လူငယ်များနေ့မှာ ပါဝင်ဖို့ တို့များဖိတ်ခေါ်

သြဂုတ်လ ၅ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်



ဒီနေ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ရံပုံငွေရှာဖွေခြင်းရဲ့ တတိယမြောက်တဲ့နေ့ပါ။ အလုပ်တွေများတာက တစ်ကြောင်း၊ လူငယ်တွေ ခြေကုန်လက်ပန်းကျအောင် ကြိုးစားရလို့ ပင်ပန်းနေကျတာက တစ်ကြောင်း တို့ကြောင့် ညနေပိုင်းမှပဲ ရံပုံငွေအရှာထွက်ဖြစ်ခဲ့ပါတယ်။

ပထမဦးစွာ ဘော်ဒါဆောင်များကို သွားရောက်အလှူခံဖြစ်ခဲ့ပါတယ်။ အဲဒီနောက်တော့ အချစ်ရွာ စားသောက်ဆိုင်ကို သွားရောက်အလှူခံခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့
အကြောင်းကို ခွန်ခတ်စံက ရှင်းလင်းတင်ပြပြီး ဒီပွဲကို ဘာကြောင့် ကျင်းပရတယ် ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ကျင်းပတယ်ဆိုတာကို လက်ကမ်းစာစောင်တွေ ဖြန့်ဝေရင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။



ဒီနောက်တော့ တစ်နေ့တာအတွက် ရံပုံငွေရှာဖွေခြင်း အစီအစဉ် အဆုံးသပ်ခဲ့ကြပါတယ်။ ဒီကနေ့ ရရှိတဲ့ အလှူငွေကတော့ ၁၇၄၉၀၀ (တစ်သိန်းခုနှစ်သောင်းလေးထောင့်ကိုးရာတိတိ) ဖြစ်ပါတယ်။ ဒီတစ်ခေါက် ရံပုံငွေရှာထွက်တဲ့ခရီးမှာ ကြုံရတာတစ်ခုကတော့ သက်ဆိုင်ရာနယ်ထိန်း ရဲတွေရဲ့ စိတ်ပါဝင်စား ပူးပေါင်းလာမှုပါပဲ။ သူတို့သိချင်တာလေးတွေကို ကျနော်တို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ဖြေပြီးတဲ့နောက် သူတို့ကိုယ်တိုင်လဲ ဒီလိုလှုပ်ရှားမှုလေးတွေကို စိတ်ပါဝင်စားကြောင်း သိရှိခဲ့ကြရတာပါ။

ကျနော်တို့လူငယ်တွေအနေနဲ့လဲ သက်ဆိုင်ရာရဲတွေအပေါ်မှာ အမြင်ရှင်းပါတယ်။ ပြည်သူလူထုတွေရဲ့ လုံခြုံရေးအတွက် မရှိမဖြစ်တဲ့ တာဝန်တစ်ရပ်ကို ထမ်းဆောင်နေတဲ့ ပြည်သူ့ရဲတွေကို ကျနော်တို့ အစဉ်သဖြင့် ကြိုဆိုကြရမှာဖြစ်သလို အစဉ်သဖြင့်လဲ ကျေးဇူးတင်နေမှာပါ။ ကျနော်တို့လူငယ်တွေ အလှူခံထွက်တဲ့ အချိန်မှာ သတိမလစ်ဟင်းပဲ ခုလိုလိုက်ပါစောင့်ရှောက်တာမျိုးကို တွေ့မြင်ရတော့ အတိုင်းမသိ ၀မ်းသာရပါတယ်။

အမှန်ကတော့ ရဲတပ်ဖွဲ့ ရဲဌာနဆိုတာ ပြည်သူတွေအတွက် မရှိမဖြစ်တဲ့ ကဏ္ဍတစ်ရပ်ပါ။ တစ်ကယ်လို့ ရဲဌာနဆိုတာ ကျနော်တို့နိုင်ငံမှာ မရှိဘူးလို့ စဉ်စားကြည့်လိုက်ပါ။



ကျနော်တို့တော့ တွေးတောင်မတွေးရဲပါဘူး။ တစ်ဆက်ထဲ စဉ်းစားမိတာက ရဲဌာနအပါအ၀င် ဌာနဆိုင်ရာ အသီးသီးမှာရှိတဲ့ တာဝန်ထမ်းဆောင်နေတဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍပါပဲ။ သူတို့တွေ အနေနဲ့လဲ အခုလို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့လို အခမ်းအနားမျိုးမှာ ပါဝင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့လူငယ်တွေ ညီညွှတ်ကြရမယ် မဟုတ်ပါလား။ ဒါကြောင့် လူငယ်အသိုင်းအ၀ိုင်းများထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ဌာနဆိုင်ရာမှ လူငယ်များကိုလဲ ဒီအတွေ့အကြုံဆောင်းပါးရေးရင်း ကျနော်တို့ လူငယ်တွေနဲ့ ပူးပေါင်းပါဝင်ဖို့ ဖိတ်ကြားလိုက်ပါရစေ။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် အားပေးလှူဒါန်းသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း ရေးသားတင်ပြအပ်ပါတယ်။

No comments: