ပအိုဝ်းခေါင်းဆောင်နဲ့ လူငယ်နိုင်ငံရေးသမားများ စဉ်းစားစေလို

အမြင်ဆောင်းပါး | ခွန်သန်းအောင် (TGI) | သြဂုတ်လ ၁၈ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

မတူသည့်ကြားကိုမှ တူအောင်ကြိုးစားကြဖို့လိုသလို၊ မခံချင်စိတ်ကို ရှေ့တန်းတင်ရင်တော့ ဘယ်အဆင့်အတန်းကလာတဲ့ နိုင်ငံရေးသမားတွေလဲဆိုတာ ရေးနေကြစာကို ဖတ်ရုံကြည်ရုံနဲ့ သိနိုင်သလို၊ တွေးခေါ်ကိုယ်ခံအားနည်းတဲ့လူက နိုင်ငံရေးစာကို ထရေးလာတော့ ကလေးကစား ကလေးစကားပြောသလို ဆဲဆိုနေကြတာ နိုင်ငံရေးစာကို ရေးသားရာမရောက်တော့ဘူး။


နိုင်ငံရေးစာကို ဘယ်လိုရေးနေကြတာလဲ

ယခုတင်ပြလိုတာကတော့ နိုင်ငံရေးစာကို စိတ်ဝင်တစားနဲ့ ရေးသားနေကြတဲ့ လူငယ်တွေများကို ဆွေးနွေးမှုဖြစ်သလို ကြံကောင်းဥာဏ်ကောင်းတွေကို ဖလှယ်ရာလည်း ဖြစ်နိုင်မယ် ထင်ပါတယ်။ စာရေးသူကျတော်ဟာ ပအိုဝ်းပြည်သူနှင့် ပအိုဝ်းနိုင်ငံရေးအကြောင်းကို သိကောင်းသိနိုင်ရန် တောင်ကြီးတိုင်းမ်ကို နေ့တိုင်းလိုလို ဖတ်ဖြစ်တယ်။လူငယ်များနိုင်ငံရေး စိတ်ပါဝင်စားတာကို တွေ့ရတာ ဂုဏ်ယူစရာပါ။

သို့ပေမဲ့ စိတ်မချမ်းသာစရာတစ်ခုဖြစ်မိတာက လူငယ်များရေးနေတဲ့စာတွေဟာ နိုင်ငံရေးစာကို ရေးသားသလို မဖြစ်တော့ဘဲနဲ့ တစ်ယောက်အကြောင်းကို တစ်ယောက်ကရေးတာမျိုး၊ ပုဂ္ဂိုလ်ရေး၏အတွင်းပိုင်း ကိုယ်ရေး ကိုယ်တာတွေကို ဖော်ထုတ်ရေးတာမျိုး ဖြစ်သွားတယ်။ နိုင်ငံရေး စာအရေးအသားမဆန်တော့ဘူး။ ဥပမာ-မြန်မာ့နိုင်ငံရေးမှာ သူများဘယ်လိုရေးသားတယ်ဆိုတာ တို့လူငယ်များ များများစားစားလေ့လာဖတ်ရှု့ပြီး အရည်အသွေးကောင်းတဲ့ အရေးအသားကောင်းသမားများ ဖြစ်စေချင်တယ်။

ယခင် ကျတော်ဖတ်တွေ့ခဲ့တယ်။ တဖက်က “ဘယ်လူဟာ မယားဘယ်နှစ်ယောက်ရှိတယ်” ဆိုပြီး ပြောဆိုရေးတော့ ကျန်တဖက်ကလည်း “ငါမယားဘယ်နှစ်ယောက်ရှိရှိ၊ မင်းအမေ၊ မင်းအမ၊ မင်းအမျိုးမို့လား” အဲလို ဆဲဆိုလာပြန်တယ်။ မြန်မာနိုင်ငံရေးမှာ အဲလိုရေးသားတာ တွေ့ဖူးလို့လား။ ဥပမာ- နေ၀င်းအစိုးရခေတ်မှာ နေ၀င်းဟာ မယားလေးယောက်တောင်ရှိတယ်။ သူများနိုင်ငံရေးမှာ ထည့်ရေးတာ မတွေ့ပါဘူး။ တို့လူငယ်များ အဲလိုရေးတော့ ကိုယ်ခံအားအဆင့်အတန်းကို ဖော်ပြရာ ဖြစ်သွားမှာတာပေါ့။

ကိုယ်ခံအားဆိုတာ ကိုယ့်မှာအသိပညာဗဟုသုတ ဘယ်လောက်ရှိလို့ သူများဘယ်လိုပြောပြော မခံချင်စိတ်ကို ရှေ့တန်းမတင်ဘဲ ပညာရှိအရေးအသားနဲ့ တုန်ပြန်တာမျိုး၊ တချို့ဆိုရင် ဘယ်လူတွေက ပေါင်၊ ဒေါ်လာ၊ ဘတ်၊ ရင်းကစ်၊ ရူပီစားသမားဆိုပြီး ရေးသားတာတွေ့ရတယ်။ ကိုယ့်ရဲ့အရေးအသားနဲ့ ကိုယ့်အဆင့်အတန်းကို ဖော်နေကြတယ်။ တို့လူငယ်နိုင်ငံရေးသမားတွေ သူအထင်မကြီးရင်တောင် အထင်သေးမခံရအောင် စာအရေးအသားတွေ ဆင်ချင်ကြပါ။ မီဒီယာကျင့်ဝတ်နဲ့ ကြည့်မယ်ဆိုရင်လည်း လူတစ်ယောက်၏ အသရေဖျက်မှုနဲ့ သက်ရောက်နေတယ်။

စီမံကိန်းတစ်ခု လုပ်တော့မယ်ဆိုရင်

ကိုယ့်ရဲ့ဒေသအတွက် စီမံကိန်းတစ်ခု (သို့) ဖွံ့ဖြိုးရေးလုပ်တော့မည်ဆိုတိုင်း ဖြစ်ပေါ်လာမည့်အကျိုးဆက်ကို ကြိုတင်သုံးသပ်ခြင်း ဝေဖန်ခြင်းအရင်လုပ်ဖို့ လိုတယ်။ အဲလိုမှမဟုတ်ဘဲ ကိုယ်က ဖွံ့ဖြိုးရေး၊ တိုးတက်ရေး လုပ်တယ်ဆိုပြီး ဖြစ်လာမည့်နောက်ဆက်တွဲက ဘာဘဲဖြစ်ဖြစ်ပြီးရော လုပ်လို့မရပါဘူး။ ကိုယ်က ဖွံ့ဖြိုးရေးလုပ်ပြီး လူထုက ဒုက္ခဆင်းရဲ ခံနေရမယ်ဆိုရင် ကောင်းပါ့မလား။

အတွေးအခေါ်ပညာရှင်နိုင်ငံတွေမှာ ဒေသတစ်ခုအတွက် ဖွံ့ဖြိုးရေး၊ စီမံကိန်းလုပ်တော့မည်ဆိုရင် ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ဒေသခံတွေက ဘယ်လိုဆုံးရှုံးသွားမည်၊ ဘယ်လိုနေထိုင်ရှာဖွေ စားသောက်သွားမည်၊ ဒေသခံတွေ ဘယ်လိုထိခိုက်နစ်နာသွားမည်၊ သူတို့မြေကို စီမံကိန်းလုပ် ဖော်ဆောင်ရင် သူတို့ကျန်းမာရေး၊ ပညာရေး၊ စီးပွါးရေးအတွက် ဘယ်လိုဆက်ရပ်တည်မလဲဆိုတာ စဉ်းစားပေးတယ်၊ စာနာပေးတယ်၊ ပြန်ပေးဆပ်တယ်။

ကိုယ်က စီမံကိန်းအောင်မြင်လို့ အတောမသတ် ချမ်းသာသွားပြီး တစ်နေ့ရှာ တစ်နေ့တာစားနေရတဲ့ ပြည်သူတွေက လယ်ရှုံးမြေရှုံးနဲ့ ဘာလုပ်စားတော့မှာလဲ။ ဒေသဖွံ့ဖြိုးရေး လျပ်စစ်မီးယူဖို့ စီမံကိန်းတွေ လုပ်မည်ဆိုရင်လည်း လူထု၏၀င်ငွေကို နားလည်းဖို့လိုတယ်။ ဥပမာ- တစ်နှစ်မှာ တစ်သီးပဲ စိုက်ရတယ်။ တစ်သီးပဲဝင်ငွေရှိမယ်။ တစ်သီးမှာမှ ၀င်ငွေသုံးလေးသိန်းလောက်ပဲရှိတာ၊ ကိုယ်က တစ်လတခါ နှစ်လတခါ တစ်သိန်းသွားကောက်ရင် ပြည်သူတွေမှာ ဘာစားတော့မှာလဲ။ တစ်ခါတစ်လေ ပြည်သူလူထုကြားကို ကိုယ်တိုင်ဆင်းလေ့လာစေချင်တယ်။ မျဝေခံစားစေလိုတယ်။

အချို့ဒေသတွေမှာဆို လျပ်စစ်မီးယူရန် ပြည်သူကို အတင်းအဓမ္မကောက်ယူတော့ ပြည်သူက ရှိတာကိုရောင်းရတဲ့ အခြေအနေရောက်သွားတယ်။ ဒီမှာပအိုဝ်းခေါင်းဆောင်များကို စဉ်းစားစေလိုတာက တစ်ဖက်ကဖိကောက်တော့ ပြည်သူများက ပေးနိုင်ဖို့ ခြံယာမြေတွေကို ရောင်းရတယ်။ မြေရောင်းတော့ နိုင်ငံခြား လူမျိုးခြားတွေ၊ ကြက်ခြံတွေရောက်ရှိလာတယ်။ ကိုယ့်ဒေသကို ဖွံ့ဖြိုးရေးလုပ်တာ ဘယ်သူလူထုအတွက်လဲ စဉ်းစားပါ။ ဒီလိုပဲ ဖွံ့ဖြိုးရေး လုပ်ရင်းလုပ်ရင်းနဲ့ ကိုယ်အုပ်ချုပ်ဒေသမှာ ကိုယ်လူထုမရှိပဲ ဘယ်သူ့အတွက်ဖြစ်သွားမလဲ။ နိုင်ငံခြား လူမျိုးခြားဖြစ်ကုန်ရင် ကိုယ်တိုင်းပြည်ပျောက်၊ လူမျိုးပျောက်ပြီး စေတနာမှန်တဲ့ ခေါင်ဆောင်တစ်ယောက်မှ အတ္တသန်တဲ့ ခေါင်းဆောင်တယောက်အဖြစ်နဲ့ သမိုင်းတရားခံအဖြစ်ကျန်ခဲ့ရင် ရာဇာဝင်ရှိုင်းမှာပေါ့။

ဒါတွေပြောတာ တကယ့်ကိုယ်တွေ့ပါ။ တောင်ကြီးမြို့မြောက်ဘက်ဒေသ တစ်လျောက်မှာ လျပ်စစ်မီးမယူမနေရ ပအိုဝ်းခေါင်းဆောင်များ၏ စနစ်ညံ့ဖျင်းမှုကြောင့် ယခင်ဒေသခံခြံယာများက ယခုတရုတ်ကြက်ခြံ ဖြစ်ကုန်ရပြီ။ ဒီလိုပဲ ကိုယ်လူထုက ရောင်းပြီးထွက်သွားတာ များလာရင်တော့ ကိုယ်ဒေသနဲ့ ကိုယ်လူမျိုး နေထိုင်ကျက်စားဖို့ ရေရှည်အရေးကို မတွေးတော့ဘူးလား။ ကိုယ်အမျိုးသားကိုချစ်လို့ ဖွံ့ဖြိုးရေးလုပ်နေတာ တကယ့်စေတနာ အမှန်ပဲလား။

ခေါင်းဆောင်တို့ စဉ်းစားပါ ဖွံ့ဖြိုးရေးလုပ်ရန် ဘတ်ဂျက်ငွေရဖို့ ဒီနည်းလမ်းတစ်ခု တစ်မျိုးပဲ ရှိတာလား။ ဖွံ့ဖြိုးရေးလုပ်နိုင်ရန် ဒီအပြင် အခြားနည်းလမ်းတွေ မရှိတော့ဘူးလား။ တကယ်လို့ ဒီနည်းလမ်းပဲရှိရင် ခေါင်းဆောင်အရည်အချင်း ပြည့်မီဖို့ ဖြည့်ရဦးမှာပေါ့။ ဖွံ့ဖြိုးရေးလည်း လုပ်နိုင်တယ်။ ခေါင်းဆောင်နဲ့ ပြည်သူ နှစ်ဦးနှစ်ဖက်လည်း အဆင်ပြေပြီး ဒုက္ခမရောက်ရဘူးဆိုရင် ခေါင်းဆောင်နောက်ကိုလည်း ပြည်သူလိုက်မယ် ပြည်သူလည်း ခေါင်းဆောင်ကိုလေးစားမှာပေါ့။

1 comment:

paokhamhti said...

သယ်ရင်းရဲ့အမြင်နဲ့တင်ပြထားတဲ့ဒီဆောင်းပါးကို သဘောကျပါတယ်..ပီးတော့ သယ်ရင်းရဲ့ ပအိုဝ်းပြည်သူလူထုအပေါ်ကို ဘယ်လောက်စေတနာထားလဲဆိုတာလည်း ပေါ်လွင်နေပါတယ်..ဒါပေမဲ့ သယ်ရင်းကခေါင်းဆောင်တွေအပေါ်ထားတဲ့သဘောထားလေတော့နည်းနည်းကွဲလွဲနေတယ်ထင်လို့ပါ..သယ်ရင်းပဲစဉ်စားကြည့်ပါ ကိုယ့်ခေါင်းဆောင်ကို ညံ့ဖျင်းတယ်လို့မပြောပါနဲ့ သူတို့ကကြိုစားပေးခဲ့လို့ဒီအခြေအနေရောက်လာတာပါ...သမိုင်းကြောင်းကိုသေရှာပြန်ဖတ်ကြည့်ပါ..နောက်ပီးတော့တစ်ခုစဉ်းစားပါ.ပအိုဝ်းရွာတွေလိုက်ကြည့်ကြည့်ပါ အသက် ၄၀ အထက်ပညာကောင်းကောင်းတတ်တဲ့လူတွေ၊စာတွေကိုကောင်းကောင်းရေးတတ်ဖတ်တတ်တဲ့လူကိုရှာကြည့်ပါရှားပါတယ်..ကျွန်တော်တို့ခေါင်းဆောင်တွေဆိုတာကလည်းအဲဒီပြည်သူလူထုထဲကနေထွက်လာတာပဲမဟုတ်ဘူးလား...သူတို့လည်းသူတို့တတ်နိုင်သလောက်လုပ်ပေးလို့ဒီလိုဖြစ်တာကိုမမေ့ပါနဲ့...သယ်ရင်းတို့ကခေတ်ကောင်းမှီတော့ပညာကောင်းကောင်းသင်ရတယ်ပီးတော့မတောက်တခေါက်ပညာ ကိုယ့်ခေါင်းဆောင်းကိုပြန်ပီးပြစ်တင်ဝေဖန်တယ်ဆိုတာမဖြစ်သင့်ဘူးလို့ထင်ပါတယ်...သူတို့ကကြိုးစားပေးခဲ့လိုက်ဒီလိုပညာတွေသင်ယူနိုင်တာလေ...နောက်ဆုံးကျွန်တော်ပြောချင်တာက ဝေဖန်ပါရပါတယ်...ဒါပေမဲ့ အဖျက်သဘောတော့မဖြစ်စေနဲ့ပေါ့..နောက်ပီးတော့ကိုယ်ကဝေဖန်ရုံနဲ့မပြီးဘူးနော်..ဝေဖန်နိုင်တဲ့သတင်းကို တင်နိုင်သလို ကောင်းမွန်တဲ့အကြံဥဏ်တွေလည်းပေးပို့တင်ပြနိုင်မယ်ဆိုရင်ကောင်းတာပေါ့...