နယ်သာလန်က စလိုဗေးခီးယားကို ၂-၁ နဲ့ ဆက်တိုက်အောင်ပွဲဆင်နေပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ (၂၈) ရက်၊ ၂၀၁၀။ တနင်္လာနေ့

ကမ္ဘာ့ဖလား စတင်တဲ့နေ့ ကတည်းက သရေပွဲမရှိ၊ ရှုံးပွဲမဲ့ နိုင်ပွဲနဲ့သာ အောင်မြင်မှုတွေရလာတဲ့ နယ်သာလန်ကတော့ ဒီကနေ့လဲ Durban အားကစားကွင်းမှာ စလိုဗေးခီးယားအသင်းကို ၂ ဂိုး ၁ ဂိုး အသာအယာ အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ် ပွဲစဉ်သို့ ဆက်သွားနိုင်ပြီဖြစ်ပါတယ်။ ဒီပွဲမှာတော့ တောင်အဖရိကနိုင်မှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း နယ်သာလန်အသင်းအတွက် ၄ ကြိမ်မြောက် အောင်ပွဲဖြစ်တယ်။



ပြိုင်ပွဲဒုတိယအဆင့် ၁၆ သင်း ရှုံးထွက်ပွဲစဉ်ကိုတော့ ရှုံးရင်ထွက်ရမယ်ဆိုတော့ အသင်းတိုင်း ကစားသမားတိုင်းမှာ အမှားအယွင်း အဖြစ်မခံကြတော့ပါဘူး။ မှားယွင်းမှုဖြစ်ရင်တော့ အခြားအသင်းရဲ့ အခွင့်ကောင်းယူမှု ခံရမှာဖြစ်ပြီးတော့ ပြိုင်ပွဲကနေ ကျောခိုင်းရနိုင်ပါတယ်။

ဒါကြောင့် ဒီဒုတိယဆင့် ပွဲစဉ်မှာ ကစားတဲ့ပွဲတွေကတော့ ကစားတဲ့ပုံစံ ကစားတဲ့အသင်းတွေရဲ့စိတ်ဓာတ်တွေ အသင်းမှာရှိတဲ့ အရင်းအနှီးတွေ ပြိုင်ပွဲမှာ အကုန်လုံးမြုတ်နှံကြတော့တဲ့အတွက် ကြည့်တဲ့ပရိသတ် တွေကိုလည်း စိတ်လှုပ်ရှားမှုကို ပိုဖြစ်စေပါတယ်။

ပထမပိုင်း ၇ မိနစ်လောက်မှာ နယ်သာလန်အသင်းမှ အာဇင်နယ်တိုက်မှူး ဗန်ပါစီ ခေါင်းတိုက်ဘောဖြင့် အခွင့်ကောင်းတစ်ခုရခဲ့ပြီး ၁၀ မိနစ်ခန့်မှာ တစ်ခါ ဗန်ပါစီချပေးလိုက်တဲ့ဘောကို လီဗာပူရှေ့တန်း ကစားသမား ကတ် မှ ကန်သွင်းလိုက်တဲ့ ဘောကို စလိုးဗေးခီးယား ဂိုးသမားက အမိအရကာကွယ်ခဲ့တော့ ဂိုးမရရှိခဲ့ပေ။

ပထမပိုင်း ၁၈ မိနစ်လောက်မှာပဲ နောက်တန်းဘက်ဘက်ကနေ အဝေးကန်တင်လိုက်တဲ့ ဘောမှတဆင့် ကျောနံပါတ် ၁၁ ဂျာမနီနိုင်ငံ ဘေယန်မြူနစ်အသင်းက ရှေ့တန်းညာတောင်ပံ ကစားသမား ရောဗဲန်က ကွင်းညာဘက်ကနေ စွဲတက်လာပြီးတော့ စလိုဗေးခီးယား နောက်တန်း ကစားသမား ၂ ယောက်ကို လှည့်ပြီးတော့ ပဲန်နယ်တီဧရိယာအပြင်ဘက်ကနေ ဘယ်ခြေဖြင့် ဂိုးညာဘက်တောင့်ကို ကန်သွင်းလိုက်ရာ ဂိုးသမား မကာကွယ်နိုင်တော့ပဲ နယ်သာလန်က ဦးဆောင်ဂိုး ရလိုက်ပါတယ်။

စလိုဗေးခီးယားဘက်မှလဲ နယ်သာလန်ကွင်းဘက်ကို တိုက်စစ်များ ထိုးနက်နိုင်ခဲ့သော်လည်း နယ်သာလန် နောက်တန်းကို ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ မပေးနိုင်ခဲ့ပေ။ နယ်သာလန်က ရောဗဲန်သွင်းတဲ့ တစ်ဂိုးနဲ့သာ ပထမပိုင်း ၄၅ မိနစ် ပြီးသွားပါတယ်။

ဆက်တိုက် ထိုးစစ်ဆင်ဖိကစားမှုနဲ့ ဒုတိယပိုင်းပြန်အစ မိနစ် ၅၀ လောက်မှာ ဘေယန်မြူနစ် ရှေ့တန်း ကစားသမား ရောဗဲန်ရဲ့ ဘယ်ခြေနဲ့ပဲ နယ်သာလန် ဒုတိယမြောက်ဂိုး ရခါနီးပါပဲ။

မိနစ် ၆၆-၆၈ လောက်မှာ စလိုဗေးခီးယားရဲ့ ဆက်တိုက်ထိုးစစ်ကြောင့် နယ်သာလန်က အလူးအလဲ ပြန်ခံနေရပါတယ်။ နယ်သာလန်ရဲ့နောက်တန်းကို ကျော်ဖြတ်ပြီးတော့ အခွင့်အလန်းတွေ ဖန်တီးပြီးတော့ အန္တရာယ်ကြီးတဲ့ ကန်ချက်တွေကြောင့် ဂိုးသမား အလူးအလဲကာကွယ် ပုတ်ထုတ်ခဲ့ရပါတယ်။

သို့သော်လည်း ၈၃ မိနစ်မှာပဲ စလိုဗေးခီးယားဂိုးသမား ရှေ့ကိုတက်ပြီးတော့ လီဗာပူ တိုက်စစ်ကစားသမား ကျောနံပတ် ၇ ကတ်မှ ချပေးလိုက်တဲ့ဘောကို ကျောနံပါတ် ၁၀ ၀က်စ်လီစနစ်ဂျာမှ အပိုင်အနိုင် ဒုတိယဂိုး သွင်းယူလိုက်ပါတယ်။ နယ်သာလန်အသင်းမှ ၂ ဂိုး၊ ဂိုးမရှိနဲ့ ဆက်လက်ဦးဆောင်နေပါတယ်။

ပြိုင်ပွဲနောက်ဆုံးချိန် မိနစ် ၉၃ မိနစ်မှာပဲ နယ်သာလန်ဂိုးသမားရဲ့ ပဲန်နယ်တီဧရိယာအတွင်း ပြုလုပ်လိုက်တဲ့ ပြစ်ဒဏ်ဘောကြောင့် စလိုဗေးခီးယားက ပဲန်နယ်တီကန်ခွင့်ရလို့ တဂိုးပြန်သွင်းခွင့်ရခဲ့ပြီး ကွင်းလယ်တိုင်မှ ပြိုင်ပွဲကို အဆုံးသတ်လိုက်ပါတော့တယ်။ နယ်သာလန်မှ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူလိုက်တဲ့အတွက် စလိုဗေးခီးယားကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီနေ့နောက်ဆုံးပွဲဖြစ်သွားပါတော့တယ်။

ဇွန်လ ၂၈ ယှဉ်ပြိုင်ကစားကြတဲ့ နောက်တပွဲကတော့ ဘရာဇီးနဲ့ ချီလီတို့ပွဲပဲဖြစ်ပါတယ်။ ဒီနှစ်သင်းကတော့ ရှုံးတဲ့အသင်းအိမ်ပြန် နိုင်ငံအသင်းက ဇူလိုင်လ ၂ ရက်နေ့မှာ နယ်သာလန်နဲ့ ကွာတားဖိုင်နယ်ပွဲမှာ တွေ့ကြမှာဖြစ်ပါတယ်။ နယ်သာလန်ရဲ့ ကျစ်လစ်တဲ့ ကစားကွက်တွေ တွက်လက်တဲ့ တိုက်စစ်တွေကိုကြည့် ဖိုင်နယ်အထိတော့ ရောက်နိုင်တဲ့ အလားအလာမှာ ရှိပါတယ်။

အုပ်စုပွဲစဉ်တွေမှာ ကစားခဲ့တဲ့ပုံစံကို ကြည့်လိုက်မယ်ဆိုရင် ချီလီအသင်းကို လျှော့တွက်လို့ မရတာ အမှန်ပါပဲ။ ချီလီအသင်းရဲ့ ကစားကွက်၊ ကစားသမားတစ်ဦးချင်းစီရဲ့ကြံ့ခိုင်မှုနဲ့ အသင်းစိတ်ဓာတ်နဲ့ အသင်းရဲ့ကစားတဲ့ပုံစံတွေကို ဘရာဇီးအသင်းအတွက် နိုင်ဖို့သိပ်မလွယ်ဘူးလို့ ခန့်မှန်းတွက်ဆနိုင်ပါတယ်။ ဘရာဇီးအသင်းကို ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေပေးပြီး အနိုင်ယူနိုင်တဲ့ အရည်အချင်းတွေရှိပါတယ်။

No comments: