ရခိုင်ပြည်နယ်အား အရေးအပေါ်အခြေအနေထုတ်ပြန်

စစ်တွေမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းဓာတ်ပုံများ
By The Voice Weekly | June 10, 2012

ဘင်္ဂါလီလူမျိုးများ၏ ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားနေသော ဘူးသီးတောင် မောင်တော မြို့များ၏ လုံခြုံရေး အခြေအနေမှာ ပြန်လည် ကောင်းမွန်လာခြင်း မရှိသည့်အပြင် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူမြို့များသို့ပါ ကူးစက်လာခဲ့သဖြင့် နိုင်ငံတော် သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ် ထုတ်ပြန်ကာ ရခိုင်ပြည်နယ်အတွင်း အရေးပေါ် အခြေအနေ ကြေညာလိုက်သည်။


နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းကို ယနေ့ည ၈ နာရီ သတင်းတွင် နိုင်ငံပိုင် ရုပ်သံ မီဒီယာများ မှတဆင့် ထုတ်လွှင့်ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတရုံးမှ ယနေ့ရက်စွဲဖြင့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၁၂) ထုတ်ပြန်ကာ ရခိုင်ပြည်နယ်အတွင်း အရေးပေါ် အခြေအနေ ကြေညာခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမြို့တွင် လုံခြုံရေး အခြေအနေ စိုးရိမ်ရေမှတ် ရောက်ရှိသည်ဟု ပြည်တွင်း သတင်းမီဒီယာများ၏ အင်တာနက် စာမျက်နှာများတွင် ဇွန်လ ၉ ရက်နေ့ ကတည်းက ကြိုတင် အသိပေးချက်များ ထုတ်ပြန်ပေးခဲ့ သော်လည်း ဒေသအာဏာပိုင် အဖွဲ့အစည်းများက လုံခြုံရေးအင်အား အလုံအလောက် ချထားပေးခြင်း မရှိခြင်းကို အခွင့်ကောင်းယူ၍ ဘင်္ဂါလီ လူမျိုးများက အကြမ်းဖက်မှုများ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီဝင် တစ်ဦးက ပြောကြားသည်။

မင်းဂံရပ်ကွက် အကွက် (၁) ကို ဘင်္ဂါလီ လူမျိုးများ ယမန်နေ့ ည၁၂ နာရီခန့်တွင် ဝင်ရောက် မီးရှို့ ဖျက်ဆီးမှုကြောင့် ဗလီတစ်ခု အပါအဝင် အိမ်ခြေ ၄ဝကျော် ပျက်စီးသွားပြီး အဆိုပါ ဘင်္ဂါလီ လူမျိုးများသည် ယနေ့မနက် ငါးနာရီခန့်တွင် ဝေသာလီ အားကစားကွင်း အနီးရှိ ရထားဘူတာမှ မြို့ပတ်ရထားကို မီးရှို့ ဖျက်ဆီးနေစဉ် ရဲတပ်ဖွဲ့ဝင်များ အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ရခိုင် ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက အခြား ဒေသများသို့ပါ ကူးစက် ပြန့်ပွားသွားဖွယ် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးမှ ရွေးချယ် တင်မြှောက်ခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

နို်င်ငံတော်အစိုးရ အနေဖြင့် တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို တရားဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်သွားရန်အတွက် လုပ်သင့် လုပ်ထိုက်သည်များကို ဆက်လက် လုပ်ဆောင်သွားရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပြီး ပြည်သူများ၏ တခဲနက် ထောက်ခံမှုကို မျှော်လင့်နေပါသည်ဟု နိုင်ငံတော် သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ မွန်းလွဲပိုင်းက ရေးသား ဖော်ပြခဲ့သည်။

စစ်တွေ လေယာဉ်ကွင်းနှင့် စစ်တွေ မီးရထားလမ်း မိုင် ၂ဝ တောက်လျှောက် တပ်မတော်မှ လုံခြုံရေး ယူထားပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက် ဖော်ပြထားသည်။

"စစ်တပ်က မြို့ပတ်ပတ်လည် ဝိုင်းထားတယ်။ မြို့ထဲမှာ နစက (နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး) နဲ့ လုံထိန်း (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့) တွေက ဖြေရှင်းနေတယ်" ဟု စစ်တွေမြို့ခံ တစ်ဦးက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

စစ်တွေမြို့တွင် ရဲနွယ်ကုန်း၊ မင်းဂံ၊ ဝေသာလီ၊ ကန်တော်ကြီး အပါအဝင် ရပ်ကွက် ၆ ခု မီးရှို့ ဖျက်ဆီးခံရကြောင်း ဒေသခံတို့က ပြောကြားသည်။

မောင်တောမြို့ပေါ်တွင် လတ်တလော တည်ငြိမ်နေပြီး မြို့နယ်အတွင်းရှိ ကျေးရွာများတွင်မူ မီးရှို့မှုများ ဖြစ်ပွားနေဆဲ ဖြစ်ပြီး စွန့်ခွာ ထွက်ပြေးရသော ရွာသူရွာသားများကို လုံခြုံရေး ယူထားသော တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) တို့ ပူပေါင်းရှာဖွေ ပေးနေကြောင်း မောင်တောမြို့ပေါ်တွင် ဒုက္ခသည် နှစ်ထောင်ကျော် ရောက်ရှိပြီ ဖြစ်ကြောင်း ယာယီ ကယ်ဆယ်ရေး စခန်းတွင် တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

ရသေ့တောင် မြို့ပေါ်သို့ ကြောက်လန့်ကာ နေရပ်စွန့်ခွာ လာသော ဒုက္ခပေါင်း ၆၀ဝ ခန့် စတင် ရောက်ရှိနေပြီး ဆိပ်ကမ်းတွင်လည်း စက်လှေများ အဆက်မပြတ် ရောက်ရှိနေကြောင်း ယင်းမြို့ခံများက The Voice Weekly သို့ ပြောကြားသည်။ "ရသေ့တောင်မှာ ခုချိန်ထိ အေးဆေးနေတုန်းပဲ" ဟု ဒေသခံ တစ်ဦးက ဆိုသည်။

UNHCR မှ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော ဒေသများကို အကူညီပေးခြင်းများကို ယနေ့မှ စတင်ကာ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့ရှိ UNHCR အဖွဲ့အစည်းထံမှ သိရသည်။

UNHCR သည် ဘူးသီးတောင် မောင်တော ဒေသတွင် ကျန်းမာရေး စောင့်ရှောက်မှုများ၊ စားနပ်ရိက္ခာများ ကို မြန်မာနိုင်ငံသားအဖြစ် အသိမှတ်မပြုသူများကို ထောက်ပံ့မှု ပေးနေခြင်း ဖြစ်ပြီး လက်ရှိ ဖြစ်ပွားလျက်ရှိသော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ကူညီမှုကို ဆုတ်ခွာလိုက်ရခြင်း ဖြစ်ကြောင်း ယင်းအသိုင်းဝိုင်းမှ စုံးစမ်းသိရသည်။

"UNHCRက သူတို့တွေ သိပ်ဆင်းရဲနေရင် အကြမ်းဖက်တွေက လွယ်လွယ်ကူကူ စည်းရုံးလို့ ရမှာစိုးလို့ ကူညီ ထောက်ပံ့ပေးတာ ဖြစ်တယ်။ ခုလို ထောက်ပံ့မှုတွေ ရပ်လိုက်တော့ ဘယ်လို ဆက်ဖြစ်နိုင်မလဲ ဆိုတာ စဉ်းစားလို့ မရတော့ဘူး" UNHCR နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

အဆိုပါဒေသများမှ UNHCR, UN နှင့် ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့ (WFP) အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံတွင်းရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အားလုံး ယနေ့နံနက်မှ စတင်ကာ ဆုတ်ခွာလိုက်ပြီ ဖြစ်ကြောင်း ယင်းအဖွဲ့စည်းများထံမှ သိရသည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် စစ်တွေမြို့တွင် ရွာလေးရွာ မီးလောင်နေဆဲ ဖြစ်ကြောင်း အဆိုပါဒေသသို့ ရောက်ရှိနေသည့် The Voice Weekly သတင်းထောက်က ယနေ့ညနေပိုင်းတွင် တိုက်ရိုက် သတင်း ပေးပို့သည်။

"မြန်မာပြည်ရဲ့လက်တွေ့ ပကတိက ဘယ်လိုအပြောင်းအလဲ ဖြစ်ဖြစ် ပြဿနာ သောင်းခြောက်ထောင်ကို ရင်ဆိုင်ရမှာပါ။ တစ်ချို့ ပြဿနာတွေနဲ့ ပတ်သက်လာရင်တော့ နိုင်ငံတကာမှာ လူကြိုက်များတဲ့ လေသံမျိုး ပစ်လို့ရပေမယ့် အမျိုးသား လုံခြုံရေး၊ အမျိုးသား အကျိုးစီးပွားနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ လူကြား မကောင်းပေမယ့် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ ခေါင်းဆောင်တွေ လိုပါလိမ့်မယ်။

စစ်ဆန့်ကျင်ရေး လေသံပစ်ပြီး မဲဆွယ်ခဲ့တယ်၊ နိုဘယ်လ်ဆုကြီး ရခဲ့တယ် ဆိုတဲ့ သမ္မတ အိုဘားမား လက်ထက်မှာ ပါကစ္စတန်မှာ ခိုနေတဲ့ အကြမ်းဖက်သမားတွေကို သမ္မတ ဘုရှ်ထက်တောင် ပိုသုတ်သင်ခဲ့ပါတယ်။ နိုင်ငံတကာ ဥပဒေတွေနဲ့ မညီတာကို သိပေမယ့် အိုစမာ ဘင်လာဒင်ကို လက်နက်ပါမပါ အကြောင်းမဟုတ် အသေပစ် ရှင်းခိုင်းပြီး အလောင်းတောင် ပင်လယ်ထဲ ကန်ချခိုင်းခဲ့တာ အိုဘာမားပါ။ ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်မယ်ဆိုပြီး မဲဆွယ်ချိန်မှာ အသံကောင်းဟစ် ခဲ့ပေမယ့် လက်တွေ့မှာ လုံခြုံရေး လိုအပ်ချက်တွေ အရ ဆက်ထားခိုင်းခဲ့တာ ကလည်း အိုဘားမားပါ။

စစ်ဆိုတာ ဘယ်စစ်မှ မကောင်းပါ။ ဒါပေမယ့် အမျိုးသား လုံခြုံရေး အမျိုးသား အကျိုးစီးပွားအတွက် လိုအပ်လာတဲ့အခါမှာ နားဝင်မချိုတဲ့ လူကြား မကောင်းတဲ့ ပရိဒေဝများတဲ့ စစ်ဆိုတာကို ရဲရဲပြောပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ ခေါင်းဆောင်မှုမျိုး ကျွန်တော်တို့နိုင်ငံရဲ့ အကူးအပြောင်းမှာ လိုပါလိမ့်မယ်" ဟု နိုင်ငံရေး သုတေသီနှင့် စစ်ဖက်ရေးရာ လေ့လာသုံးသပ်သူ ကိုမင်းဇော်ဦးက သုံးသပ်ပြောဆိုသည်။

စစ်တွေမြို့ပေါ်တွင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်များဖြင့် လုံခြုံရေး လှည့်လည် တာဝန်ယူလျက် ရှိကြောင်း အဆိုပါဒေသသို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က ယနေ့ည ၆ နာရီဝန်းကျင်၌ သတင်းပေးပို့သည်။

No comments: