မီးလင်းရေးအတွက် ငွေကြေးကို အဓမ္မခြိမ်းခြောက်ကောက်ခံ

နှင်းသစ္စာ (TGI) | သြဂုတ်လ ၉ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုတွင် လျပ်စစ်မီးသွယ်တန်းယူရန်စီမံကိန်းကို စီစဉ်ရာမှာ နှစ်လများစွာ ကြာပြီးဖြစ်သော်လည်း ယခုအချိန်ထိ လျပ်စစ်မီး သွယ်တန်းခြင်းကိစ္စ အဆင်မပြေရုံမက ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ပြဿနာများ ဖြစ်ပွားခဲ့ကြောင်း ကျောက်တန်းရွားသားတစ်ဦးက ပြောသည်။

ထိုစီမံကိန်းသည် ကျေးရွာခေါင်းဆောင်များက ဦးဆောင်၍ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ငွေကြေးကို တစ်ကြိမ်နှစ်ကြိမ်ကောက်ခံ၍ မပြီးဆုံးဘဲ၊ ယခုတွင် သုံးကြိမ်မြောက် ထပ်မံကောက်ခံခြင်း ဖြစ်သည်။

ယခုအကြိမ်ကောက်ခံရာတွင် ရွာသူရွာသားများက ငွေကြေးမရှိ၍ မထည့်နိုင်တော့ကြောင်း ပြန်လည်ပြောဆိုရာမှ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ဒေသခံများအားလုံးကို အစည်းအဝေးခေါ်ကာ ငွေကြေးထည့်ခိုင်းခြင်းများ ပြုလုပ်ခဲ့သည်။

မီးလင်းရေးကော်မတီဖြစ်သည့် ကျေးရွာခေါင်းဆောင်များမှ ၎င်းတို့အနေဖြင့် ငွေကြေးကောက်ခံခြင်း မရတော့၍ ယခုအကြိမ်တွင် PNA ပြည်သူ့စစ်ဖြင့် ကောက်ခံစေခြင်းဖြစ်သည်ဟု အမည်မဖေါ်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

အစည်းအဝေးတွင် ” ဒီတစ်ခါထည့်ပြီးရင် မီးရပြီလား၊ မီးလင်းပြီလား“ ဟု သိရှိလိုသည့် ရွာသားများက မေးမြန်းသည့်အခါ ” မီးရမရ၊ မီးလင်းမလင်းတော့ ငါမသိဘူး။ ငါသိတာတော့ မင်းတို့ ငွေထည့်ဖို့ဘဲ“ ဟု PNA ပြည်သူ့စစ်မှ ဗိုလ်မှူးကေပေ က ဒေါသဖြင့် ရွာသူရွာသားများကို ဤကဲ့သို့ ပြန်လည်ပြောဆိုခဲ့ကြောင်း ၎င်းရွာသားက ဆိုသည်။

သြဂုတ်လ ၈ ရက်၊ နေ့လည် ၁ နာရီခွဲအချိန်ခန့်တွင် PNA ပြည်သူ့စစ်မှ ရွာသူအမျိုးသမီးနှစ်ဦးဖြစ်သည့် ဒေါ်မွိုးပေါ်နှင့် ဒေါ်မွိုးမြ တို့ကို ဖမ်းဆီးပြီး “မင်းတို့ငွေ ရောက်ရင် မင်းတို့ကို ငါပြန်လွတ်မယ်” ဟု ဗိုလ်မှူးကေပေ က ပြောကြောင်း သိရသည်။

ထိုအမျိုးသမီးနှစ်ဦး၏သားက ငွေကျပ် ၁၀၀၀၀၀ (တစ်သိန်း) လာပေး၍ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်တွင် ပြန်လည်လွတ်ပေးရာ “ ဒီလိုကြမ်းလိုက်တော့ မင်းတို့မှာ ပိုက်ဆံရှိတာဘဲမဟုတ်လား” ဟု ၎င်းက ထိုသို့ထပ်မံပြောဆိုခဲ့ကြောင်း သိရသည်။

အစည်းအဝေးကို ကျောက်တန်းကျေးရွာ ဦးခမ်းစံအိမ်သို့ခေါ်စုရာ လူတစ်ဦးနှစ်ဦးကို ဖမ်းဆီးချုပ်နှောင်ပြပြီး၊ ယနေ့ညနေခင်းအချိန်တွင် ရွာသူရွာသားများကို လက်မှတ်ထိုးခိုင်း၍ ငွေကြေးကောက်ခံခြင်း ပြုလုပ်နေဆဲဖြစ်ကြောင်း၊ အချို့တွင်လည်း ထိုညတွင် လက်မှတ်ထိုးခိုင်းပြီး နံနက်နောက်ဆုံးထား၍ ထည့်ရမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသည့်ဒေသခံအမျိုးသမီးတဦးက ပြောသည်။

No comments: