဖွဲ့ဝင်တစ်ဦးဖြစ်သူ ခွန်မောင်တုတ်မှ The Voice Weekly သို့ ပြောခဲ့သည်။

No comments: