ပအိုဝ်းတွေ ဘယ်ရောက်နေကြပါသလဲ? ဘာတွေ လုပ်နေပါသလဲ?

ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၃ ခုနှစ် | အမြင်ဆောင်းပါး | တောင်ကြီးတိုင်းမ်

၂၀၁၃- နိုဝင်ဘာလ ၁၂ မှ ၁၅ ရက်ထိ ချင်းပြည်နယ် ဟားခါး မြို့တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီး ခဲ့သော “ ချင်းအမျိုးသား ညီလာခံ“ သည် ချီးကျူးဂုဏ်ပြုဖွယ်ရာပင်ဖြစ်ပေသည်။ ယနေ့မြန်မာပြည်၏ “နိုင်ငံရေးယဉ်ကျေးမှု” ဖြစ်စဉ်အသစ်နှင့်လည်း သင့်မြတ်လျှော်ညီလှပေသည်။ ဒိန်းမတ်အစိုးရ ဘဏ္ဍာရေးအကူအညီရယူပြီး လူအင်အား (၅၀၀) ကျော် ပါဝင်တက်ေ၇ာက်သည့် “ချင်းအမျိုးသားညီလာခံကြီးသည်”။ ချင်းမျိုးနွယ်စုပေါင်း (၅၃) မျိုးနွယ်စုခွဲရှိသည်ဟု ဆိုလာခဲ့သော “ချင်းအမျိုးသား” တို့အကြား ဘုံအမျိုးသားရပ်တည်ချက်ကို ဖေါ်ပြနိုင်ခဲ့သော ညီလာခံကြီးလည်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ထို့အတူ မကြာမီလပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့တော်တွင် ကျင်းပပြီးစီးခဲ့သော “မွန်အမျိုးသားညီလာခံကြီး မှာလည်း အားရကျေနပ်ဖွယ်ရာပင်စြဖ်သည်။ လာမည့် ၂၀၁၄ ခုနှစ်ဦးတွင် “မွန်အမျိုးသားကွန်ဂရက်ကြီး” တရပ်ကိုပင် ဆက်လက်ကျင်းပသွားရန် ဆုံးဖြတ်နိုင်ခဲ့ခြင်းမှာလည်း အပစ်ရပ် မွန်ပြည်သစ်ပါတီနှင့် လက်ရှိမွန်ပြည်နယ်အစိုးရတို့ကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ခြင်းအပြင် မွန်အမျိုးသား ပြည်သူတို့အကြား အမျိုးသားရေးစိတ် မြင့်မားတက်ကြွ နေခြင်းကိုလည်း သက်သေခံနေပေသည်။

နှစ်နှစ်တာကာလအတွင်း အမျိုးသားအင်အားစုများအကြား အများဆုံးတွေ့ဆုံးခွင့် ရရှိခဲ့သော လူမျိုးမှာ ရှမ်းအမျိုးသားများပင်ဖြစ်ပေသည် နိုင်ငံရေးနိုးကြားတက်ကြွက်မှု ရေချိန်မြင့်မားရုံမျှမက အမျှော်အမြင်ရှိသော ခေါင်းဆောင်များဦးစီး နေသည့် အပေါ်တွင် ယ္ခုကဲ့သို့ “အမျိုးသားညီလာခံ” များဆင့်ကဲဆင့်ကဲ ခေါ်ယူကျင်းပနိုင်ခြင်းဖြစ်သည်ဟု စာရေးသူယုံ ကြည်ပေသည်။

၂၀၁၂-( ) လတွင် ရန်ကုန်ညီလာခံ ၊ လားရှိုးညီလာခံ၊ ၂၀၁၃ ခု လပိုင်းတွင် တောင်ကြီးညီလာခံနှင့် အောက်တိုဘာလတွင် ဇင်းမယ်ညီလာခံများကို စဉ်ဆက်မပြတ် ကျင်းပခဲ့သည်ကို တွေ့ရပေသည်။ အပစ်ရပ် လက်နက်ကိုင်အဖွဲ့အစည်း (2) ရပ် RCSS / SSPP နှင့် နိုင်ငံရေးပါတီနှစ်ရပ် SNLD / SNDP တို့ ပြည်တွင်း/ပြည်ပ အခြေခံတွေ့ဆုံဆွေးနွေး၍ အမျိုးသားရေးအတွက် အဖြေရှာခြင်းမှာ ချီးကျူးဂုဏ်ပြုဖွယ်ရာပင် ဖြစ်သည်။

ရန်ကုန်မြို့တွင်လည်းကောင်း၊ ဖားအံမြို့တွင်လည်းကောင်း၊ အပစ်ရပ် KNU အဖွဲ့အစည်းနှင့် ကရင် နိုင်ငံရေးပါတီ များ၊ လူထုအဓိကအဖွဲ့အစည်းများ လူငယ်/ အမျိုးသမီးအဖွဲ့အစည်းများ မကြာခဏ ဆုံတွေ့ပြီး ဆွေးနွေးညှိနှိုင်း နေကြသော သတင်းများကိုလည်း အမြဲလိုလို ဖတ်ရှုနေရပါသည် အားရစရာကောင်းသော သတင်းများဖြစ်ပေသည်။

ထို့အပြင် နိုင်ငံတကာ အခင်းအကျင်းနှင့် သတင်းမီဒီယာကဏ္ဍတွေမှာ များစွာသော တခြားတိုင်းရင်းသားများ အပြိုင်အဆိုင် ထဲထဲဝင်လုပ်ဆောင်နေကြတာကြောင့် မိမိတို့၏ ပအိုဝ်းသည်လည်း နှောင့်နှေးနေပါက ဖြစ်ပေါ်ထွန်းနေသော နိုင်ငံရေး ရေစီးကြောင်းမှာ နွံနစ်ကျနေမိပါလိမ့်မည်ဟု စာရေးသူမှ သုံးသပ်အကြံပြုမိသည်။

ယင်းကဲ့သို့ ပြောင်းလဲဖြစ်ပေါ်နေသော နိုင်ငံရေး ရေစီးကြောင်းများ၊ နိုင်ငံရေးယဉ်ကျေးမှုများနှင့်အညီ တိုင်းရင်းသား လူမျိုးအသီးသီး က လှုပ်ရှားတက်ကြွနေကြသော်လည်း မိမိတို့၏ ပအိုဝ်း အမျိုးသားများမှာမှု ငြိမ်သက် နေသည်မှာ အတော်ကြာနေပြီကို အံ့သြဖွယ်ရာတွေ့ရှိရပါသည်။

သမိုင်းနောက်ခံကိုကြည့်လျှင် လွတ်လပ်ရေးရပြီးချိန် (၁၉၄၈/၄၉) မှစ၍ တိုင်းရင်းသားများ၏ အမျိုးသားရေးလှုပ်ရှားမှုများတွင် ကရင် မွန်တို့နှင့် အတူ ပအိုဝ်းအမျိုးသားများလည်း ပါဝင်ခဲ့ပေသည်။ ၁၉၄၉ ဒီဇင်ဘာလ (၁၁) ရက်နေတွင် စတင်ခဲ့သော အမျိုးသားခေါင်းဆောင် ဦးလှဖေခေါင်းဆောင်တဲ့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုသည် ရှေးဦးတော်လှန်သူများတွင် ပါဝင်နေကြာင်း သမိုင်း၌ အထင်အရှား တွေ့မြင်ရပေသည်။

၁၉၅၈ လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ပြီးနောက်ပိုင်းတွင်လည်းကောင်း၊ ၁၉၉၁ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်အပြီးသော်လည်းကောင်း တဒင်္ဂမျှ “ငြိမ်သက်မှု” ရှိခဲသော်လည်း နိုင်ငံရေးဇာတ်ခုံမှ ကွယ်ပျောက်သွားသည်ဟူ၍ မရှိခဲ့ချေ။ တပ်ပေါင်းစု အဆက်ဆက် မဒတ (NDF)၊ မဒမခ (DAB)၊ NCUB နှင့် ယနေ့လက်ရှိ UNFC တို့အထိ ပအိုဝ်းတော်လှန်းရေး အဖွဲ့အစည်းများသည် တစိုက်မတ်မတ် ပါဝင်တာဝန်ထမ်းဆောင်ခဲ့သည်ကို တွေ့ရပေမည်။

ယခုလက်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ် သြဂုတ်လ၌ ပြည်နယ်အဆင့် အပစ်ရပ် လက်မှတ်ထိုးခြင်း၊ ၂၀၁၃- ခု မတ်လတွင် ပြည်ထောင်စုအဆင့် လက်မှတ်ထိုးခြင်းများ အပြီးတွင် အမျိုးသားအဆင့် “အမျိုးသားအဆင့်” လှုပ်ရှားမှုများကို သိပ်မတွေ့ရတောပေ။ ၂၀၁၃- မေလအတွင်းက ကျင်းပသော ညီလာခံတွင် ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ (PNO မှခွဲထက်ကျန်ရစ်သူ) အနားယူသွားခဲ့ပြီး ၀ါစဉ်အလိုက် မူလအထွေထွေအတင်းရေးမှူး ခွန်မြင့်ထွန်းအား ဥက္ကဋ္ဌ အဖြစ်လည်းကောင်း မူလတွဲဘက် အထွေးထွေးအတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်သူရိန်က ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း လက်ဆင့်ကမ်း တာဝန်ယူခဲ့ကြသည်ကို တွေ့ရသည်။

ဘဏ္ဍာရေးအနေနှင့် မူလဥက္ကဋ္ဌ ဟောင်း လက်ထက်တွင် ချို့ချို့တဲ့တဲ့ ရပ်တည်ခဲ့ကြရသော်လည်း ၂၀၁၃ ခုပြည်ထောင်စုနေ့တွင် သမ္မတကြီး ဦးသိန်းစိန် လက်ဆောင်ကား (၄၅) စီး ပါမစ်ဖြင့် ကျပ်သိန်း တသောင်းနီးပါး ရရှိခဲ့သည်အပေါ် ချောင်လည်လာခဲ့သည်ဟု သိရှိရပေသည်။ အဖွဲ့ဝင်များအတွင်း မကြေလည်မှုရှိခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အကြီးအကျယ် ဘာမှဖြစ်သည်ကို မတွေ့ရပါ။ ဗဟိုအလုပ်အမှုဆောင် အသစ်များအကြား တစ်ဦးလျှင် ကျပ်သိန်းတစ်ရာစီ ခွဲဝေ၍လည်းကောင်း မဟာမိတ် ABSDF သို့ ကျပ်သိန်း တရာစီခွဲဝေ၍လည်းကောင်း သဘောကောင်းမှုကို ပြသခဲ့ကြသည်။

နိုင်ငံရေး အခင်းအကျင်းကြောင့် ဖြစ်စေ၊ မည်သို့သော အခြေအနေကြောင့်ဖြစ်စေ ဖက်ဒရယ် ထူထောင်နိုင်ခဲ့သော နိုင်ငံများမှာ ငွေဖြင့် မဟုတ်ပဲ လူ့ဂုဏ်သိက္ခာ နှင့် လေးစားမှုဖြင့် အောင်မြင်မှု ရယူခဲ့ကြသည်ကို မြင်တွေ့ရ ပေမည်။

မှတ်ချက်။ ၂၀၁၃-ခုနှစ် မတ်လအတွင်း ပြည်ထောင်စုအဆင့် လက်မှတ်ထိုးပွဲနှင့် တောင်ကြီးပအိုဝ်းအမျိုးသားနေ့ပွဲတော်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွက် လမ်းစရိတ်အကြွေး ကျန်နေသေးကြောင်း ဥက္ကဋ္ဌဟောင်းထံမှ စိတ်မကောင်းဖွယ်ရာ ကြားသိရသည်။

ပြီးခဲ့သော PNLO ၏ မေလညီလာခံတွင် “အမျိုးသားညီလာခံတရပ်” ကျင်းပရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ စည်းရုံးရေးကော်မတီဖွဲ့စည်းခြင်း စသော သတင်းများကို ကြားသိရသော်လည်း နှစ်ဝက်ကျော်လာသည့်တိုင် လက်တွေ့လှုပ်ရှားမှု မတွေ့ရသေးဘဲ ကျန်တိုင်းရင်းသားများသာ တပွဲပြီးတပွဲ ကျင်းပနေခြင်းမှာ နိုင်းယှဉ်ချက်အရ အားနည်းမှု ရှိနေပြီးဟု စာရေးသူက သုံးသပ်ပါပေသည်။

၁၉၉၁- ခုနှစ် ဧပြီလ ကတည်းက န၀တနှင့် အပစ်အခတ်ရပ်စဲသဘောတူထားခဲ့သော ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) သည်လည်း နိုင်ငံရေးဖြစ်ထွန်းမှုအရ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီသို့ အသွင်ပြောင်းခဲ့သည်။ တပ်ဖွဲ့ (PNA) ကို ဌာနေပြည်သူ့စစ် ဟူ၍လည်း အသွင်းပြောင်းခဲ့ရပေသည်။

ဘဏ္ဍာရေးအနေနှင့် ရသမျှသော စီးပွားရေးလုပ်များ (သတ္တု၊ ပတ္တမြား၊ ကျောက်စိမ်း၊ဟော်တယ်၊ စက်ရုံ အစရှိသဖြင့်) ကို အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရသည်။ ငြိမ်းချမ်းရေးခါတော်မီတစ်ဦးဖြစ်သူ နေ၀င်းထွန်းအား ပါတီဥက္ကဌ ဦးအောင်ခမ်းထီး ၏ “မွေးစားသား” အဖြစ် စီးပွားရေးကဏ္ဍကို လုံးဝတာဝန်ပေးအပ်ခဲ့သည်။ ၄င်း၏ ပင်ကိုယ် လုပ်ရည်ကိုင်ရည်လည်း ရှိသူဖြစ်၍ မြန်မာပြည်တွင် နံပါတ် (၉) အဆင့်ချမ်းသာသူ (ခရိုနီတစ်ဦး) အဖြစ် သတ်မှတ်ခံရသည်ကိုလည်း တွေ့ရပေသည်။

အထက်လွတ်တော် အမတ်ထဲ၌ အ၀င်ဆန့်သူ၊ ပေါက်ရောက်သူလည်းဖြစ်ပေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံ၍ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း (၃) မြို့နယ် စုပေါင်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ကိုယ်ပိုင်စီမံ ခန့်ခွဲပိုင်ခွင့်ရ) ဒေသ ပေါ်ပေါက်လာခဲ့ရာ၊ ကွယ်လွန်သူ ပအိုဝ်းအမျိုးသားခေါ်ဆောင် ဦးလှဖေ၏ သားငယ်ဖြစ်သူ ခွန်ဘိုးသိန်း (ခေါ်) ခွန်စံလွင်အား ဒေသဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့သည်။ စာရေးသူ၏ သုံးသပ်ချက်မှာ ဤနည်းဖြင့် (Power Balance) အာဏာချိန်ခွင်လျှာ ထိန်းညှိပြီး ဥက္ကဋ္ဌကြီး အောင်ခမ်းထီအနေနှင့် ပြိုင်ဘက်ကင်း၊ အမြဲတမ်းခေါင်းဆောင်နေရာကို ချုပ်ကိုင်နိုင်သည်ဟု ဆိုရပေမည်။

ယင်းသို့ ဥက္ကဌကြီး အောင်ခမ်းထီက paramount leader အဆင့်ဖြင့် ဦးဆောင်နေစဉ် ၁၉၅၈/၅၉ ကတည်းက ဖွဲ့စည်းခဲ့သော ၁၉၆၀/၁၉၉၀ ရွေးကောက်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သော ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (UPNO) ကို ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန်၊ ပါတီရုပ်သိမ်းရန် ညွန်ကြားခဲ့ပေသည်။ပါတီစုံဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်သော အယူအဆ ပင် ဖြစ်ပေသည်။ သို့သော် ယ္ခုနှစ်အတွင်း UPNO (ပအမဖ) ပြန်လည်၍ မှတ်ပုံတင်နိုင်ခဲ့ခြင်းမှာ ရွေးကောက်ပွဲကော်မရှင်၏ အမြင်ကျယ်မှုပင် ဖြစ်သည်ဟု စာရေးသူ သုံးသပ်မိသည်။

ထို့ကြောင့် လက်ရှိအခြေအနေအတွင်း ပအိုဝ်းအမျိုးသားတို့အတွက် အခြေခံ ပါတီ (၃) ရပ်ရှိနေပြီးဟု ဆိုနိုင်ပေသည်။

ယင်းတို့မှာ....
၁။ အပစ်ရပ်အဖွဲ့ဖြစ်သော ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)
၂။ နိုင်ငံရေးပါတီတဖြစ်လဲ အပစ်ရပ်အဖွဲ့ဖြစ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
၃။ ပြန်လည်နိုးထလာသော ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (UPNO)

အဆိုပါ နိုင်ငံရေးဦးဆောင် (၃) ပါတီအပြင် ရှမ်းပြည်တောင်ပိုင်း မြို့ကြီးများအားလုံး တောင်ငူခရိုင် ဇရပ်ကြီးဒေသ၊ သထုံခရိုင်၊ ဘားအံခရိုင်များတွင် ပအိုဝ်းလူငယ် ပအိုဝ်းအမျိုးသမီး အသင်းအဖွဲ့များ၊ စာပေယဉ်ကျေးမှု အသင်းအဖွဲ့များ ဒေသအလိုက် တက်တက်ကြွကြွလှုပ်ရှားနေကြသည်ကို လွန်ခဲ့သော တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ပွဲများတွင် အခင်းအကျင်းကို ကြည့်၍ သိသာနိုင်ကြောင်း စာရေးသူက ထောက်ပြလိုပေသည်။

လက်ရှိကာလတွင် လူငယ်နှင့် အမျိုးသမီးများကိုလည်း နိုင်ငံရေး ပံ့ပိုးဦးဆောင်မှုတွင် အသိအမှတ်ပြုမှု၊ လက်တွဲခေါ်မှု ပြုလုပ်စေပြီး အနာဂါတ်တွင် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီအဖြစ် လူကြီး လူငယ် လက်တွဲစေလိုသည်။

နောက်ဆုံးနှင့် အဓိကအကျဆုံးအင်အားစုမှာ “ပအိုဝ်းရဟန်းသံဃာများ" ဖြစ်သည်။ ထေရ်ကြီး ၀ါကြီး၊ ပအိုဝ်းသံဃာတော်ကြီးများသည် အမျိုးသားရေး လှုပ်ရှားမှုများ၌ ဒေသအလိုက် တနိုင်တပိုင် ပါဝင်နေကြသည်ကို တွေ့ရှိရသည်မှာ ကျေးဇူးကြီးမားလှပေသည်။ ဤသို့ ဆရာတော်ကြီးများကို အမှူးထား၍ တမျိုးသားလုံးဆိုင်ရာ ညီလာခံကြီးတရပ်ကို စည်းရုံးလှုံ့ဆော်သွားမည် ဆိုလျှင် ပအိုဝ်းအမျိုးသားတို့ အနေနှင့် သမိုင်းတွင် နောက်ကျကျန်နေခြင်းမှ ရှောင်ကျဉ်နိုင်မည် ဖြစ်ပေသည်။

ထို့ကြောင့် ပအိုဝ်းတွေ ဘယ်ရောက်နေကြပါသလဲ? ဘာတွေလုပ်နေပါသလဲ? အဖြေရှာကြည့်နိုင်ရန် ဤဆောင်းပါးကို ရေးသားတင်ဆက်ရခြင်း ဖြစ်ပါသည်။

စါင်ဖါအောင်
နှင့်
ဗွေးစါင်ပေ

No comments: