တောင်စလုံးကျေးရွာတွင် ကျန်ရှိနေသော ဒေသခံ(၁၅)ဦးကို ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က ကယ်ဆယ်

ပင်လောင်း၊ မတ် ၂၃

စစ်ကောင်စီက မတ်လ ( ၈ )ရက်​နေ့တွင် တောင်စလုံးကျေးရွာ ဘုန်းကြီးကျောင်းနှင့် ရွာထိပ်စေတီသို့ ရောက်ရှိ​နေကြောင်း ကင်းထောက်မှတဆင့် သိရှိရကာ ကျေးရွာအတွင်း ကျန်ရှိနေသော ဒေသခံများကို တပ်ရင်းတပ်ဖွဲ့များက စနစ်တကျ ပူးပေါင်း ဆောင်ရွက်ပြီး ကယ်ဆယ်ရေးကို စတင်လုပ်ဆောင် ခဲ့ကြောင်း NUGမှ ထုတ်ပြန်ထားသည်၊၊

ကူညီကယ်ဆယ်ရေးကို ပအိုဝ်းအမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့ (PNDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPT PDF)၊ (၁၀၀၃) တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း ဆိုသည်၊၊

စစ်​ကောင်စီတပ် ရောက်ရှိရာနေရာနှင့် ကျန်ရှိသောရွာသားများ၏ အိမ်အကွာအဝေးသည် မီတာ (၁၀၀ မှ ၅၀၀) အကွာအ​ဝေးအတွင်းသာ ရှိပြီး PNDF နှင့် ညီနောင်တပ်ရင်းတပ်ဖွဲ့များမှ ရန်သူ့အနီးတဝိုက်သို့ သတိကြီးစွာချဉ်းကပ်ကာ ရွာသား စုစုပေါင်း (၁၅) ဦးအား အန္တရာယ်ကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း အချက်အလက်တွင် ပါရှိသည်၊၊

ကယ်တင်ထားသူများထဲတွင် စိတ်မကျန်းမာသူများ၊ သက်ကြီးရွယ်အို၊ နာမကျန်းသူများလည်းပါရှိကာ ကယ်ဆယ်ရေးလုပ်ငန်းအပြီး သက်ဆိုင်ရာ ဆေးတပ်ဖွဲ့များနှင့်အတူ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့ခြင်းနှင့် စားနပ်ရိက္ခာများကိုလည်း အနည်းအကျဉ်း ဝေမျှပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊

KNDFတို့ပူးပေါင်းတပ်ဖွဲ့မှ ကူညီကယ်ဆယ်ခဲ့သော ရွာသူ/သားများ လုံခြုံဘေးကင်းစွာ ကျန်းမာလျက်ရှိပြီး မတ်လ ၁၉ ရက်နေ့တွင်တစုတစည်းရှိနေပြီဖြစ်ကာ မတ်လ၂၂ရက်နေ့တွင်မိသားစုများရှိနေသည့် စစ်ဘေးရှောင်စခန်းသို့ ချိတ်ဆက်ပို့ဆောင်ခဲ့ပြီး ဖြစ်ပါသည်။

ထိုဒေသခံ ( ၁၅) ဦးကို PNDF မှ ၁ ဦးလျှင် နှစ်​သောင်းကျပ်နှုန်း နှင့် လာရောက်သယ်ယူပို့ဆောင်သည့် လူမှုကူညီရေးအဖွဲ့အတွက် လမ်းခရီးစရိတ် သုံး​သောင်းကျပ်အား ထောက်ပံ့ကူညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိပါသည်။

No comments: