ဖာမွန်းကျေးရွာကို ရဲနှင့် မူးယစ်နှိမ်နင်းအဖွဲ့များ ဥပဒေမဲ့ ၀င်ရောက်ဆီးနှင်းရှာဖွေမှုပြုလုပ်

တောင်ကြီးတိုင်းမ်။ ခွန်ခမ်းကို
ဇွန်လ ၈ ရက်၊ ၂၀၁၀။ အင်္ဂါနေ့

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းရှိ ဖာမွုန်းကျေးရွာအား မြို့နယ်ရဲနှင့် မူးယစ်အထူးတပ်ဖွဲ့က မူးယစ်ဆေးဝါး မသင်္ကာမှုဖြင့် ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ ဒေသခံများ ထိတ်လန့်မှုများ ဖြစ်ခဲ့ရသည်။



ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စု၊ ဖာမွန်းအနောက်ရွာနေ ခွန်တခေါင်းနှင့် ခွန်မြင့်ဆွေ တို့၏နေအိမ်အား လွန်ခဲ့သည့် ဇွန်လ ၂ ရက်နေ့ ည ၉း၃၀ အချိန်တွင် တောင်ကြီးမြို့ အမှတ်(၁) နှင့် (၂) ရဲစခန်းနှင့် တောင်ကြီးမြို့အထူးမူးယစ်နှိမ်နင်းအဖွဲ့တို့မှ ရဲအင်အားအယောက် (၃၀) ခန့်အား ကားနှစ်စီးဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်သည့် မသင်္ကာမှုဖြင့် အကြောင်းပြပြီး ကျေးရွာဒေသခံအာဏာပိုင်ကို ကြိုတင် အကြောင်းမကြားပဲ ရုတ်တရက်လာရောက်ရှာဖွေစစ်ဆေးခဲ့သည်။

ယင်းသို့ ရုတ်တရက် ရှောင်တခင်ဝင်ရောက်ရှာဖွေစစ်ဆေးမှု ပြုလုပ်သဖြင့် ရွာသားများ ထိတ်လန့်တကြား ဖြစ်ကြပြီး ရွာသားအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ရဲများမှ အိမ်ကိုဝိုင်းထားပြီး ရှာဖွေမှုပြုလုပ်ရာမှ ကျေးရွာသားများ အထိတ်တလန့်ဖြစ်၍ ထွက်ပြေးကြသည့် ကိစ္စအခြေအနေများကို ခွန်မြင့်ဆွေ က ဖာမွန်း (ရ.ယ.က) ဥက္ကဌ ဦးခွန်ကျော်နီထံ အကျိုးအကြောင်း ပြောပြရန် အသွားတွင် ရဲများက ဦးမြင့်ဆွေကို သေနတ်ဖြင့် လိုက်ပစ်ခဲ့ကြောင်း အခင်းဖြစ်ပွားရာ၌ မျက်မြင်တွေ့ခဲ့သည့် ရွာသားတစ်ဦးကပြောသည်။

“ဦးခွန်မြင့်ဆွေ ဦးကျော်နီစီကို ဖြစ်ကြောင်းအခြေအနေတွေ ပြောဖို့သွားတာ ရဲတွေက သူထွက်ပြေးတယ်ထင်ပြီး M22 သေနတ်နဲ့ သူ့နောက်ကို သုံးချက်လောက် လိုက်ပစ်တယ်။ ကံကောင်းလို့ သေနတ်မထိတာ”


ရဲများသည် ခွန်မြင့်ဆွေနှင့် ခွန်တခေါင်းတို့အိမ်ကို ၀င်ရောက်မွေနှောက်ရှာဖွေရာမှ ဘိန်းများ၊ မသင်္ကာဖွယ်ရာ ကိစ္စများနှင့် ဥပဒေနှင့် ညှိစွန်းသည့် ပစ္စည်းတစ်စုံတစ်ခုမှ မတွေ့ရှိခဲ့ပေ။ သို့သော် ရွာသားများကို မဖွယ်မရာ စကားလုံးများဖြင့် အခြားမဆိုင်သည့်ကိစ္စရပ်များကို အကြောင်းပြပြီး ကြိမ်းမောင်း ခြိမ်းခြောက် ဆဲဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

ခွန်မြင့်ဆွေသည် ဥပဒေနှင့်မကင်းသည့်မည်သည့်လုပ်ငန်းမှ လုပ်ကိုင်ခြင်းမရှိပဲ စိုက်ပျိုးရေးလုပ်ငန်းကိုသာ ရိုးရိုးသားသား အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ပြီး၊ ခွန်တခေါင်းဆိုသူမှာ မိသားစု စားဝတ်နေရေး အဆင်မပြေမှုကြောင့် ယိုးဒယား(ထိုင်း)နိင်ငံသို့ လွန်ခဲ့သောဆယ်နှစ်ကတည်းက သွားရောက်အလုပ်လုပ်ရှာမှ မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် သင်္ကြန်မတိုင်ခင်ကမှ ပြန်လာခဲ့သည်။

၎င်းဖာမွန်းကျေးရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ဖွဲ့စည်းပေးသော “အွိုင်း” ခေါ် တိုက်နယ် အုပ်ချုပ်ရေးမှူးရှိသည့်အပြင် အစိုးရကိုယ်တိုင်ဖွဲ့စည်းပေးထားသည့် (ရ.ယ.က) လည်းရှိရာ ကြိုတင်အသိမပေး ပဲ စစ်အစိုးရ ရဲတပ်ဖွဲ့များ ယခုကဲ့သို့ ရှောင်တခင်ဝင်ရောက်ရှာဖွေသည်ကို ရွာသားများက မကျေမနပ်ဖြစ် ကြကြောင်း အမည်မဖော်လိုသည့် ကျေးရွာသားတဦးက ပြောသည်။

“ကျနော်တို့ရွာမှာ PNO အဖွဲ့တွေရှိတယ်၊ သူတို့က ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ ၀င်မယ်။ အခု ကျနော်တို့ ဒေသမှာ အစိုးရရဲတွေ ဒီလိုလာလုပ်တာ ကျနော်တို့အခွင့်အရေးတွေ လာချိုးဖေါက်တာ PNO ဘာလို့ မဖြေရှင်းပေးတာလဲလို့ မေးချင်တယ်။ ကျနော်တို့ ပအိုဝ်းပြည်သူတွေအတွက် အခွင့်အရေးတွေ အာမခံချက်တွေ ပေးဖို့လိုတယ်လို့ ကျနော်ထင်တယ်၊ ဒီလိုမဟုတ်ရင် နေ့စဉ်စိုက်ပျိုးရေး လုပ်ကိုင်စားသောက်နေတဲ့ ကျနော်တို့ပအိုဝ်းလူထုဘ၀အဖို့ကတော့ ကျီးလန့်စာစားနေရတဲ့ဘ၀ ဖြစ်နေတယ်” ဟု အမည်မဖေါ်လိုတဲ့ ရွာသားတစ်ဦးက ပြောသည်။

ယင်းဒေသသည် အပစ်ရပ်အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အဓိက စိုးမိုးသည့် ဒေသဖြစ်သည်။

No comments: