မိမိမြေယာပေါ် စိုက်ထားသည့်တိုင်ဆွဲနှုတ်၍ ရွားသားများ သေနတ်ဖြင့်ချိန်ပြီးစစ်ဆေးခံရ

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ ၁၃၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်



တောင်ကြီးမြို့နယ် နောင်လေကျေးရွာအုပ်စုနှင့် ပန်းတင်ကျေးရွာအုပ်စုတို့အကြား နယ်မြေကျူးကျော်မှု ပြဿနာကို လွတ်တော်နှင့် သမ္မတထံသို့ ထပ်ခါထပ်ခါတိုင်ကြားထားသော်လည်း ကွင်းဆင်းဖြေရှင်းပေးခြင်းမရှိ၍ ဒီဇင်ဘာ ၉ ရက်နေ့တွင် နောင်လေကျေးရွာသားများက မြေလွတ်မြေရိုင်း အကွက်ချရောင်းစားနေသည့် ခြံစည်းရိုးအကွက်ကို သွားရောက်ဖျက်ဆီးရာ အပြန်လမ်းတွင် အသွင်ပြောင်းပအိုဝ်းပြည်သူ့စစ် PNA တပ်သား ၉ ဦးက ဝိုင်းရံစစ်ဆေးခံရပြီး ပစ္စည်းများ သိမ်းဆည်းခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းတွင် နောင်လေကျေးရွာအုပ်စု ရပ်မိရပ်ဖရွာသား ၂၈ ဦးကို နှစ်ဖွဲ့ခွဲ၍ မြေပုံအမှန်အတိုင်း နယ်နိမိတ်အစပ်ကို သွားရောက်စစ်ဆေးပြီး၊ အကွက်ရိုက် ရောင်းချပြီးသောနေရာတွင် နောက်ထပ်မရောင်းနိုင်အောင် စိုက်ထားသောခြံစည်းရိုးတိုင်ကို ဆွဲနှုတ်၍၊ ညနေ ၄ နာရီခွဲ အချိန်ခန့် အပြန်ခရီး၌ ဂနိုင်ကြားအရောက်တွင် ကားလေးစီးရောက်လာပြီး ဦးခွန်ဆရာကိုးအပါအဝင် လက်နက်အပြည့်ကိုင်ထားသော စစ်သား ၉ ယောက်က ရွာသားများကို ဒူးထောက်ခိုင်းကာ ဓါးပြလို ရှာဖွေစစ်ဆေးခဲ့ပြီး၊ ပါလာသော လောက်လေးဂွ၊ ဓါးမစသည်များနှင့် အမျိုးသားလွတ်တော်မှ အကြောင်းကြား စာရွက်စာတမ်းများ၊ ဆိုင်ကယ်လိုင်စင်တစ်ခုနှင့် မြေပုံသုံးပုံပါ အသိမ်းခံရကြောင်း အစစ်ဆေးခံရသူ ရွာသားများက ပြောသည်။

ဖြစ်ရပ်ဖြစ်ပွားချိန်တွင် ခွန်တဝင်း ဆိုသောရွာသားတစ်ဦးက PNA ပြည်သူ့စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့်အတွက် ၎င်းအား PNO နာမည်ကို အလွဲသုံးစားပြုလုပ်သည်ဟု စွပ်စွဲကာ အရိုက်ခံရမလိုလိုဖြစ်သေးကြောင်း သိရသည်။

“ကျွန်တော်တို့ရွာထဲမှာ PNO ပါတီရုံးရှိပါတယ်။ တကယ်လို့ ဖြေရှင်းမယ်ဆိုရင် ရုံးကိုခေါ်ပြီးတော့ အေးအေးဆေးဆေးပြောလို့ရပါတယ်။ ကျွန်တော်လည်း PNO ပါတီအဖွဲ့ဝင် တစ်ယောက်ပါ။ အခုဟာက အာဏာသုံးပြီး မတရားမှုကို အနိုင်ကျင့်ခံနေရတဲ့အတွက် မကျေနပ်နိုင်ပါဘူး။ ကျွန်တော်တို့က ဆရာတကာ သဘောတူပြီး သွားစစ်ဆေးတာပါ။ ဒါကို ဆရာတော်ကိုတောင် ဖမ်းဖို့ခြိမ်းခြောက်လိုက်သေးတယ်။ သူတို့ဘက်က ပန်းတင်ကျေးရွာအုပ်စု ဂနိုင်ရွေးရွာသား ၆ ဦးလည်း ပါလာသေးတယ်။ ဒါကို ကြည့်ပြီး ငွေများတရားနိုင်ဖြစ်နေပြီ။ ကျွန်တော်တို့မှာ ဘာရန်ငြိုးမှ မရှိဘူး။ သေနတ်နဲ့ လာပြီးချိန်စရာမလိုဘူး။” ဟု PNO ပါတီဝင်တစ်ဦး ခွန်အေးက ပြောသည်။

ဒီကိစ္စကို အထက်က တာဝန်ရှိသူများ အမှန်တရားပေါ်ပေါက်နိုင်ရန် ဖြေရှင်းပေးရန် လိုအပ်ကြောင်း၊ တကယ်လို့ မဖြေရှင်းနိုင်လျှင် ဆန္ဒပြမည့်အဆင့်ထိ ရောက်ရှိနိုင်ကြောင်း၊ တရားရုံးကိုလည်း ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ပါဝင်ပတ်သက်သည့်ရွာသားများက ဆိုသည်။




No comments: