တောင်သူတို့ အခက်အခဲ NDF ကို တင်ပြ


NDF ၏ ပါတီသစ် လက်ခံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ရှမ်းပြည်နယ်မှ
ပအိုဝ်းတိုင်းရင်းသား တောင်သူကြီးများကို တွေ့ရစဉ်။ (ဓါတ်ပုံ မျိုးသန့် ၊ မဇ္ဈိမ)


မျိုးသန့် | သောကြာနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၂ ခုနှစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်း တို့မှ လယ်သမား ၁၀၀ ကျော်ခန့်က လယ်မြေများ သိမ်းယူခံရခြင်း အပါအဝင်၊ လယ်ယာလုပ်ငန်း လုပ်ကိုင်ရာတွင် တွေ့ကြုံနေကြရသည့် အခက်အခဲများကို အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီသို့ သောကြာနေ့က တင်ပြခဲ့ကြသည်။

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် City Star ဟိုတယ်၌ပြုလုပ်သည့် NDF ပါတီဝင်အသစ် လက်ခံပွဲ အခမ်းအနားတွင် လယ်သမားများက ယင်းတို့တွေ့ကြုံခံစားနေရသည့် အခက်အခဲများကို NDF လွှတ်တော်အမတ်များမှတဆင့် လွှတ်တော်သို့ တင်ပြနိုင်ရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းရွာမှ တောင်သူ ဦးမင်းဌေးအောင်က ၁၉၉၆ ခုနှစ်မှ လုပ်ကိုင်ခွင့်ရခဲ့သည့် ကြံ ၁၃၂.၅၈ ဧကကို ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိမ်းယူသွားသည့်အတွက် ထိုမြေများကို လုပ်ပိုင်ခွင့် ပြန်လည်ရရှိ လိုကြောင်း ပြောသည်။

“ပို့ဆောင်ရေး အမည်ခံပြီးတော့ လာသိမ်းသွားတယ်။ ကျနော်တို့ ကြံစိုက်ပြီးတော့ မအောင်မြင်ရင် တခြားသီးနှံ စိုက်ပျိုးခွင့်ပြုမယ်ဆိုပြီးတော့ မြန်မာ့ကြံလုပ်ငန်းက နှုတ်ကတိ ပေးခဲ့ပါတယ်။ အခုကျတော့ ကျနော်တို့ကို အခြားသီးနှံ စိုက်ပျိုးခွင့် မပြုဘဲနဲ့ ၂ဝဝ၇ ခုနှစ်မှာ အကြောင်းပြချက်မရှိဘဲ ကျနော်တို့ကို သိမ်းယူပါတယ်” ဟု အခမ်းအနားတွင် တင်ပြခဲ့သည်။

ထို့အပြင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှ စောမျိုးမင်းလှိုင်ကလည်း လယ်မြေများ ရေကြီး နစ်မြှုပ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့်အတွက် မြန်မာ့ စိုက်ပျိုးရေးဘဏ်က ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်များကို
ပေးချေနိုင်ခြင်း မရှိသည့်အတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ်နှင့် ပတ်သက်၍ သင့်တော်သည့် အစီအမံများ ချမှတ်
ဆောင်ရွက်ပေးရန် တင်ပြသွားခဲ့သည်။

ညောင်လေးပင်မြို့နယ် တော်ပသီရွာမှ ဦးအေးလွင်ကလည်း ငါးလုပ်ငန်းဦးစီးဌာမှ ဆည်များလုပ်ကာ ငါးမွေးခြင်း
ကြောင့်လည်း လယ်မြေများ ပျက်စီးရသည်ဟု စွပ်စွဲ ပြောဆိုသွားခဲ့သည်။

“ကျနော် အခု အသက် ၄၆ နှစ်ရှိပါပြီ။ ကျနော်တို့ လယ်သမားတွေဟာ တခါမှ စိတ်ချမ်းသာတဲ့ဘဝကို မရရှိခဲ့ပါဘူး” ဟု ဦးအေးလွင်က တင်ပြသွားခဲ့သည်။

လယ်သမားများ၏ တင်ပြမှုများနှင့် ပတ်သက်၍ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “လယ်ယာကဏ္ဍမှာဖြစ်ပေါ်နေတဲ့ အားနည်းချက်တွေ ချို့ယွင်းချက်တွေကို အာဏာပိုင်များ သိရှိသွားအောင် တရားဥပဒေဘောင်အတွင်းကနေ
ဖြေရှင်းနိုင်အောင်၊ ပါတီကနေ အထောက်အထားတွေနဲ့ သက်ဆိုင်ရာ လွှတ်တော်ကိုလည်းကောင်း၊ လူ့အခွင့်အရေး
ကောင်စီကိုလည်းကောင်း ဖြေရှင်းပေးကြဖို့ အချိန်တန်ပါပြီ ဆိုတာကို ကျနော်တို့ တင်ပြသွားပါမယ်” ဟု ကတိပေးခဲ့ သည်။

NDF ပါတီတွင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး အရွေးချယ်ခံခဲ့ရသော်လည်း နောက်ပိုင်း တွင် ပါတီခွဲထောင်ခြင်းများနှင့် ပါတီကူးပြောင်းသွားခြင်းတို့ကြောင့် ကိုယ်စားလှယ် ရှစ်ဦးသာ ကျန်ရှိနေသည်။

NDF ၏ ပါတီသစ် လက်ခံပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့မှ ပါတီဝင် အသစ် ၁ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။

ပဲခူးမြို့ ဦးအေးမြင့် ဦးဆောင်သည့် လမ်းပြကြယ် အဖွဲ့ဝင် ၇၂,ဝဝဝ သည် NDF သို့ လျှောက်လွှာတင်ပြီး ဖြစ်သည်ဟု သိရသည်။

No comments: