ပထမဆုံးအကြိမ် ဒီမိုကရေစီစကားဝိုင်းတောင်ကြီးတွင် ကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ ၂၁၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ဒါနရှေ့ဆောင်အဖွဲ့၊ PNO ပါတီနှင့် ကျားဖြူပါတီတို့ပူးပေါင်းကာ ပထမဆုံးအကြိမ် ဒီမိုကရေစီ စကားဝိုင်းဆွေးနွေးပွဲကို တောင်ကြီးမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင်ဒီဇင်ဘာ ၁၉ရက်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

“ဒေသတွင်းဒီမိုကရေစီအားကောင်းစေခြင်းနှင့် Good Government စီမံအုပ်ချုပ်ခြင်းပိုမိုအားကောင်း စေရန်ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဒါက ပထမဆုံးခြေလှမ်းပါ၊ မျော်မှန်းခြင်းက (၁) ဒီရှမ်းပြည်နယ်မှာ လူမျိုးပေါင်းစုံ နေထိုင်တယ်။ အခုချိန်မှာလည်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေခြင်းလဲ ဖြစ်တယ်။ ဒီအတွက် ယုံကြည်မှုတည်ဆောက်ခြင်း မထမခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ (၂) ဒေသခံအာဏာပိုင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ အချင်းချင်းကြား ယုံကြည်မှုတည်ဆောင်းခြင်း တစ်ခုဖြစ်တယ်။ ဒီစကားဝိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်လည်း ဖိတ်ပါတယ်။ ဝင်ရောက်ဆွေးနွေးနိုင်မှု မရှိတာကို တွေ့ရတယ်။ ဒါကလည်း အဓိကစီစဉ်တာ ဒါနရှေ့ဆောင်က စီစဉ်တာမဟုတ်ဘူး။ ကျွန်တော်တို့ကျောင်းသားဟောင်းအဖွဲ့ ဦးဆောင်တဲ့ အတွက် လိုအပ်ချက်လေး ရှိပါတယ်။ အစိုးရအဖွဲ့အစည်းကို ဖိတ်ကြားထားပါတယ်။ အခက်ခဲရှိလို့ ထင်တယ်၊ ပါဝင်လာနိုင်ခြင်းမရှိဘူး။ နောက်ထပ် မကွေးတိုင်းနဲ့ မွန်ပြည်နယ်မှာ ဆက်လုပ်ဖို့ရှိပါတယ်။” ဟု ဦးဆောင်စီစဉ်ပေးသော ဒါနရှေ့ဆောင်မှ ပြောရေးဆိုခွင့်ရှိသူ သင်တန်းဆရာ စောချစ်သက်ထွန်းက ပြောခဲ့သည်။

“နိုင်ငံရေးရေချိန်အရ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့ သင်တန်းပေးချိန်မှာ ဆွေးနွေးပွဲကတော် တော်အားရပါတယ်။ Target တစ်ခု ရောက်အောင် လုပ်ပေးနိုင်တယ်။ ကျွန်မတွေ့ရတဲ့ ရှမ်းပြည်ရဲ့ ဒီိမိုကရေစီ စကားဝိုင်း၊ ရှမ်းပြည်ရဲ့ လူငယ်တွေ့ဆုံပွဲမှာဆိုရင် ဘောင်တစ်ခုတည်း စဉ်းစားပြီး ကျော်ပြီး မစဉ်းစားဘူး။ Target ရောက်ဖို့တအားကြိုးစားရတယ်။ တစ်ချို့ဆို target မရောက်နိုင်ဘူး အနေထားကို တွေ့ရပါတယ်၊ ဒါကြောင့် NGO အဖွဲ့အစည်းများ၊ နိုင်ငံရေး အမြင်ဗဟုသုတ ပေးသောအဖွဲ့အစည်းများ ကျေးရွာအဆင့်ထိ ဆင်းပေးပါ။ ဒီလိုစကားဝိုင်းတွေ များများလုပ်ပေးပါ၊ ဒီကိစ္စကို တောင်းဆိုချင်ပါတယ်။” ဟု ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနုဝါက ပြောသည်။

“ပါတီကို ရှေ့တန်းမတင်ဘူး၊ လူငယ်တွေကို ရှေ့တန်းတင်တယ်။ ဒါတိုးတက်မှု လှမ်းအစဘဲ။ ဒီမိုကရေစီစကားဝိုင်းဟာ တိုးတိုးတိတ်တိတ်မလုပ်ရဘူး။ လက်နက်ကိုင်ဖြစ်ဖြစ်၊ လက်နက်မကိုင်ဘူး ဖြစ်ဖြစ် အဖွဲ့စည်းပေါင်းစုံ အားလုံးပါဝင်ခွင့်ရှိရမယ်။ အားနည်းတဲ့ တိုင်းရင်းသားဒေသတွေ၊ မဖွံ့ဖြိုးသေတဲ့ ဒေသတွေ အတွေးအခေါ်အားနည်းနေသေးတဲ့ ဒေသတွေ၊ အားကောင်းလာအောင် အသိအမြင်တိုးပွားလာအောင် ဒီလိုပွင့်လင်းမြင်သာတဲ့ ဟောပြောပွဲ၊ ပွင့်လင်းမြင်သာတဲ့ စကားဝိုင်း များများလုပ်ပေးနိုင်ရင် တိုင်းပြည်အတွက်လည်း အကျိုးရှိတယ်။ ဒေသအတွက်လည်း အကျိုးရှိတယ်။” ဟု ၈၈မျိုးဆက်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရန်ကုန် အတွင်းရေးမှူး ဦးမင်းဇေယျ က ပြောသည်။

အဖွဲ့စည်းပေါင်း ၁၅ ဖွဲ့ ဖိတ်ထားပြီး၊ အစိုးရဌာနများ၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများကိုလည်း ဖိတ်ထားကြောင်း။ တက်ရောက်သူဦးရေ ၁၀၀ ဝန်းကျင်ရှိပြီး။ ဆွေးနွေးပွဲတွင် တရားဥပဒေစိုးမိုးရေး၊ ပဋိပက္ခဖြေရှင်းခြင်းနှင့် ဒေသတွင်းဒီမိုကရေစီနှင့် စီမံအုပ်ချုပ်မှုစနစ်ခေါင်း စဉ်များ ဆွေးနွေးသွားကြောင်း သိရသည်။

No comments: