မျိုးချစ်စိတ်ဓါတ်ကို အပုပ်ချဆောင်းပါးဖြင့် ထိပါးစိန်ခေါ်လာသော ဧရာဝတီမီဒီယာ

By Myo Set on Saturday, June 16, 2012

ဧရာဝတီမဂ္ဂဇင်းကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို မီဒီယာကနေ တရားဝင်စိန်ခေါ်လိုက်ပြီဖြစ်ပါတယ်။

ဇွန်လ ၁၅ရက်နေ့ ၂ဝ၁၂ ခုနှစ် ဧရာဝတီမဂ္ဂဇင်းစာမျက်နှာရေးသားထားတဲ့ သတင်းတစ်ပုဒ်ဟာဖြင့် ရခိုင်ပြည်နယ်ကို ရခိုင်တွေ ဆက်လက် ပိုင်ဆိုင်ခွင့်ရှိဦးမလား ဆိုတာကို ရိုဟင်ဂျာဘင်္ဂါလီများဖက်မှ ထုံးစံအတိုင်းရပ်တည်သော သတင်းဆောင်းပါးတစ်ပုဒ်ဖြင့် စတင် သွေးတိုးစမ်းစိန်ခေါ်နေပြီဖြစ်ပါတယ်။

သတင်းအကျဉ်းချုပ်က ရခိုင်အရေးအခင်းဟာ အင်တာနက်သုံးစွဲသူမြန်မာများကြောင့် ပိုမိုပြင်းထန်လာပြီး အစိုးရရဲ့ အရေးပေါ်ကြေငြာချက်ဟာ ဒီ အင်တာနက်သုံးစွဲသူ မြန်မာတွေကြောင့်လို့ စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။ နောက်ထပ် ရေးသားထားတဲ့အချက်ကတော့ သြစတေးလျသုတေသီတစ်ဦးနဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ထဲက လူတစ်ဦးရဲ့ စကားကို ကိုးကားလို့ ရေးသားထားတာဖြစ်ပါတယ်။ ရေးထားတဲ့အချက်က ရိုဟင်ဂျာတွေဟာ မြန်မာ့တိုင်းရင်းသား မဟုတ်ဘူးဆိုတာ မြန်မာတွေက တစ်ဖက်သတ် မျက်စိမှိတ်ယုံကြည်နေကြတယ်လို့ဖြစ်ပါတယ်။ သို့သော်လည်း အပြစ်တင်မှုတွေကို ရှောင်ထွက်ဖို့အတွက် ရခိုင်ပြည်နယ်ထဲက အင်တာနက် သုံးစွဲမှုအခြေအနေကို အစိုးရက ကန့်သတ်ထားတဲ့အတွက် အတိအကျ ပြောဖို့ခက်ခဲနေတယ်ဆိုတာကို ဖော်ပြပြီး ထွက်ပေါက်ချန်ထားတာကိုလည်း တွေ့ရပါတယ်။

သတင်းတစ်ပုဒ်မှာ သတင်းခေါင်းစဉ်ဟာအရေးအကြီးဆုံး Main Message ဖြစ်ပါတယ်။ သတင်းခေါင်းစဉ်က "အင်တာနက်အသုံးပြုသူအချို့ကြောင့် ရခိုင်ပြည်နယ် ပဋိပက္ခ ပိုမိုဆိုးရွားခဲ့ရ" ဆိုပြီးဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကပေးတဲ့ မက်ဆေ့ခ်ျက အင်တာနက်အသုံးပြုပြီး ရခိုင်အရေးအခင်းမှာ ရခိုင်တွေဖက်က ပြတ်ပြတ်သားသား ၇ပ်တည်ခဲ့တဲ့ လူတွေကို စိန်ခေါ်လိုက်သလို လက်ညှိုးထိုးစွပ်စွဲလိုက်တာပဲဖြစ်ပါတယ်။

ရခိုင်အရေးအခင်း ဖြစ်လာတဲ့အချိန်မှာ ပြည်တွင်းမီဒီယာတွေဖြစ်တဲ့ အလဲဗင်း၊ သဗွိုက်စ်တို့မှာ ထိထိမိမိ မဖော်ပြနိုင်သေးပေမယ့် အင်တာနက်သုံးစွဲသူ မြန်မာလူငယ်များလက်ထဲကိုတော့ သတင်းအချက်အလက်များကို ဆိုရှယ်နက်ဝေါ့တွေက တစ်ဆင့် ချက်ခြင်းဆိုသလို ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ရိုဟင်ဂျာရှေ့နေ နာမည်ကြီး ဘီဘီစီနဲ့ ကျန်သော မီဒီယာများဖြစ်တဲ့ RFA, Mizzima, VOA, DVB, Irrawaddy တို့ဟာ အထိုက်အလျောက်နှာစေးနေခဲ့ကြပါတယ်။ မောင်တောမှာ စတင်ပေါက်ကွဲလာခဲ့တဲ့ ဒီဘင်္ဂါလီတွေရဲ့ လှုပ်ရှားမှုကို မသိချင်ယောင်ဆောင်ခဲ့ကြတာဟာ ဒီမီဒီယာတွေပဲ ဖြစ်ပါတယ်။ နောက်ပြီး မဖြစ်တော့လို့သတင်းဖော်ပြခဲ့ရတဲ့ အချိန်မှာတော့ ဧရာဝတီက ဆန္ဒပြမွတ်စလင်တွေကို ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တယ်ဆိုတဲ့ ခေါင်းစဉ်အကြောင်းအရာကို ဆူးလေမှာ ဆန္ဒပြနေတဲ့ မွတ်စလင်တစ်ဦးပုံနဲ့ တွဲဖက်ဖော်ပြကာ မြန်မာပြည်တွင် မွတ်စလင်များကို ယနေ့ ထူးထူးကဲကဲ နှိပ်စက်နေပါတယ်ဆိုတဲ့ ပုံစံ ရေးသားတင်ဆက်ခဲ့တာဟာ ဧရာဝတီမဂ္ဂဇင်းပဲ ဖြစ်ပါတယ်။ နောက်ပြီး နာမည်ကြီးဘီဘီစီရဲ့ ဖော်ပြပုံတွေမှာ

"တောင်ကုတ်တွင် မွတ်စလင်ဆယ်ဦးကို လူအုပ်ကြီးက ဆွဲချသတ်ဖြတ်" ဆိုတဲ့ခေါ်င်းစဉ်နဲ့

"မောင်တောတွင် မွတ်စလင်များ ဆန္ဒပြ" ဆိုတဲ့ ခေါင်းစဉ်နဲ့ မရှေးမနှောင်းဖော်ပြခဲ့ပါတယ်။ တစ်ကယ်က အကြမ်းဖက် ဆူပူခြင်း ဖြစ်စဉ်...ယနေ့အဓိကရုဏ်းရဲ့အစဖြစ်ပါတယ်။ ဒါပေမယ့် ဆန္ဓပြတယ်လို့ပဲ ဘက်လိုက်ဖော်ပြခဲ့ပါတယ်။

သောကြာနေ့မှာ ဗလီဆင်းချိန် လူစုပြီး ကမ္ဘောဇဘဏ်ရှေ့က အဖီတွေကိုဖျက်ဆီးလို့ တည်းခိုခန်းတစ်ခုကို မီးတင်ရှို့ခဲ့တဲ့လုပ်ရပ်ကို "ဆန္ဒပြသူများကို ရဲမှပစ်ခတ်"ဆိုတဲ့ အသွင်အနေနဲ့ ဧရာဝတီ၊ ဘီဘီစီနှင့်တစ်ကွ သူတို့နဲ့ နီးစပ်တဲ့ နိုင်ငံတကာမီဒီယာတွေမှာ တစ်ပြိုင်နက် ဖော်ပြခဲ့ကြပါတယ်။

တစ်ဆက်တည်းမှာပဲ ဇွန်လ ၉ရက် ၂ဝ၁၂ ခုနှစ်မှာ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) စာမျက်နှာမှာတော့ ပီတာအောင်ဆိုတဲ့ သတင်းရေးသူက ရွှေတိဂုံဘုရားမှာ ဆန္ဒပြမှုဟာ မောင်တောမြို့နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးမှု၊ လူတွေကိုသေကြေအောင်လုပ်မှု ဖြစ်အပြီးမှာ ရန်ကုန်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေက ပြုလုပ်ခဲ့ကြတာ ဖြစ်တယ် လို့ ဖော်ပြခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အဖြစ်မှန်တွေကို ဖုန်းသတင်းတွေကတစ်ဆင့် အဆက်မပြတ်ဖြန့်ဝေနေကြတဲ့ အင်တာနက်သုံးစွဲသူလူငယ်တွေကြာကို ပျံ့နှံ့လာခဲ့ချိန်မှာတော့ လူငယ်တွေဟာ ဒေါသပေါက်ကွဲခဲ့ကြပါတော့တယ်။

ထိုအချိန်မှာ အဓိကရုဏ်းကြောင့် ဘင်္ဂါလီအများစု၇ှိနေတဲ့ မောင်တောမြို့နယ်မှာရှိတဲ့ ရခိုင်တွေဟာ သေရေးရှင်ရေးနဲ့ကြုံတွေ့နေခဲ့ရပြီဖြစ်ပါတယ်။ မီးလောင်မှုများနဲ့အတူ ဦးတည်ရာမဲ့ ထွက်ပြေးနေကြတဲ့ ရခိုင်လူအုပ်ထဲကို မောင်တောမြို့ငွေပွဲစား ဇော်ဟိန်း ဆိုတဲ့သူရဲ့ နေအိမ်က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့သတင်းများထွက်ပေါ်နေပေမယ့် ထိုသတင်းဌာနတွေဟာ မောင်တောမြို့မှာရှိတဲ့ ရခိုင်လူမျိုးအနည်းစုရဲ့ ဘေးအန္တရာယ်နဲ့ပတ်သက်လို့ တစ်လုံး တစ်ပါဒမှ ဖော်ပြခြင်းမပြုဘဲ ထိုအရေးအခင်းဟာ ဘာသာရေးအဓိကရုဏ်း အသွင် ဇောင်းပေးဖော်ပြလာခဲ့ပါတယ်။

မကြာခင်မှာပဲ ပြည်တွင်းအင်အားကြီးမီဒီယာ အလဲဗင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ အင်တာနက်စာမျက်နှာတွေမှာ ရခိုင်ပြည်သူတွေရဲ့ သတင်းကို အဆက်မပြတ်ဖော်ပြပေးလာခဲ့ပါတယ်။ တပ်ရဲ့ ပေါ့လျော့မှုတွေကိုလည်း သိသိသာသာ မြင်တွေ့ခွင့်ရလာခဲ့ပါတယ်။ ဖုန်းဆက်နေရင်း ရုတ်တရက်ဖုန်းချ ထွက်ပြေးသွားရလောက်အောင် မတည်ငြိမ်မှုတွေဖြစ်နေပြီး နေ့ရောညပါ ကျီးလန့်စာစား ဖြစ်နေခဲ့ရတဲ့ စစ်တွေမြို့ အဓိကရုဏ်းဖြစ်စဉ်မှာ သေဆုံးသူ ရခိုင်လူမျိုးများရဲ့ ဓါတ်ပုံတွေ အများကြီးတက်လာခဲ့ပေမယ့် ဒီသတင်းဌာနတွေဟာ လုံးဝဖော်ပြခြင်းမပြုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘီဘီစီ မြန်မာပိုင်းရဲ့ သတင်းဓါတ်ပုံဖော်ပြမှုမှာဆိုရင် ဘင်္ဂလားတစ်ဦးရဲ့ ဆိုင်ကယ်ကို ရခိုင်များက မီးရှို့ထားတဲ့ပုံ၊ ဓါးကိုင်၊ ဝါးချွန်ကိုင်ပြီး ကိုယ့်အိမ်ကို စောင့်ကြပ်နေကြရတဲ့ ရခိုင်များရဲ့ ပုံကိုသာ ဖော်ပြပေးထားတာကို တွေ့၇မှာဖြစ်ပါတယ်။ ဒီလိုဖော်ပြခြင်းအားဖြင့် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများက ကိုယ့်အိမ်ကိုယ် ကာကွယ်နေကြတဲ့ ရခိုင်လူမျိုးများကို အစွန်းေ၇ာက် တာလီဘန်များသဖွယ်မြင်တွေ့သွားကြမှာ ဖြစ်ပါတယ်။

ဒီလို ပြည်ပမြန်မာမီဒီယာများနဲ့ နိုင်ငံတကာမီဒီယာများရဲ့ တစ်ဖက်သတ်ဖော်ပြကာ ရခိုင်လူမျိုးများအပေါ် လျစ်လျူရှုမှုများကို မခံမရပ်နိုင်ဖြစ်လာကြတဲ့ ပြည်တွင်း၊ပြည်ပမှ အင်တာနက်သုံးစွဲသူများဟာ ပြည်တွင်း Citizen Journalists များ၊ ပြည်တွင်းမှ အွန်လိုင်းသတင်းဌာနများနဲ့ ပြည်တွင်းမီဒီယာများမှ သတင်းတိုများ၊ သတင်း၇ှည်များကို အင်္ဂလိပ်လို ပြန်ဆိုရေးသားကာ ဖြန့်ဝေလာခြင်းဖြင့် စံနစ်တကျ ဖွဲ့စည်းထားကြတဲ့ နိုင်ငံရေးသမားများနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ပ မြန်မာမီဒီယာများနဲ့ နိုင်ငံတကာမီဒီယာများ၊ အိမ်နီးချင်း ထိုင်း၊စင်ကာပူတို့မှ သတင်းမှားများကို နာရီပေါင်းများစွာ ဆန့်ကျင်ချေပလာခဲ့ကြပါတယ်။ ဒီလို တစ်ဖက်သတ် သတင်းတွေကို မြင်တွေ့လာရတဲ့ အင်တာနက်သုံးသူ ပြည်သူများရဲ့ မကျေမနပ် ဒေါသပေါက်ကွဲသံများဟာ ပြည်တွင်းမီဒီယာများရဲ့ မှတ်ချက်ပြုခွင့်ပေးထားတဲ့နေရာများမှာ လျှံတက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပြည်သူတွေ မကျေမနပ်ဖြစ်နေတာကို လုံးဝ လျစ်လျူရှုခဲ့ကြတာကတော့ ထိုပြည်ပ မြန်မာမီဒီယာများပဲ ဖြစ်ပါတယ်။

မခံနိုင်တော့တဲ့အဆုံးမှာ မျိုးချစ်ရခိုင်ရဟန်းတော်များနဲ့ ရခိုင်များနှင့်တစ်ကွ ကျန်တိုင်းရင်းသားညီအစ်ကိုများဟာ ဒုက္ခပင်လယ်ဝေနေကြတဲ့ ရခိုင်များအတွက် မိမိတတ်နိုင်တဲ့နည်းနဲ့ ရွှေတိဂုံစေတီမှာ ဆန္ဒထုတ်ဖော် ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ ထို ဆန္ဒထုတ်ဖော်သူများလက်မှာ "DVB, BBC, ပြည်ပမိဒီယာများအလိုမရှိ" စတဲ့ စာသားများနဲ့ သဘောဆင်တူတဲ့ ဆိုင်းဘုတ်များကို ကိုင်စွဲဆန္ဒထုတ်ဖော်ခဲ့ကြတာကို ပြည်တွင်းမီဒီယာများနဲ့ တာဝန်သိ Citizen Journalists များရဲ့ အင်တာနက်စာမျက်နှာများမှာတွေ့ရပေမယ့် ဘီဘီစီနဲ့တစ်ကွ ကျန် မြန်မာမီဒီယာများ မှာတော့ ဆန္ဒပြ ရဟန်းတော်များနဲ့ ဘင်္ဂါလီများကို အလိုမရှိကြောင်း သတင်းဓါတ်ပုံမျာကိုသာ ရွေးချယ်ဖော်ပြခဲ့တာကိုလည်း တွေ့ရပြန်ပါတယ်။

ထို့နောက် မျိုးချစ်တိုင်းရင်းသားညီအစ်ကိုများပူးပေါင်းပြီး ဆူးလေမှာ ဆန္ဒထုတ်ဖော်တဲ့ပွဲစဉ်တွေမှာလည်း ထိုပြည်ပမီဒီယာတွေကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ၊ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ပေမယ့် အလားတူစွာပဲ မည်သည့် ပြည်ပမြန်မာမီဒီယာများနဲ့ နိုင်ငံတကာမီဒီယာများက ဖော်ပြခဲ့ခြင်းမရှိပါဘူး။ နောက်ဆုံးအနေနဲ့ အင်္ဂလန် သံရုံးရှေ့မှာ ဒီမီဒီယာတွေရဲ့ သတင်းမှား ဖြန့်ဝေမှုကို ဆန္ဒပြနေတဲ့ ပြည်သူတွေကို ပြည်တွင်းမီဒီယာများကလွဲလို့ ဘယ်မီဒီယာကမှ ဖော်ပြခဲ့တာကို လက်လှမ်းမီသလောက်မတွေ့ခဲ့ရပါ။ ဒီလို ဆန္ဒ ထုတ်ဖော်တာဟာ ပြည်သူ့ ဆန္ဒဖြစ်ပါတယ်။ မီဒီယာဆိုတာ အရှိကိုအရှိအတိုင်းဖော်ပြရတဲ့ ကျင့်ဝတ်ရှိပေမယ့် ပြည်ပမီဒီယာတွေရဲ့ အကျင့်ပျက်ဘက်လိုက်မှုကြောင့် လူထုက လက်မခံနိုင်ဘူးဆိုတာကို အခုလို နည်းလမ်းများနဲ့ ပြသလိုက်တာဖြစ်ပါတယ်။ ပြည်တွင်းအင်တာနက်စာမျက်နှာများမှာလည်း ဒီဗွီဘီဝက်ဘ်ဆိုက်ကို မခံမရပ်နိုင်ဒေါသပေါက်ကွဲနေတဲ့ ပညာတတ်လူငယ်များက တိုက်ခိုက်ခဲ့ကြပါတယ်။ အဲ့ဒီဖြစ်ရပ်ကိုလည်း ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင် မှာ ဒီလိုတိုက်ခိုက်ခဲ့ဖူးတယ်ဆိုတဲ့ အရေးအသားနဲ့ နှပ်ကြောင်းပေးပြီး ကိုယ့်ရဲ့ ရုပ်ပျက်ဆင်းပျက် ဘက်လိုက်သတင်းဖော်ပြမှုကြောင့် ဒီလို ဖြစ်ရတာကို ဖုံးကွယ်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်ကွန်ယက်ဖြန့်ကျက်မှုဟာ အိမ်နိးချင်း ထိုင်း၊မလေးရှားတို့နဲ့ ယှဉ်ရင်များစွာနည်းပါးပါတယ်။ ဒါ့အပြင် ဖြစ်စဉ်တွေမှာ ပြည်မက လူတွေသိ၇တာဟာ သတင်းတွေတက်လာမှ သိ၇တာဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တောမှာ အဓိကရုဏ်းဖြစ်ပြီဆိုတဲ့ သတင်းဟာ တစ်ကယ့်ဖြစ်စဉ်နဲ့ အနည်းဆုံး သုံးလေးနာရီ ကွာပြီးမှသာ သိကြရတာဖြစ်ပါတယ်။ နောက်ပြီး အဓိကရုဏ်းဟာ စစ်တွေမြို့ရဲ့ ပတ်ချာလည်နဲ့မောင်တောမြို့ပတ်ချာလည်ရွာတွေမှာ ဖြစ်ပွားနေပြီးမှသာ စစ်တွေမြို့ပေါ်ကိုကူးစက်လာတာဖြစ်ပါတယ်။ ဒီလို လျှပ်စစ်မီးတောင်ကောင်းကောင်းမရှိဘဲ အင်တာနက်ဆိုတာ ဝေလာဝေး ဖြစ်နေတဲ့ ရွာတွေမှာ အခြေပြုပေါက်ကွဲလာတဲ့ အဓိကရုဏ်းတွေဟာ အင်တာနက်သုံးစွဲသူမြန်မာများကြောင့် ဖြစ်လာရတယ်ဆိုတာကတော့ ရယ်ချင်ဖွယ်ဟာသပြက်လုံးတစ်ခုပဲ ဖြစ်ပါတယ်။ သြစတေးလျသုတေသီရဲ့ လက်ထဲမှာ စစ်တွေမြို့ရှိ အင်တာနက်ကွန်ယက် လွှမ်းခြုံမှု ရာနှုန်းနဲ့ ဒီဆိုရှယ်နက်ဝေါ့ကို အခင်းဖြစ်ရာဒေသက လူတွေ ဘယ်လောက်အထိ လက်လှမ်းမီသလဲ ဆိုတဲ့ ဒေတာအချက်အလက်တွေကို ရရှိထားပြီးမှ "အင်တာနက်သုံးစွဲသူတွေကြောင့် ပဋိပက္ခပိုအရှိန်မြင့်" ဆိုတဲ့ မှတ်ချက်ကို ပေးလိုက်တာလား လို့ပြန်မေးချင်ပါတယ်။

နောက်ပြီး စစ်တွေမြို့ကို ကူးစက်လာချိန်မှာ မြို့ရဲ့ အဓိကရပ်ကွက်ကြီးများမှာ နေရာတိုင်း တင်းမာမှုတွေ ဖြစ်နေပြီး သတင်းရယူသူ သတင်းထောက်များပင်လျှင် အသက်အန္တရာယ်ကိုစိုးရိမ်နေကြရတာဖြစ်ပါတယ်။ ဒိလိုအချိန်မှာ အေးအေးလူလူ အင်တာနက်ထိုင်သုံးနေကြပြီး ဒီအင်တာနက်က ဝါဒဖြန့်မှုတွေက အရေးအခင်းဖြစ်ရာ စစ်တွေရှိ ၇ခိုင်လူထုနဲ့ ဘင်္ဂါလီလူထုထဲကို ထိုးဖောက် ပျံ့နှံ့နိုင်တယ်ဆိုတာကတော့ ၇ယ်ချင်စရာပဲ ဖြစ်ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာ မွတ်စလင်များစွာ၇ှိပါတယ်။ ဒီမွတ်စလင် အသိုင်းအဝိုင်းတွေနဲ့ ကျန်တဲ့ အာရပ်နိုင်ငံ ပဋိပက္ခတွေလို မျိုးဖြုတ်သတ်ဖြတ်မှုတွေ မြန်မာနိုင်ငံမှာ လုံးဝမရှိခဲ့တာလည်းအမှန်ပဲ ဖြစ်ပါတယ်။ ဘာသာရေးအဓိကရုဏ်းတွေ ရှိခဲ့ပေမယ့် နိုင်ငံရေးပယောဂတွေကို ကာကွယ်ဖို့ ဗုဒ္ဓဘာသာရဟန်းတော်များကိုယ်တိုင် အစ္စလာမ်ဗလီများကို စောင့်ရှောက်ပေးခဲ့ဖူးတဲ့ သာဓကတွေလည်းရှိပါတယ်။ ထို့ပြင် ရခိုင်သုတေသီသမိုင်းပညာရှင်များရဲ့ စံနစ်တကျပြုစုထားတဲ့ သုတေသနစာတမ်းများရှိပေမယ့် ဒိလိုစာတမ်းတွေကို လျစ်လျူရှုပြီး မြန်မာလူထုတွေက တစ်ဖက်သတ်ဇာတ်လမ်းတွေကိုပဲ ယုံကြည်နေတယ်ဆိုတဲ့ Phil Robertson ဆိုသော လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က လူရဲ့ မှတ်ချက်ကလည်း အပေါ်ယံအင်မတန်နေပါတယ်။

မူဂျာဟစ်သူပုန်များအဖြစ်ရပ်တည်ခဲ့ပြီး ယနေ့အချိန် ရိုဟင်ဂျာများဟာ အယ်လ်ခေးဒါးများနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သတင်းများထွက်ပေါ်လာတာ မထူးဆန်းဘူးလို့ ဆိုရမှာပါ။ AZG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကိုလည်း အယ်လ်ခေးဒါးဆက်စပ်အနေနဲ့ ဖမ်းဆီးထားတယ်ဆိုတာကို 7Days သတင်းဂျာနယ်ကို အတည်ပြုပြောကြားခဲ့ပေမယ့် ဒီသတင်းလို နိုင်ငံတော်လုံခြုံရေးအတွက် ထိပ်တန်းတမျှ အရေးကြီးလှတဲ့ သတင်းမျိုးကို ဘယ်ပြည်ပမီဒီယာကမှလည်း အလေးအနက်ဖော်ပြခဲ့ခြင်းမရှိတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ထူးခြားတဲ့လုပ်ရပ်ဖြစ်တဲ့ ဘင်္ဂါလီများက ရခိုင်အိမ်များကို မီးတင်ရှို့သောဖြစ်စဉ်များကို လုံးဝ ဖော်ပြခဲ့ခြင်းမရှိတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

နောက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက နေ့စဉ်ရက်ဆက် ဒီရိုဟင်ဂျာတွေနဲ့ မွတ်စလင်အကြမ်းဖက်တွေရဲ့ ပတ်သက်မှုကို အသိအမှတ်ပြုပြောဆိုနေပေမယ့် ဒီ ဧရာဝတီမဂ္ဂဇင်းနဲ့တစ်ကွ မည်သည့်မီဒီယာများက အလေးအနက်ထား ဖော်ပြခဲ့ခြင်းမရှိတာဟာ ဘာသဘောပါလဲ။ မူဂျာဟစ်သူပုန်ဆိုတာ အစဉ်အလာရှိတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ခဲ့ပါတယ်။ ဒီလူတွေရဲ့ နောက်မျိုးဆက်တွေ အနေနဲ့ ရခိုင်ပြည်နယ်ကို အချိန်မရွေးတိုင်းပြည်ကနေ ဖဲ့ယူသွားလောက်အောင် ခြိမ်းခြောက်နေတဲ့အနေအထားမှာ ဘာကြောင့် ဒီပြည်ပမီဒီယာတွေအနေနဲ့ လျစ်လျူရှုနေပါသလဲ။ သေချာတာကတော့ ကိုယ်ကျိုးကြည့်လွန်းနေကြပြီ ဆိုတာပဲဖြစ်ပါတယ်။

သာမန် ဘလော့ဂ်များဖြစ်တဲ့ ဒီမိုဝေယံ၊ ဒေါင်းမာန်ဟုန် တို့လို လူငယ်ဘလော့ဂါတွေက အင်နဲ့အားနဲ့ အနှိပ်စက်ခံ ရခိုင်ပြည်သူတွေအတွက် အမျိုးသာရေးမှာသွေးမကွဲဘဲပူးပေါင်းခဲ့ကြပေမယ့် ဒီပြည်ပမီဒီယာတွေဟာ ၇ခိုင်ပြည်နယ်ကို လက်သိပ်ထိုးပြိး ဘင်္ဂလားများထံရောင်းစားခဲ့ကြပါတယ်။ ဒီအရေးအခင်းကို ကြိုတင်ကြံစည်ထားကြောင်းကို ဘင်္ဂလားဒေ့ရှ်သတင်းစာတစ်စောင်က ယခုနှစ် (၂ဝ၁၂) ဇန်နဝါရီလမှာ ဖော်ပြထားခဲ့ပါတယ်။ ဒီဟာကို အခုအချိန်မှာ လေ့လာတွေ့ရှိသူများက ထုတ်ဖော်တင်ပြကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ စကားနဲ့ ဆက်စပ်ကိုးကားကာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေသူများအဖြစ် မီးမောင်းထိုးပြနေပေမယ့် ဧရာဝတီအပါအဝင် ပြည်ပမီဒီယာတွေအတွက်ကတော့ ဒီလို ခြိမ်းခြောက်မှုအန္တရာယ်များဟာ မြန်မာ့အရေးသုတေသီလား ဘာသုတေသီမှန်း မသိတဲ့ လူတစ်ဦးရဲ့စကားကို ကိုးကားဖို့လောက် အရေးမပါဘူးဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒီပူးမိုနီ လို အစိုးရထိပ်တန်းအရာရှိကြီးရဲ့ စကားထက် Human Right Watch က လူတစ်ဦးရဲ့ စကားကို ပိုမို ကိုးကားလိုနေပါတယ်။

ချုပ်ပြောရရင် ဧရာဝတီဟာ ရခိုင်လူထုကို ပါးရိုက်လိုက်တာပါပဲ။ ဒုက္ခပင်လယ်ဝေနေတဲ့ ရခိုင်များနဲ့ မျိုးချစ်မြန်မာများရဲ့ သတ္တိသွေးကို စိန်ခေါ်လိုက်တာပါပဲ။ အနှိပ်စက်ခံရခိုင်လူထုနဲ့ မြန်မာ့အချုပ်အခြာအာဏာကို ထိပါးလာနိုင်မှုကို ဘယ်လိုမှ ဂရုမထားနိုင်တော့ဘဲ ငွေကြေးရဖို့သက်သက်သာ လုပ်ဆောင်နေဟန်တူနေပါတယ်။ ဒီလို လူတွေရေးတဲ့အွန်လိုင်းမီဒီယာကို အားကိုးနေရဦးမယ့် မြန်မာ့မီဒီယာလောကနဲ့ အရေးအခင်းတစ်လျှောက်လုံး ပါးစပ်ပိတ်နေခဲ့တဲ့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလိုလူရဲ့ လုပ်ရပ်တွေ ပေါင်းစပ်လိုက်တဲ့အခါ မြန်မာလူထုရဲ့ ကံကြမ္မာကို တွေးရင်း ရင်လေးနေမိပါတော့တယ်။

No comments: