သက်ရှိထင်ရှားရှိနေသော ယောက္ခမပိုင်အိမ်ကို တရားရုံးမှတဆင့် ရအောင်ယူနည်း။
တောင်ကြီးမြို့။ ခရိုင်တရားရုံး။ တရားမကြီးမှုအမှတ် (၃၄/၂၀၁၁) အမှုမှာ သက်ရှိထင်ရှားရှိနေသော ယောက္ခထီး ဦးမြမောင် (၈၃-နှစ်) တရားဝင်ပိုင်ဆိုင်သော အမှတ် (၁၃၁)၊ စ၀်စံထွန်းလမ်း၊ ဈေးပိုင်းရပ်၊ တောင်ကြီးမြို့ အိမ်ကို၊ တစ်အိမ်တည်းနေ ချွေးမဖြစ်သူ ဒေါ်ခင်လေး (ပတ္တမြားဆေးရုံပိုင်ရှင်) က "အိမ်မြေ လက်ရောက်ရလိုမှုနှင့် အမြဲတမ်းတားဝရမ်း ထုတ်ပေးစေလိုမှု" ခေါင်းစဉ်နဲ့ တရားမကြောင်း စွဲဆိုတဲ့ အမှုပါ။ အိမ်က ဦးမြမောင် ပိုင်တဲ့အိမ်ပါ။ ဂရန်မှာလဲ ဦးမြမောင်ရဲ့ဇနီး ဒေါ်ညွန့်ရီ နာမည်နဲ့။ ဦးမြမောင် ဒေါ်ညွန့်ရီတို့ လင်မယား ဒီမြေကွက် ၀ယ်စဉ် အိမ်ဆောက်စဉ်မှာ ဒေါ်ခင်လေးတောင် မမွေးသေးပါဘူး။ တောင်ကြီးမြို့တစ်မြို့လုံး သိကြပါတယ်။
အခု ဒေါ်ညွန့်ရီတော့ ဆုံးသွားပြီပေါ့။ ကျွန်တော်ကြားဖူးတာက မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ "မယားသေ လင်စား၊ လင်သေ မယားစား" တဲ့။ ခုတော့ ခရိုင်တရားသူကြီး ဒေါ်လင်းလင်း လုပ်လိုက်တာနဲ့ မယားသေ ချွေးမစား ဖြစ်သွားပြီ။ ပိုင်ရှင် ဦးမြမောင်ကပဲ သူပိုင်တဲ့ အိမ်ပေါ်ကနေ ဆင်းပေးရမဲ့ပုံ။ မဖြစ်နိုင်တဲ့ ကိစ္စကြီးနော်။ ဒီအမှုကို စွဲဖို့ ဒေါ်ခင်လေးဖက်က ရန်ကုန်က နာမည်ကြီး ၀ါရင့် ရှေ့နေတစ်ဦးကို ငှားသေးတယ်။ ဒီရှေ့နေက လုံးဝမဖြစ်နိုင်လို့ အမှုကို လက်မခံဘူး။ ဒါနဲ့ တောင်ကြီးက နာမည်ကြီးရှေ့နေကို ငှားပြန်တော့လဲ မနိုင်နိုင်ဘူးဆိုပြီး လက်မခံပြန်ဘူး။ ဒီနောက် ရတဲ့ရှေ့နေနဲ့ပဲ အပ်လိုက်တာ အခု အမှုနိုင်တယ်။ ထူးဆန်းတယ်နော်။ ဒါကြောင့် ကျွန်တော်က "တောင်ကြီးမြို့ တရားရုံးမှ ထူးဆန်းသောအမှုကြီး" လို့ ခေါင်းစဉ်တပ်ရတာပေါ့။
ကျွန်တော်ကြားဖူးတဲ့ စကားတစ်ခုရှိတယ်။ "လောကကြီးမှာ မဖြစ်နိုင်တာ မရှိဘူး။ မဖြစ်သေးတာပဲ ရှိတယ်" တဲ့။ ဟုတ်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်လို့ရတဲ့ ကိရိယာတစ်ခုရှိတယ်။ အဲဒီကိရိယာက "ငွေ" ပဲ။ ငွေရှိရင် ဘာမဆို အကုန်ဖြစ်တယ်။ သုမောင်ရဲ့ ငွေဆိုတဲ့သီချင်း သွားသတိရမိတယ်။ "အပေါင်းအသင်း ဖျက်တာငွေ၊ ရောင်းရင်းပျက်တာ ငွေ၊ အကျင့်စာရိတ္တ ပျက်ပြားအောင်လဲ သူပဲလုပ်တတ်သလေ"။
ခရိုင်တရားသူကြီး အမိန့်မချခင် ၃-၄ ရက်အလိုလောက်မှာ ဒေါ်ခင်လေးရဲ့သား ခွန်သီဟန်က အရက်ဆိုင်တစ်ခုမှာ မူးကြောင်၊ မူးကြောင်နဲ့ "အမိန့်ချလို့ ငါတို့မနိုင်ရင် တရားသူကြီးကို ပေးထားတဲ့ပိုက်ဆံ တစ်ပြားမကျန် ပြန်တောင်းမယ်" လို့ ပြောဆိုသံ ကြားရတဲ့လူက ပြန်ပြောပြတယ်။ ဒီစာစုကို ရေးရတာကလဲ ယောက္ခမတွေ၊ တစ်နေ့ ယောက္ခမနေရာကို ရောက်လာမဲ့သူတွေအတွက်၊ ချွေးမဆိုးတွေ၊ သားမက်ဆိုးတွေ ချိုးလာမဲ့ ကလိမ်ကကျစ်၊ ဥာဏ်နီဥာဏ်နက်တွေကို သတိထားရအောင် အဓိကရည်ရွယ်ပြီး ရေးသားရတာပါ။ ကဲ--- ချွေးမလုပ်သူ ဒေါ်ခင်လေး ဘယ်ပုံဘယ်နည်းလုပ်သွားသလဲ ကြည့်ကြရအောင်။
ပထမအဆင့်အနေနဲ့ ရှမ်းပြည်နယ် ပြည်ထောင်စု တရားဥပဒေအရာရှိ ဦးမောင်မောင်ကို အိပ်ကပ်ထဲ အရင်ထည့်ထားလိုက်တယ်။ သူက တရားရုံးတစ်ရုံးလုံးအပေါ်မှာ သြဇာသက်ရောက်မှု ရှိသူလေ။ ပြီးတော့ ဦးမြမောင်ကို "အိမ်မြေ လက်ရောက်ရလိုမှုနှင့် အမြဲတမ်း တားဝရမ်း ထုတ်ပေးစေလိုမှု" နဲ့ စပြီး တရားစွဲလိုက်တယ်။ တစ်ကယ်ဆို ဒီအမှုကြီးဟာ ရုံးကိုစတင်ရောက်လာကတည်းက လက်ခံရမယ့် အမှုမဟုတ်ပါဘူး။ ဘာဖြစ်လဲဆိုတော့ အမှုစွဲတဲ့ ဒေါ်ခင်လေးမှာ ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်း ဘာတစ်ခုမှ မတင်ပြနိုင်လို့ပါ။
ဒါပေမယ့်လဲ ဦးမောင်မောင်ရဲ့ ဖိအားကတစ်ကြောင်း၊ ပတ္တမြားဆေးရုံပိုင်ရှင်ကြီးရဲ့ အမှုဖြစ်နေတာက တစ်ကြောင်းကြောင့် လက်ခံလိုက်ရင် တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေ (ဒီအမှုနဲ့ သက်ဆိုင်တဲ့သူတွေကို ပြောတာပါ) အတွက်က "စားကြမယ်ဟေ့ ကောင်းကောင်း" ဖြစ်မှာလေ။ ဒါကြောင့် တရားသူကြီး ဦးစိုးသိန်းက ဒေါ်ခင်လေးဖက်က ဘာအထောက်အထားမှ မပြနိုင်ပေမယ့် အမှုကို လက်ခံလိုက်တယ်။ တစ်ခုတော့ ရှိတာပေါ့။ စိုင်းထီးဆိုင် သီချင်းတစ်ပုဒ်လို" ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်" ပေါ့။ ဦးစိုးသိန်းလဲ တော်တော်လေးရသွားပါတယ်။ ခုတော့ မန္တလေးကို ပြောင်းသွားပါပြီ။
ကဲ .. အမှုစစ်တာကို လေ့လာကြည့်ရအောင်။ ဒေါ်ခင်လေး ထွက်ဆိုတာက - ဒီအိမ်ဟာ သူ့အိမ်တဲ့။ ဦးမြမောင်အိမ် မဟုတ်တော့ဘူးတဲ့။ ဦးမြမောင်တို့ လင်မယားက သူ့ယောက်ျားကို သူနဲ့ အိမ်ထောင်မကျခင် ကတည်းက ပေးထားတာတဲ့။ (အမှုစစ်မှ ဒေါ်ခင်လေးဟာ ဒုတိယမိန်းမဆိုတာ သိရတယ်။) တစ်ဖက်ရှေ့နေက ပြန်မေးတာ ပေးကမ်းစာချူပ်ပြနိုင်သလား ဆိုတော့။ မပြနိုင်ဘူး။ နှုတ်နဲ့ပေးထားတာမို့ မရှိဘူးတဲ့။ ဦးမြမောင်ကို မေးတော့ မပေးရဘူးတဲ့။ ဒေါ်ခင်လေးက ပေးတယ်တဲ့။ ကာယကံရှင်၊ ပိုင်ရှင် ဦးမြမောင် ကိုယ်တိုင်ကိုက မပေးရပါဘူးလို့ ပြောပြီးပြီ။ ဒီထက်ပိုပြီး ဘာပြောရဦးမှာလဲနော်။
သိန်းရာနဲ့ ထောင်နဲ့ချီပြီး တန်ဖိုးရှိတဲ့ မရွှေ့မပြောင်းနိုင်သော အိမ်မြေကို ပါးစပ်နဲ့ နှုတ်နဲ့ ပြီးစလွယ် ပေးလို့ရသလား။ အဲလိုပြောလိုက်ရုံနဲ့ ပိုင်သွားရောလား။ ကျွန်တော်တို့ ကလေးဘ၀မှာ ကစားခဲ့စဉ်ကလို "ပေးပြီးပြီပဲ၊ မရဘူး၊ ပြောပြီးပြီးပဲ၊ ပြန်တောင်းရင် မျက်စိစွန်မှာပဲ" ဆိုတာမျိုး လုပ်လို့ရသလား။ ဒီလို နှုတ်နဲ့ ပေးလို့ပိုင်ကြေးဆိုရင် မြေစာရင်းရုံးတောင် ထားစရာမလိုတော့ဘူးပေါ့နော်။ ဒါကို တရားရုံးက လက်ခံတာ တော်တော်ရီရတယ်။
ဒေါ်ခင်လေးက နှုတ်နဲ့ပေးတာနဲ့ ပတ်သက်ပြီး သက်သေတွေ တင်တယ်။ သက်သေတွေက သူ့အမ၊ သူ့အမေ၊ သူ့အိမ်က အိမ်ဖော်တွေ။ နောက် သူပိုင်တဲ့ ပတ္တမြားဆေးရုံမှာ အလုပ်လုပ်နေကြတဲ့ နာပ်စ်မတွေ၊ ကားမောင်းသမား၊ သန့်ရှင်းရေး အလုပ်သမား။ သူအမြဲ ခိုင်းနေတဲ့ မီးပြင်ဆရာ မွတ်ဆလင်ကုလား၊ မိလ္လာနဲ့ ရေပိုက်ပြင်တဲ့ မွတ်ဆလင်ကုလား၊ ပန်းရံဆရာနဲ့ မဆလာဖျော်တဲ့ ပန်းရံအလုပ်ကြမ်းသမား စသည် စသည်တို့ကို နေ့စားခတွေ ပေးတန်ပေး ခေါ်ပြီးသက်သေပြတာ။ သူသင်ထားပေးတဲ့အတိုင်း ပြောပေါ့။ အမှုစစ်တာက ၁၅ မိနစ်လောက်ပဲ ကြာတာ။ နေ့စားခက ၃၀၀၀ လောက်ရတော့ တစ်ပျော်တစ်ပါးကြီး လိုက်ပေးကြတာ။ ဥပဒေမှာ သက်သေများများပြနိုင်ရင် အမှုနိုင်သလား။ ဒီသက်သေတွေကို တစ်ဖက်ရှေ့နေက ပြန်လှန်မေးတယ်။ ဘယ်နေ့က ပေးသလဲ။ မသိဘူး။ ဘယ်သူ့ရှေ့မှာပေးတာလဲ။ မသိဘူး။ ပေးကမ်းစာချူပ် မြင်ဖူးသလား။ မမြင်ဖူးဘူးနဲ့ တော်တော့ကို ရီစရာကောင်းတယ်။
ဒုတိယအချက်အနေနဲ့ ဒေါ်ခင်လေးထွက်ဆိုတာက ယောက္ခမဖြစ်သူ ဦးမြမောင်အိမ် (အခင်းဖြစ်အိမ်) မှာ ဦးမြမောင်ရဲ့ခွင့်ပြုချက်နဲ့နေစဉ်က အသေးစားပြင်ဆင်မှုတွေဖြစ်တဲ့ မီးဖိုခန်းကြွေပြားခင်းခြင်း၊ ၀ရန်တာမိုးမပက်အောင် အဖီဆွဲခြင်း၊ အိမ်ဝင်းထဲကားရပ်ရင် နေပူမမိအောင် အဖီဆွဲခြင်း၊ သစ်သားဝင်းတံခါးကို သံပန်းဆွဲတံခါးဖြင့် လဲလှယ်ခြင်း စတဲ့ တို့ကနန်း ဆိတ်ကနန်း ပြင်ဆင်မှုတွေ လုပ်ပြီး ဒီအိမ်ကို ငါပိုင်လို့ငါလုပ်တာ၊ ငါလုပ်လို့ ငါပိုင်တယ်ဆိုပြီး ရုံးမှာတင်ပြတယ်။ ဥပဒေမှာ ဘယ်လိုရှိသလဲ။ အဲလိုပြင်ဆင်မှုလုပ်ရင် လုပ်တဲ့သူက ပိုင်သွားရောလား။ ဒါဆို မြေစာရင်းရုံး ထားစရာ မလိုတော့ဘူး။ ကျွန်တော်တောင် အခု အိမ်ငှားနေတာ။ ငှားစဉ်က မီးသွယ်၊ ရေသွယ်၊ အခန်းကာ၊ ကားဂိုဒေါင်လုပ်နဲ့ အဲဒါတွေ ကျွန်တော်အကုန်ခံပြီး လုပ်ထားတာ။ အိမ်ပိုင်ရှင်ကို "အိမ်မြေလက်ရောက်ရလိုမှု" တရားစွဲကြည့်အုံးမယ်။ ဒါပေမယ့် ကျွန်တော့မှာ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်လို့ရတဲ့ ကိရိယာမရှိလို့ အမှုနိုင်မယ် မထင်ဘူး။
နောက် တတိယတစ်ချက် ဒေါ်ခင်လေးက အခင်းဖြစ်အိမ်ကို ပိုင်ဆိုင်ကြောင်း ထွက်ဆိုပုံက။ လွန်ခဲ့တဲ့ ၁၅ နှစ် ၁၆နှစ်လောက်တုံးက သားဖြစ်သူ ခွန်သီဟန် ၅ နှစ်ပြည့်မွေးနေ့ လုပ်စဉ်တုံးက မွေးနေ့ဖိတ်စာမှာ "ကျွန်တော်ကျွန်မတို့၏ သား ၅ နှစ်ပြည့် မွေးနေ့တွင် ကျွေးမွေးလိုပါသဖြင့် ကျွန်တော်ကျွန်မတို့၏ အမှတ် (၁၃၁)၊ စ၀်စံထွန်းလမ်း၊ ဈေးပိုင်းရပ် အိမ်သို့ ကြွရောက်ပါရန်" ဆိုပြီး ဖိတ်စာမှာ ရေးထားတာကို ရုံးမှာသက်သေအဖြစ် တင်ပြလာတယ်။ ငါပိုင်လို့ ငါ့အိမ်ကို ကြွကြပါဆိုပြီး ဖိတ်တာပေါ့ဆိုတဲ့သဘော။ ဥပဒေမှာ ဘယ်လိုရှိပါသလဲ။ ပွဲဖိတ်စာမှာ အဲဒီလိုစာသားပါရင် အိမ်ပိုင်သွားရောလား။ ဒါဆိုမြေစာရင်းရုံးထားစရာ မလိုတော့ဘူး။
ကဲ .. အခု ခရိုင်တရားသူကြီး ဒေါ်လင်းလင်း စီရင်ချက် (အမိန့်) ချပါတော့မယ်။ ရှုစားကြပါ။ *တရားလို ဒေါ်ခင်လေးက ထိုအိမ်နှင့် ယင်းအိမ်တည်ရှိရာ မြေကွက်တို့ကို ခွဲဝေရရှိခဲ့သည် ဆိုခြင်းမှာ မမှန်ကြောင်း ဖြေဆိုလိုက်သည်။ *အခင်းဖြစ် အိမ်အဆောက်အဦးနှင့် အိမ်တည်ရှိရာ မြေကွက်သည် ယနေ့အထိ တရားပြိုင်ဦးမြမောင် လက်ရှိပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်သည်ဆိုခြင်းမှာ မှန်ကြောင်းဖြေဆိုလိုက်သည်။ *အချင်းဖြစ်အိမ်နှင့်မြေသည် ယနေ့အထိ တရားပြိုင်ဦးမြမောင် လက်ရှိပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ရာ တရားလို ဒေါ်ခင်လေးအား လက်ထိလက်ရောက် ခွဲဝေပေးပြီးဖြစ်သည် ဆိုခြင်းမှာ မှန်ကန်ခြင်းမရှိဟု ဆုံးဖြတ်သည်။ *တရားလို (ဒေါ်ခင်လေး) သည် အချင်းဖြစ်လျက်ရှိသော အိမ်နှင့်မြေကို လက်ရောက်ရထိုက်ခွင့်ရှိကြောင်း ဖြေဆိုလိုက်သည်။ *တရားပြိုင် (ဦးမြမောင်) သည် တရားလို (ဒေါ်ခင်လေး) ကို အချင်းဖြစ်အိမ်နှင့် အိမ်တည်ရှိရာမြေကို လက်ရောက်ပြန်လည်အပ်နှံရန်နှင့် အနှောက်အယှက်မပြုရန် အမြဲတမ်းတားဝရမ်းထုတ်ပေးစေရန် စားရိတ်နှင့်တစ်ကွ အမိန့်ဒီကရီ ချမှတ်လိုက်သည်။
စာရှုသူများခင်ဗျား တရားသူကြီးဒေါ်လင်းလင်းရဲ့ စီရင်ချက်ကိုကြည့်ရင်၊ ဆရာအောင်သင်း လေသံနဲ့ ပြောရရင် "ဘာလဲဟ" ဟု ပြောရပါတော့မယ်။ ရုံးငြင်းချက်တွေကို ဖြေတဲ့နေရာမှာ ဦးမြမောင်ကို အနိုင်ပေးပြီး စီရင်ချက်ချတဲ့နေရာမှာ ဒေါ်ခင်လေးကို အနိုင်ပေးထားတာ။ သူ့စီရင်ချက်က ဘာနဲ့တူသလဲဆိုရင် "အဖြူသည် အဖြူဖြစ်၏။ အမဲသည် အမဲဖြစ်၏။ အဖြူသည် အမဲမဟုတ်။ အငြင်းမပွား။ ထို့ကြောင့် အမဲသည် အဖြူဖြစ်သည်ဟု အမိန့်ချမှတ်လိုက်သည်။" ဆိုသလို ဖြစ်နေပါတယ်။ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်တဲ့ ကိရိယာနဲ့ ဆက်နွယ်နေတာ ထင်ရှားလွန်းလှပါတယ်။
ဒီစီရင်ချက်ကို ကျွန်တော့မိတ်ဆွေ ၀ါရင့်တရားသူကြီး (အငြိမ်းစား) တစ်ယောက်ကို ပေးဖတ်ပြီး ဝေဖန်ချက်တောင်းကြည့်တာ "ခင်ဗျား ဘယ်လိုမြင်လဲ" မေးတော့ "ကျွန်တော်မြင်တာပြောရရင်တော့ ဒီတရားသူကြီး ဥပဒေနားမလည်ဘူးထင်တယ်" "တရားသူကြီးတစ်ယောက်လုပ်ပြီး ဥပဒေနားမလည်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလားဗျာ။ တစ်ခုတော့ရှိတာပေါ့လေ။ အရင် မ.ဆ.လ ခေတ်တုံးက ခင်ဗျားမှတ်မိမှာပါ။ ဆိုက်ကားမောင်းသမားတွေ၊ ကွမ်းယာရောင်းသမားတွေ၊ ငါးစိမ်းသည်တွေ တရားသူကြီးတက်ဖြစ်ကြတာလေ။ ဘယ်လိုလုပ်ပြီး ဥပဒေနားလည်မှာလဲ။ ဒေါ်လင်းလင်းက အဲဒီ မ.ဆ.လ ခေတ် တရားသူကြီး အကြွင်းအကျန်လား။ ဒါဆိုရင်တော့ ဖယ်ရှားသင့်တာပေါ့နော်။ ကျွန်တော်ကတော့ ဥပဒေနားမလည်ဘူးဆိုတာကြီးကို လက်မခံဘူး။ ဒေါ်ခင်လေးဆီက လာဘ်ငွေမြိုးမြိုးမြက်မြက်ရထားတယ်လို့ပဲ မြင်တယ်။" ဒါပဲပေါ့ဗျာ။ ရှင်းနေတာပဲ။
ဦးကြွယ်ကြွယ်တို့ကလဲ ဒီကိစ္စရှင်းသင့်ပါတယ်။ မဟုတ်ရင် မှန်ကန်တဲ့အမှုသည်တွေ အရမ်းနစ်နာပါတယ်။ အခုအမှုမှာ ဦးမြမောင်ဟာ ဇနီးဆုံးသွားတဲ့အတွက် ဥပဒေအရ အိမ်ကို ဦးမြမောင် အလိုလိုပိုင်ဆိုင်ပြီးသား။ ဦးမြမောင်မရှိတဲ့တစ်နေ့ ဦးမြမောင်ရဲ့ သားသမီးတွေ (ကျွန်တော်သိရသလောက်တော့ သုံးယောက်ရှိပါတယ်) ဆက်ခံရမှာ။ ဒါထုံးစံ။ ခု ဒေါ်လင်းလင်း လုပ်လိုက်တာ ဦးမြမောင် သက်ရှိထင်ရှား ရှိနေရက်နဲ့ မယားသေချွေးမစား လုပ်လိုက်တဲ့အပြင် ဦးမြမောင်နဲ့သူ့သားသမီးတွေ ဆက်ခံခွင့်မရှိအောင် နိုင်ငံတော်က ချမှတ်ထားတဲ့ မြန်မာ့ဓလေ့ထုံတမ်း ဥပဒေကို ကမောက်ကမဖြစ်အောင် လုပ်ပစ်လိုက်တာပဲဗျ။ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်တဲ့ကိရိယာ အတော့ကိုစွမ်းတယ်နော်။
အမြဲတမ်းတားဝရမ်း ချပေးလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့အမြင်ကို ပြောရရင် ဒါဟာ အတော့ကို မတရားတဲ့စီရင်ချက်ပါ။ ဦးမြမောင် တရားဝင်ပိုင်ဆိုင်တဲ့ အိမ်မြေ၊ ပိုင်ဆိုင်မှု အထာက်အထားဂရန်ကိုလည်း ရုံးတော်မှာ အထင်အရှားပြသနိုင်ရဲ့သားနဲ့ ပိုင်ဆိုင်သူမဟုတ်တဲ့၊ ပိုင်ဆိုင်မှုအထောက်အထား တစ်စုံတစ်ရာမပြသနိုင်သူရဲ့ အမြဲတမ်းတားဝရမ်း တောင်းဆိုမှုကို အနိုင်ပေး စီရင်ချက်ချတာ အင်မတန်ရုပ်ဆိုးလွန်းလှပါတယ်။ ဒါလူ့အခွင့်အရေးချိုးဖောက်တာပဲ။ ဒီစီရင်ချက်ကြောင့် ဦးမြမောင်ဟာ သူတရားဝင်ပိုင်ဆိုင်တဲ့ အိမ်မြေကို ဘာမှလုပ်ပိုင်ခွင့် မရှိတော့ပဲ မဆိုင်သူဒေါ်ခင်လေးရဲ့ ထိန်းချုပ်မှုအောက်ကို အလိုလိုနဲ့ ရောက်ရှိလို့သွားစေပါတယ်။ ဦးမြမောင်ရဲ့ တရားဝင်အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းကြီး ချိုးဖျက်ပစ်လိုက်တာပဲ။ ဒါ တရားသူကြီးဒေါ်လင်းလင်းရဲ့ မရိုးသားမှုဆိုတာ ပေါ်လွင်ထင်ရှားပါတယ်။ ဒေါ်ခင်လေးက ရာသက်ပန်တားဝရမ်း၊ ကမ္ဘာတည်သရွေ့တားဝရမ်း၊ တောင်းဆိုရင်တောင် ချပေးမယ့်သဘောရှိပါတယ်။
ကျွန်တော့ရဲ့ ဒီ "တောင်ကြီးမြို့တရားရုံးမှ ထူးဆန်းသောအမှုကြီး" စာစုကြောင့်၊ လူတစ်ဦး တစ်ယောက်ကို ထိခိုက်မှုရှိနိုင်တယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ထောင်သောင်းမကသော သူတွေအတွက် အကျိုးရှိနိုင်မယ်လို့ ယူဆတဲ့အတွက် ဒီတစ်ဦးတစ်ယောက်ကို ကျွန်တော်လျစ်လျူရှုရမှာပါ။ ဒီအမှုမှာပါတဲ့ တရားလို၊ တရားပြိုင်၊ တရားခံတွေဟာ ကျွန်တော်နဲ့ ဘာမှတော်စပ်ကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ မတရားမှုကို အလွန်ရွံရှာမုန်းတီးတတ်သူပါ။ ကိုယ့်ကို မတရားလာမလုပ်ချင်နေ၊ တစ်ပါးသူကို မတရားတာလုပ်နေတာတွေ့နေသိနေရရင် လက်ပိုက်ကြည့် မနေချင်သူပါ။
ပညာရှိတစ်ဦး မိန့်ကြားဖူးတဲ့စကားကို ကျွန်တော်စွဲစွဲမြဲမြဲ မှတ်မိနေပါတယ်။ “လူတစ်ယောက်ဟာ မမှန်တာမလုပ်၊ မဟုတ်တာမပြော၊ ကောင်းသောအသက်မွေးမှုနဲ့ နေထိုင်တိုင်း လူကောင်းလို့ ရာနှုန်းပြည့် မပြောနိုင်ဘူး။ မမှန်တာမလုပ်၊ မဟုတ်တာမပြောပေမယ့် မိမိရှေ့မှာ မတရားတာ၊ မဟုတ်မမှန်တာတွေ့နေပါလျက် မသိကျိုးကျွန်လုပ်နေရင် လူ့သမိုင်းရဲ့တာဝန်၊ လူ့အဖွဲ့အစည်းရဲ့ တာဝန်မကျေဘူးလို့ ယူဆရမယ်။ ဒီတာဝန်တွေကျေပွန်ဖို့အတွက် မမှန်တာကို မမှန်ကြောင်း၊ မဟုတ်တာကို မဟုတ်ကြောင်း ပြောရဲ ဆိုရဲရှိဖို့ လိုပါသေးတယ်။ ဒါမှ တကယ့်ရာနှုန်းပြည့် လူကောင်းအဖြစ် သတ်မှတ်လို့ရမှာဖြစ်တယ်။ ဥပမာ- မျက်မမြင်တစ်ယောက် ချောက်ကြီးတစ်ခုဖက် ဦးတည်ပြီးလမ်းလျှောက်နေတယ်။ ဒါကို မျက်စိကောာင်းတဲ့ ခင်ဗျားက သိမြင်ပါလျက်နဲ့ မပြောလို့ မျက်မမြင် ချောက်ကြီးထဲကျသွားတယ် ဆိုပါတော့။ ဒီကိစ္စမှာ ခင်ဗျားလုပ်တာ မဟုတ်လို့၊ ခင်ဗျားမှာ အပြစ်မရှိဘူးလို့ထင်စရာပေါ့။ ဒါပေမယ့် ခင်ဗျား လူကောင်းမဟုတ်ဘူး။ လောကပါလတရားအရ ခင်ဗျားမှာ အပြစ်ရှိကို ရှိတယ်” တဲ့။ ကဲ ဒါဆိုရင် ဒီစာစုကို ကျွန်တော်ဘာကြောင့် ရေးရတယ်ဆိုတာ နားလည်ကြမှာပါ။
တခါတလေတော့လဲ ကျွန်တော် ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းနဲ့ သူ့ရဲ့အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့သားတွေကို သနားမိတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ဘယ်သူမှ ဂရုမစိုက်၊ မကြောက်ကြပဲ စားမြဲတိုင်းစား၊ ၀ါးမြဲတိုင်းဝါးနေကြလို့ပါ။ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေတဲ့ ယနေ့ကျွန်တော်တို့နိုင်ငံကြီးမှာ ဒီမိုကရေစီရဲ့ အကြီးမားဆုံးရန်သူဖြစ်တဲ့ အကျင့်ပျက်ချစား၊ အဂတိလိုက်စားမှုကြီးကို နိုင်ငံတော်က ကော်မတီဖွဲ့ပြီး တိုက်ဖျက်တဲ့နေရာမှာ ကျွန်တော့ရဲ့ဒီစာစုက အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်နေမယ်လို့ ယုံကြည်မိတဲ့အတွက် ဒီစာစုကို ရေးသားလိုက်ရခြင်း ဖြစ်ပါကြောင်း။
အခု နောက်ဆုံး ဒီစာစု အပိုင်း (၃) မှာပါတဲ့ သတိထားစရာ အချက်အလက်အနှစ်ချူပ်ကို ရေးပြီး ကျွန်တော့ရဲ့ "တောင်ကြီးမြို့တရားရုံးမှ ထူးဆန်းသောအမှုကြီး" စာစုရေးသားခြင်းကိစ္စကို ပြီးစေရအောင်။ ဒီတောင်ကြီးခရိုင်တရားရုံး၊ တရားမကြီးမှုအမှတ် (၃၄/၂၀၁၁) အကြောင်းကို သိရှိရပြီးနောက် ယောက္ခထီးတွေ၊ ယောက္ခမတွေ၊ တစ်နေ့ယောက္ခထီး၊ ယောက္ခမဖြစ်လာမယ့်သူတွေ သတိထားကြပါ။ တတ်နိုင်ရင် သားသမီးတွေ အိမ်ထောင်ကျပြီးရင် ခွဲနေစေတာကောင်းပါတယ်။ ကိုယ့်အိမ်မှာ လက်မခံရင် ကောင်းပါတယ်။ ကိုယ့်သားသမီးဘယ်လောက်ပဲ လိမ်မာလိမ်မာ၊ လောဘတက်တဲ့၊ အကျင့်ယုတ်တဲ့၊ စိတ်ဓာတ်အောက်တန်းကျတဲ့ ချွေးမဆိုး၊ သားမက်ဆိုးနဲ့တွေ့ရင် အသက်ကြီးလို့ အိုမင်းမစွမ်းဖြစ်တဲ့အချိန်မှာ တရားတပေါင်ရင်ဆိုင်ရတတ်ပါတယ်။
ရှင်မောက္ကလာန် မထေရ်မြတ်ရဲ့ ရာဇ၀င်ကို ဖတ်ဖူးကြမှာပါ။ သတိထားကြပါ။ ကိုယ့်သားသမီးကိုလဲ လိမ်မာရေးခြားရှိအောင် "လိမ်လိမ်မာမာနေ၊ တစ်နေ့ ဒီအိမ်နင့်ကိုပေးမယ်" လို့များ ယောင်မှားပြီး မပြောမိကြပါစေနဲ့။ အိမ်ထောင်ကျပြီး သားသမီးတစ်ဦးဦးနဲ့ အတူနေတဲ့မိဘတွေ၊ သားသမီး သားမက် ချွေးမက မိမိအိမ်ကို ဟိုဟာလေး၊ ဒီဟာလေး ပြုပြင်တိုးချဲ့ရင် ကြပ်ကြပ်သတိထားကြပါ။ "မင်း ဘာ ရည်ရွယ်ချက်နဲ့ ငါ့အိမ်ကိုပြုပြင်ရတာလဲ။ ရီးတီးယားတား မလုပ်နဲ့နော်" လို့ ပြတ်ပြတ်မေး၊ ပြတ်ပြတ် ပြောထားပါ။ ခုရှုပ်မှ နောင်ရှင်းပါ။ နောက်ပြီး ကိုယ့်အိမ်မှာရှိနေတဲ့ မြေးတွေ၊ မြစ်တွေ မွေးနေ့ လုပ်ရင်သော်လည်းကောင်း၊ ကိုယ့်သားသမီး သားမက် ချွေးမက လူတွေဖိတ်ပြီး အလှုအတန်း လုပ်ရင်သော် လည်းကောင်း ဖိတ်စာရေးတဲ့အခါ သတိထားပါ။ စိစစ်ပါ။ မဟုတ်ရင် သင့်ရဲ့အိမ်ဟာ သူတို့အိမ်ဆိုပြီး ပရိသတ်ကို ကြေညာပြီးသား ဖြစ်သွားမှာပါ။ တကယ်တော့ ဒီအချက်တွေဟာ အိမ်မြေတရားဝင် ပိုင်ဆိုင်စေတဲ့ကြောင်းတွေ မဟုတ်ဘူးဆိုတာ လူတိုင်းသိပေမယ့် ဒေါ်လင်းလင်းလို တရားသူကြီးနဲ့တွေ့ရင် အကုန်လုံးနစ်နာကြမှာဖြစ်လို့ သတိပေးရကြောင်းပါခင်ဗျား။
သက်ကြီးရွယ်အို မိဘ ဘိုးဘွားများ ဘ၀နေ၀င်ချိန် လှပနိုင်ကြပါစေ။
သိစေရန် ။ ။ ဤဆောင်းပါးတွင်ပါရှိသည့် ထင်မြင်ချက်များအား တောင်ကြီးတိုင်းမ်အာဘော်မဟုတ်ပါ။
No comments:
Post a Comment