ကျောက်တန်းကျေးရွာတွင် မီးလင်းရေးသတ်မှတ်ငွေကြေး မထည့်နိုင်၍ အဖမ်းခံရ

ခွန်ရာဇာ(တောင်ကြီး) | သြဂုတ်လ ၈ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက်တန်းရွာတွင် ကိုယ်ထူကိုယ်ထ မီးလင်းရေးပြုလုပ်ရာ သတ်မှတ်ထားသောငွေကြေးကို ရွာသားများမထည့်နိုင်၍ သြဂုတ် ၈ ရက် နေ့ခင်းတစ်နာရီတွင် ဒေသခံအမျိုးသမီးနှစ်ဦး အဖမ်းခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက်တန်းရွာတွင် ပအိုဝ်းပြည်သူ့စစ် တပ်သားဖြစ်သော မောင်ကြီးနှင့်အဖွဲ့သည် ယနေ့တစ်နာရီအချိန်တွင် မီးလင်းရေး ငွေကြေးမထည့်နိုင်သော မွိုးပေါ်နှင့်မွိုးမြအား ဖမ်းလည်းဖမ်း ရိုက်လည်းရိုက်ပြီး ကျောက်တန်းဈေးဘက်သို့ခေါ်သွားကြောင်း သိရသည်။

ယင်းတပ်ဖွဲ့အား PNA လက်အောက် ဗိုလ်ကြီးကေပေအဖွဲ့ဟု ထင်ရပြီး၊ အဖမ်းခံရသူ သားသမီးများက စိုးရိမ်စိတ်ကြီးကာ ငွေတစ်သိန်းစီပေး၍ ပြန်လွတ်လာကြောင်း ဒေသခံများက ပြောသည်။

အာဏာပိုင်များ ဒေသဖွံ့ဖြိုးရေးပြုလုပ်ရာ ကိုယ်ထူကိုယ်ထမီးရရှိရေး မီးကော်မတီဖွဲ့ပြီး၊ အဆင့် ၁ ၊ အဆင့် ၂ တို့သတ်မှတ်ပြီး၊ အဆင့် ၁ တွင် ခြောက်သိန်းထည့်ရပြီး၊ ယခင်သတ်မှတ်နှုန်းမှာ သုံးသိန်းသာဖြစ်ကြောင်း၊ အစည်းအဝေးတွင် ရွာသားများက ငွေထည့်ပြီး မီးချက်ချင်းရမလားဟုမေးရာ၊ “မီးလင်းမလင်း ငါတို့မသိဘူး၊ အဓိက ငွေပြည့်အောင်ရဖို့ အရေး ကြီးတယ်” ဟု မီးလင်းရေးကော်မတီက ပြောကြောင်း သိရသည်။

ဖမ်းဆီးထိမ်းသိမ်းခံရသော ရွာသူ အမျိုးသမီးနှစ်ဦးကို မထည့်မနေရ အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်ကြောင်း ကျောက်တန်းရွာ ဒေသခံများက ဆိုသည်။

အစည်းဝေးခေါ်ပြီး လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဒေသခံရွားသားများ အကြောက်လွန်ပြီး စည်းလုံးမှုလည်း မရှိတော့ကြောင်း၊ ရွာသားများ ခေါင်းမမော့နိုင်အောင် ဆဲဆိုကြိမ်းမောင်းခြင်းခံနေရကြောင်း သိရသည်။

No comments: