Sea Game ဖွင့်ပွဲ အတွေး

ဆောင်းပါး | ရဝေသျှင်-မြိုင်နန်းမြေ | ဒီဇင်ဘာ ၂၂၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ကြုံတောင့်ကြုံခဲ အမိမြေမှာ ပြုလုပ်ကျင်းပခွင့် ရလိုက်တဲ့ Sea Game ပွဲတော်ကို ကိုယ်တိုင်ပါဝင် ဆင်နွဲလိုပေမယ့် ဘ၀ အခြေနေကြောင့် မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ဖြစ်နိုင်တဲ့ အထဲက Sea game ဖွင့်ပွဲကိုတော့ ကြည့်ဖြစ်အောင် ကြည့်မယ်လို့ ဆုံးဖြတ်လိုက်ရပါတယ်။ ဖွင့်ပွဲကို ကြည့်မယ်လို့ အားခဲထားပေမယ့် မှန်တာပြောရရင်တော့ သိပ်အထင် မကြီးလှပါဘူး။ ခမ်းခမ်းနားနား ရှိလိမ့်မယ်လို့လည်း မျော်လင့်မထားပါဘူး။ ခမ်းနားခဲ့ရင်တောင် ကြီးကျယ်အံ့သြဖွယ်ရာတော့ ရှိလိမ့်မယ် မဟုတ်ဘူးလို့ပဲ ယူဆထားမိပါတယ်။

အလွယ်လုပ်တတ်တဲ့ ကိုယ့်မြန်မာတွေရဲ့ အကျင့်စရိုက်ကိုလည်း မြင်တွေ့နေရ ကြားသိနေရလို့ပါ။ (ကိုယ် ကိုယ်တိုင်က အစပေါ့ဗျာ) နောက်တစ်ခုရှိတာက ရွာနားကမြက် ရွာနွားမစားဘူး ဆိုတဲ့စကားပုံ ရှိသလို ရွာနားကဘုရား ရွာသားမကိုးကွယ် ဆိုတဲ့ ဆိုရိုးလည်းရှိတယ် မဟုတ်လား။ အဲဒီပင်ကိုယ် အခံစိတ်ထားတွေကြောင့် အထင်ကြီးစိတ် မရှိခဲ့တာလို့ ပြောမယ်ဆိုလဲ ပြောနိုင်ပါတယ်။ (ခုအွန်လိုင်းမှာ ဖွင့်ပွဲအတွက် ဘာကြောင့်ညာကြောင့် ဂုဏ်မယူပါဘူး ဆိုတဲ့သူတွေ အကောင်းမမြင်နိုင်တဲ့သူတွေဟာလဲ ဒီသဘောထား လွှမ်းမိုးနေသူတွေလို့ ပြောရမှာပါ။)

ဒါပေမယ့် ဖွင့်ပွဲကို TV ချန်နယ်ကနေ တကယ်တမ်း ကြည့်လိုက်ရတော့ အားပါးပါးလို့ အော်ဟစ်ပြီး လက်ဖျားခါသွားရလောက်တဲ့အထိ အတွေးနှင့်အထင် တက်တက်စင်အောင် လွဲပါရောလား။ မြင်ရတွေ့ရတာများ မယုံချင်စရာ၊ မြန်မာဆိုတာ ဒါလား၊ မြန်မာမှ ဟုတ်ရဲ့လား၊ အိက်မက်များ ဖြစ်နေလေရော့သလားလို့တောင် ကိုယ့်နားရွက် ကိုယ်အကြိမ်ကြိမ် ပြန်စမ်းကြည့်မိပါရဲ့။ အိပ်မက်မဟုတ် တကယ့်လက်တွေ့ မျက်တွေ့ သရုပ်အမှန်လို့ သိလိုက်ရချိန်မှာတော့ တစ်ကိုယ်လုံးထဲ ရှိရှိသမျှ အသွေးအသား အကြောအချဉ်တွေ ရုန်းကြွလို့ ကြက်သီးမွေးညင်း ဖြန်းဖြန်းထသွားရပါပေါ့။

မြန်မာဆိုတာ မမာမခန့် ပျော့ညံ့ညံ့ မဟုတ်ဘူး၊ မျိုးဂုဏ်ဆွေယုတ် သေးနုပ်နုပ် မဟုတ်ဘူး၊ ဇာတိဂုဏ်မဆန့် စုတ်ပြတ်ပြတ် မဟုတ်ဘူး၊ ရှက်နိုးစဖွယ် သိမ်ငယ်ငယ် မဟုတ်ဘူး၊ ထုံထုံထိုင်းထိုင်း မှုန်မှုန်မှိုင်းမှိုင်း မဟုတ်ဘူး၊ မလန်းမဆန်း ညှိုးနွမ်းနွမ်း မဟုတ်ဘူး၊ ကြောက်ရွံ့စိတ်ကဲ မ၀ံ့မရဲ မဟုတ်ဘူး ဆိုတာ Sea game ဖွင့်ပွဲက လှစ်ဟနိုင်ခဲ့သလို…

မြန်မာဆိုတာ စိတ်ထားဖြူချော မာကျောသူတွေ၊ ရိုးဂုဏ်ခမ်းနား ကြီးမားသူတွေ၊ သမိုင်းခိုင်ခံ့ မြင့်မြတ်သူတွေ၊ ရိုးရာစုံထွား မော်ကြွားသူတွေ၊ အပြုံးချိုမြ ရံခသူတွေ၊ ဖြူစင်းကင်းပ လှပသူတွေ၊ ခွန်အားပြည့်လျမ်း လန်းဆန်းသူတွေ၊ မျိုးဂုဏ်ကြွယ်တင့် ရဲရင့်သူတွေ၊ ရာဇ၀င်ကျစ်လစ် မျိုးချစ်သူတွေ ဆိုတာကိုလည်း Sea game ဖွင့်ပွဲက ပြသနိုင်ခဲ့ပါတယ်။ အော် မြန်မာဆိုတာ ကမ္ဘာက သိအောင် ဒီပွဲက လုပ်ဆောင်နိုင်ခဲ့ပြီပဲလို့ ဂုဏ်ယူဝမ်းမြောက် အားရကျေနပ်မိတာတော့ အတိုင်းအဆ မရှိပါပဲ။

ဂုဏ်ယူမှုတွေ အားရမှုတွေ ကျေနပ်မှုတွေနှင့် နှစ်သက်မှုတွေကို အထွဋ်အထိပ် ရောက်စေခဲ့တာကတော့ ပုဂံရဲ့ အပြနှင့် အင်းဝရဲ့ အလှပါပဲ။ ပုဂံခေတ်နှင့် အင်းဝခေတ် သရုပ်ဖော်မှုကို မြင်ရတော့ ရင်ထဲမှာလှိုက်မော ပျော်တော်ဇောနှင့် ပီတိသောမနဿ ဇောအဟုန်တွေဟာ ပြောပြလို့ မစွမ်းသာအောင် မကုန်နိုင်အောင် အရှိန်ပြင်းပြင်းနှင့် ညှို့ယူအားကောင်းကောင်းနှင့် မျိုးချစ်စိတ်ဓာတ်တွေ ဇာတိဂုဏ်မာနတွေကို ရုန်းကြွထွက်ပေါ်လာစေခဲ့ပါတယ်။ ဒါမှ မြန်မာကွ လို့တောင် လက်သီးလက်မောင်း တန်းပြီး အော်ဟစ်လိုက်ချင်တာပါ။ TV သေးသေး မြင်ကွင်းကျဉ်းကျဉ်းမှာ ကြည့်နေမြင်နေရတဲ့ ကိုယ်တောင် ဒီလို ခံစားမှု ၀င်ရောက်စီးဆင်းနေတယ်ဆိုရင် ကွင်းထဲ ကိုယ်တိုင် ကိုယ်ကျ ၀င်ကြည့်ခွင့်ရသူတွေ၊ LED ဘုတ်အကြီးတွေနှင့် ကြည့်မြင်ရသူတွေဆိုရင် ဘယ်လောက်များ အားရ၀မ်းသာ ဂုဏ်ယူလိုက်ကြမလဲလို့ မုဒိတာ အတွေးနှင့်လည်း တွေးမိပါတယ်။

မှန်တာပြောရရင် တစ်သက်နှင့်တစ်ကိုယ် ကိုယ့်အမိမြေ ကိုယ့်နိုင်ငံအတွက် ဒီလို ဂုဏ်ယူဝမ်းမြောက်ရတဲ့စိတ် ကျေနပ်အားရတဲ့စိတ် တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးဘူး။ အခု နိုးကြားလာတဲ့ ဂုဏ်ယူစိတ်နှင့် မျိုးချစ်စိတ်တွေဟာ အခြေအနေ အရကြောင့် မလွဲသာမရှောင်သာ ပေါ်လာရတာ မဟုတ်သလို တစ်စုံတစ်ယောက်ရဲ့ တွန်းအား ကြောင့် ပေါ်ထွက်လာရတာလဲ မဟုတ်ပါဘူး။ နှလုံးသား အလယ်တည့်တည့် အနက်ရှိုင်းဆုံး တစ်ထောင့် တစ်နေရာကနေ အလိုအလျောက် ရုန်းထနိုးကြား စီးဆင်းလာတဲ့ မျိုးချစ်စိတ်ဓာတ် ဂုဏ်ယူစိတ်ဓာတ် အမှန်အကန်ပါ။

ဒီလိုပြောလိုက်တော့ တစ်ချို့က ပြောကြလိမ့်မယ်။ (အွန်းလိုင်းမှာ ဖွဘုတ်မှာ ပြောကြဆိုကြ ရေးကြသလိုပေါ့) ဒီပွဲဟာ (နိုင်ငံတစ်ခုရဲ့ ) တရုတ်နိုင်ငံရဲ့ အကူအညီနှင့် လုပ်တဲ့ပွဲ သူတို့ဦးစီးတဲ့ပွဲမို့ ဂုဏ်ယူစရာ မဟုတ်ဘူး၊ ဂုဏ်မယူသင့်ဘူးလို့ပေါ့။ အဲဒီလို ပြောကြသူတွေကို ဒီလိုလေး ပြောကြည့်ချင်ပါတယ်။

တရုတ်ဆိုတာ ကိုယ့်နိုင်ငံအတွက် မိတ်ဆွေကောင်း မိတ်ဆွေစစ် ဟုတ်မဟုတ် ဆိုတာတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် မိတ်ကောင်းဖြစ်စေ မိတ်ဆိုးဖြစ်စေ လောလောဆယ်မှာတော့ သူ့အကူအညီကို ယူနေရတာ အမှန်ဖြစ်သလို ဒီပွဲမှာ ကိုယ်တို့ကို သူအကူအညီ ပေးနေတာလဲ အမှန်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာ တစ်ခုကတော့ အကူအညီဆိုတာ အသုံးချတတ်ရင် ကိုယ့်အတွက် အောင်မြင်ရေး သော့ချက်ပါပဲ။ ကိုယ့်ကို အသုံးချဖို့ ချဉ်းကပ်လာသူကို ကိုယ်သာ အသုံးကျမယ်ဆိုရင် သူ့ကို ကိုယ်က ပြန်အသုံးချနိုင်ပါတယ်။ ပြီးတော့ နိုင်ငံနှင့် ချီမပြောဘဲ တရုတ်လူမျိုးအနေနဲ့ပြောရင် စိတ်သဘောထားပြည့်ဝတဲ့ တရုတ်တွေလဲ ရှိမှာ အမှန်ပါ။ အဲဒါတော့ ရွှေမြန်မာတွေ သတိပြုရမယ့်အချက်ပါ။

လွတ်လပ်ရေးယူခဲ့တဲ့ သာဓကကိုကြည့်ကြပါ။ ဗြိတိန်ကို တိုက်ထုတ်ဖို့ ဂျပန်အကူအညီ တစ်ခါ ယူခဲ့ရပြီး ဂျပန်ကို ပြန်တိုက်ထုတ်ဖို့ အတွက်တော့ ဗြိတိန်အကူအညီ ယူခဲ့ကြရတယ် မဟုတ်လား။ အငိုက်မမိဖို့ အရေးကြီးပါတယ်။ ငါးပြားယူပြီး ဆယ်ပြား ပြန်ပေးလိုက်ရတာမျိုးတော့ သတိထားနိုင်ရင် အကောင်းဆုံးပေါ့။ ဘာပဲပြောပြော ကိုယ်ကတော့ Sea Game ဖွင့်ပွဲကို မြန်မာနိုင်ငံသား အနေနဲ့ ဂုဏ်ယူပါတယ်။ အထူးသဖြင့် ဂုဏ်ယူမိတာက မီးရှူးမီးပန်းတွေလှလို့ ဆိုတဲ့ အချက် မဟုတ်ပါဘူး။ တကယ်လို့သာ မီးရှူးမီးပန်းလှတာလောက်ကိုသာ ဂုဏ်ယူနေမယ်ဆိုရင်တော့ ဒါဟာ တရုတ်ကို သက်သက်အထင်ကြီးပြီး ကိုးကွယ်ရာရောက်တယ်လို့ ပြောနိုင်ပါတယ်။ ဂုဏ်ယူတာလဲ တကယ်ဂုဏ်ယူတတ်ဖို့ လိုပါတယ်။ မီးရှူးမီးပန်းကို ဘာလို့ဂုဏ်မယူရတာလဲ ဆိုတော့ မီးရှူးမီးပန်းက ဘယ်လောက်လှလှ ကိုယ့်နိုင်ငံရဲ့ဂုဏ် ကိုယ့်နိုင်ငံရဲ့သမိုင်း ကိုယ့်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု ကိုယ့်နိုင်ငံရဲ့ ဇာတိသွေး ဇာတိမာန် စတာတွေကို မဖော်ကျူးနိုင်လို့ပါပဲ။ ကိုယ့်နိုင်ငံရဲ့ သမိုင်းစတာတွေကို ကိုယ်စားမပြုနိုင်ဘူးလို့လဲ ပြောနိုင်ပါတယ်။ နည်းပညာပိုင်ဆိုင်တဲ့ နိုင်ငံတိုင်း မီးရှူးမီးပန်းတွေကို လှအောင်ပအောင် လုပ်နိုင်ပါတယ်။ မရှိခဲ့တဲ့ မော်ကွန်းသမိုင်း ရာဇ၀င် စတာတွေကိုတော့ နည်းပညာက ရှိအောင် လုပ်ယူလို့ မရပါဘူး။ မီးရှူးမီးပန်းကို နည်းပညာနှင့် ဖန်တီးရတာဖြစ်ပြီး သမိုင်းစတာတွေကိုတော့ လူသားမျိုးနွယ်နှင့် ဖန်တီးရတာ ဖြစ်ပါတယ်။

ဒါကြောင့် စာရေးသူကတော့ ပုဂံခေတ် သရုပ်ဖော် နှင့် အင်းဝ သရုပ်ဖော် / ပြီးတော့ မြန်မာမြေပုံ သရုပ်ဖော်မှုတွေကို အဓိက ဂုဏ်ယူမိတာပါ။ တရုတ်က နည်းပညာ ဘယ်လိုပဲ ပံ့ပိုးပံ့ပိုး မြန်မာတို့ရဲ့ စိတ်ကူးအကြံဉာဏ်သာ မပါရင် ပုဂံ အင်းဝတို့ သရုပ်ကို ပီပြင်အောင် ပုံမဖော်နိုင်မှာတော့ အသေအချာပါပဲ။ ပုဂံ အင်းဝတို့ရဲ့ သရုပ်ဖော်ကျူးမှုဟာ ကြက်သီးဖြန်းဖြန်းထအောင် ကောင်းတယ်လို့ ပြောနိုင်သလို အစဉ်အလာကြီးမားခဲ့တဲ့ မြန်မာရဲ့ဂုဏ်ကို အကောင်းဆုံး ဖော်ကျူးလိုက်နိုင်တယ်လို့လည်း ဆိုနိုင်ပါတယ်။ နိုင်ငံ့အသီးအပွင့် လူငယ်တွေအတွက်လည်း မျိုးချစ်စိတ်ဓာတ်တွေ တဖျပ်ဖျပ်နှိုးကြွစေနိုင်ခဲ့ပါတယ်။ ဒီသီချင်းသရုပ်ဖော်ကို TVတွေက မကြာခဏ လွင့်ပေးနိုင်ရင် Country Image ကောင်းတွေ ရရှိနိုင်မယ်လို့တောင် ယူဆမိပါတယ်။

တစ်ခုတော့ ပြောစရာ ရှိပါတယ်။ မြန်မာတွေက ကျေးဇူးသိတတ်မှု အားကြီးတယ်ဆိုတာ ငခင်ညိုဇာတ်လမ်းက သက်သေပြနေသလို အားနာမှုကလဲ လွန်ကဲတတ်ကြတာ အားလုံးအသိပါ။ အဲဒီအချက်ကို အခွင့်ကောင်းယူပြီး အသုံးချတတ်သူတွေ အတွက် မြန်မာတွေ အသုံးချခံဘ၀ ရောက်သွားရတတ်တာ မျက်မှောက်ဘာသာရေး လူမျိုးရေးပြဿနာက အကောင်းဆုံးနှင့် အထင်ရှားဆုံး သက်သေသာဓက တစ်ခုပါပဲ။ ဒါကြောင့် တရုတ်နှင့်မြန်မာ ဆက်ဆံရေးမှာလဲ ဒီသဘောသဘာဝကို နှောကျေဖို့ လိုအပ်သလို သတိပြုမိဖို့လည်း အရေးကြီးလှပါတယ်။ မိတ်ဆွေကောင်းဆို တာ တစ်ခုပေးဖူးတာကို နှစ်ခုပြန်ယူရမှ ကျေနပ်သွားတာမျိုး မဟုတ်ပါဘူး။ နှစ်ခုပေးလိုက်ရပေမယ့် တစ်ခုပြန် ယူရရင်တောင် ကျေနပ်တတ်တာမျိုးပါ။

တကယ်လို့များ တစ်ခုပေးဖူးတာကို နှစ်ခုပြန်ယူရမှ ကျေနပ်တတ်တဲ့ သဘောထားမျိုး ရှိမယ်ဆိုရင် မိတ်ဆွေလို့ မဆိုနိုင်ပါဘူး။ အကျိုးလိုလို့ ညောင်ရေလောင်းတဲ့သဘော သက်ရောက်သွားပြီး နိုင့်ထက်စီးနင်း ပြုလုပ်လိုတဲ့ စိတ်ဓာတ်မျိုးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒီဖွင့်ပွဲကို အကြောင်းပြုပြီး အများပြောဆို ယူဆထားကြသလို စိုးရိမ်နေကြသလို ဧရာဝတီမြစ်ဆုံကိစ္စတွေကို လိုက်လျောရမယ်ဆိုရင် ဒါထိုက်တန်တဲ့ ကျေးဇူးတုံ့ပြန်မှု မဟုတ်ပါဘူး။ ကြီးမားတဲ့ လျှော်ကြေးကို အလျှော်အစား ပြုလုပ်ရတဲ့ သဘောမျိုးပဲ သက်ရောက်ပါတယ်။ အဲဒီလိုမျိုး အဖြစ်ခံဖို့ မသင့်ပါဘူး။ မဖြစ်အောင်လည်း ကြိုးစားကြရမှာပါ။

နောက်ထပ်ပြောရရင်တော့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ပြောရပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကမ္ဘာမှာ မြန်မာလို့ သိရအောင်၊ ပေါ်လွင်ထင်ရှားအောင်၊ ကျော်ကြားအောင် ပြုလုပ်ပေးနိုင်တဲ့ အရာ၊ ပြုလုပ် ပေးခဲ့တဲ့ အရာတွေထဲမှာ တိုင်းရင်းသားတွေရဲ့ ထူးခြားဆန်းပြားတဲ့ ရိုးရာဝတ်စုံ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှု သွင်ပြင်စရိုက်လက္ခဏာတွေလဲ အဓိက နေရာကနေ ပါဝင်နေလို့ပါပဲ။

ခု Sea Game ပွဲမှာ ပုံဖော်ပြခဲ့တဲ့ ပုဂံနှင့်အင်းဝ ပုံရိပ်တွေက မြန်မာလူငယ် လူရွယ်လူလတ် လူကြီးလူမြတ် လူညံ့လူယတ် လူစုတ်လူတော်တို့ပါ မကျန် အလွှာပေါင်းစုံ လူမျိုးပေါင်းစုံ တိုင်းရင်းသား ပေါင်းစုံတို့ရဲ့ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံ့ချစ် စိတ်ဓာတ်ကောင်းတွေကို အရှိန်အဟုန် ပြင်းပြင်း ရိုက်ချက်အား ကောင်းကောင်းနှင့် တလိမ့်လိမ့် မြင့်တက်လာတဲ့ ပင်လယ်သမုဒ္ဒရာ ဧရာမလှိုင်းလုံးကြီးတွေလို ဇာတ်ရှိန်အမြင့်ဆုံးနှင့် အထွဋ်အထိပ်ရောက်အောင် ရှင်သန် နိုးထပြီး တလိမ့်လိမ့် ရုန်းကြွနိုးကြားလာစေနိုင်ခဲ့တာတော့ အမှန်ပါ။ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကိုလည်း ချန်းလှပ်မထားခဲ့ဘူး မေ့ဖျောက်မထားခဲ့ဘူး ဆိုတာလည်း မြန်မာပြည်မြေပုံ သရုပ်ဖော်တင်ဆက်မှုကို ကြည့် လိုက်ရင် သိသိသာသာ ထင်ရှားပါတယ်။ ဒီသရုပ်ဖော်မှုက မြန်မာပြည်ရဲ့ အလှကိုလည်း ထင်ဟပ်ပေါ်လွင်စေခဲ့ ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေရဲ့ အစိတ်အပိုင်းကို ဒီထက်ပိုပြီးတော့ ပီပီပြင်ပြင် ဖြစ်စေချင်ပါတယ်၊ ဒါ့ထက် ကွက်ကွက်ကွင်းကွင်း ပေါ်လွင်ထင်ရှားစေချင်ပါတယ်။ ဒါမှ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုတဲ့အတိုင်း ပြည်ထောင်စု ဆိုတဲ့ အဓိပ္ပါယ်ကို ကမ္ဘာက ပိုသိသွားကြမှာပါ။

ကမ္ဘာမှာ ဘယ်နိုင်ငံ ဘယ်လူမျိုးနှင့်မှ မတူအောင် ထူးခြားရိုးသားပြီး အစဉ်အလာကြီးမားတဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံနှင့် ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေဟာ မြန်မာတို့ရဲ့ သွင်ပြင်စရိုက်လက္ခဏာ သဘောသဘာဝကို ပို၍ပို၍ ပေါ်လွင်ထင်ရှားစေခဲ့တယ်ဆိုတာ ငြင်းချက်ထုတ်ကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ပန်းဆိုတာ တစ်ပွင့်ထဲရှိရင် ဘယ်လောက်မွှေးမွှေး ဘယ်လောက်လှလှ အဲဒီအလှက ပေါ်လွင်မှု အားနည်းနေတတ်ပါတယ်။ အခြားအခြားသော အရောင်အသွေးမတူ အရွယ်အစားမတူတဲ့ ပန်းတွေနှင့် ရောနှောလိုက်မှသာ ပိုလှပိုကြွ ပိုပေါ်လွင်ထင်ရှားစေနိုင်တာ အားလုံးအသိပါ။

ဥယျာဉ်ဆိုတာလည်း ပင်မျိုးတစ်ခု ပန်းမျိုးတစ်ခုပဲ ရှိမယ်ဆိုရင် ပြည့်စုံတဲ့အလှလို့ မခေါ်နိုင်ပါဘူး။ ပင်မျိုးပေါင်းစုံ ပန်းမျိုးပေါင်းစုံ ပေါင်းစုတည်ရှိမှသာ ပြည့်စုံတဲ့အလှလို့ ဆိုနိုင်မှာပါ။ သာမန်ဥယျာဉ်ထက် ရောင်စုံဥယျာဉ်က ပိုလှပိုတင့်တယ် ပိုကျက်သရေ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသာ ဥယျာဉ်တစ်ခုဆိုရင် တိုင်းရင်းသား အနွယ်အစုတွေက အရောင်အသွေး မတူ၊ အရွယ်အစား မတူ၊ အမျိုးအစား မတူတဲ့ ရောင်စုံပန်း အပွင့် အဖူး အငုံတွေပါပဲ။ တိုင်းရင်းသားဆိုတဲ့နေရာမှာ ဗမာလည်း ပါဝင်တယ်လို့ ဆိုပါရစေ။ တကယ်လို့သာ ဗမာ ဆိုတာ တိုင်းရင်းသားတစ်မျိုး မဟုတ်ဘူးလို့ ပြောမယ်ဆိုရင်၊ ဗမာဆိုတာ တိုင်းရင်းသားတစ်မျိုးလို့ လက်မခံနိုင်ဘူး ဆိုရင် မဟာလူမျိုးကြီးဝါဒနှင့် ခွဲခြားရှုမြင် စိုးမိုးချင်တဲ့ သဘောလို့ ဆိုနိုင်မှာပါ။ ဆိုလည်းဆိုရမှာပါ။ တန်းတူ အခွင့်အရေး ရဖို့ဆိုရင် တန်းတူအဆင့်အတန်းရှိမှ လွယ်လွယ်ကူကူ ဖြစ်နိုင်မှာပါ။ ခွဲခြားဆက်ဆံမှုတွေ ခွဲခြား ရှုမြင်မှုတွေ ခွဲခြားသုံးသပ်မှုတွေ ခွဲခြားသဘောထားမှုတွေ တည်ရှိနေသေးသရွေ့ ကွဲပြားမှုတွေ ဆက်ဆက်ပြီး ရှိနေအုန်းမယ်ဆိုတာ သွေးထွက်အောင် မှန်ကန်လွန်းတဲ့ သီအိုရီလို့တောင် ဆိုနိုင်မှာပါ။ ဗေဒင်မေးစရာ နက္ခတ်ကြည့်စရာ မလိုပါဘူး။

ခု Sea Game ဖွင့်ပွဲကနေ ဧရာမ မျိုးချစ်စိတ်ကို လှုပ်နှိုးစေနိုင်ခဲ့တာ မှန်ပေမယ့် တိုင်းရင်းသား အချင်းချင်း၊ ညီနောင်မောင်နှမ သွေးသားအချင်းချင်းတွေရဲ့ ပေါင်းစည်းမှု ချစ်ကြည်မှု ရင်းနီးမှုတွေကိုတော့ အတိုင်းအတာ တစ်ခုအထိပဲ ဖော်ကျူးနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ် စိတ်ဓာတ်တွေနှင့် အတူ တိုင်းရင်းသား အချင်းချင်း၊ ညီနောင်မောင်နှမ အချင်းချင်း၊ သွေးသားအချင်းချင်းတို့ရဲ့ အမျိုးသား စရိုက် လက္ခဏာတွေ၊ ထုံးတမ်းစဉ်လာနှင့် ရိုးရာယဉ်ကျေးမှုတွေကို ထင်ဟပ်ဖော်ကျူးနိုင်ပြီး တိုင်းရင်းသား ညီနောင် မောင်နှမ သွေးချင်းတို့ရဲ့ စည်းလုံးမှု ပေါင်းစည်းမှု ချစ်ကြည်မှု ရင်းနှီးမှု ယုံကြည်မှုတွေကိုပါ ကျွဲကူးရေပါ ဆိုတဲ့ စကားအတိုင်း တစ်ပါတည်း သယ်ယူဆောင်ကျင်းပေးလာနိုင်တဲ့ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံ့ချစ် စိတ်ဓာတ်တွေကိုပါ တစ်ခါတည်း ရိုက်သွင်းပေးနိုင်ခဲ့မယ်ဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ရုံ မကဘဲ သုံးချက်ပြတ် လေးချက်ပြတ် တောင် ဖြစ်သွားနိုင်တဲ့ အောင်ပွဲကြီးလို့ ဆိုနိုင်မှာပါ။

ဒီလိုဖြစ်နိုင်ဖို့က တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ခုထက်ပိုပြီး ပေါ်လွင်အောင် လုပ်ပေးရမှာပါ။ လုပ်ပေးဖို့ လိုအပ်ပါတယ်။ Sea Game ဖွင့်ပွဲကတစ်ဆင့် ရုန်းကြွပွင့်အန် ထွက်ကျလာတဲ့ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် သမိုင်းချစ်စိတ်တွေနှင့် ထပ်တူထပ်မျှ တိုင်းရင်းသားစုတွေ အချင်းချင်း တစ်သွေးထဲ တစ်သားထဲ တစ်ကြောထဲ တစ်စီးထဲ ပေါင်းစည်းသွားပြီး တစ်ဦးနှင့်တစ်ဦး တစ်စုနှင့်တစ်စု တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရင်းနှီးမှုတွေ၊ ချစ်ကြည်မှုတွေ၊ ယုံကြည်မှုတွေ၊ လေးစားမှုတွေ၊ တန်ဖိုးထားမှုတွေကိုပါ ပေါ်ထွက်လာအောင် ဆွဲထုတ်နိုင်ခဲ့ မယ်ဆိုရင် ထာဝရငြိမ်းချမ်းရေးကိုတောင် ကောင်းကောင်း အထောက်အကူ ဖြစ်သွားနိုင်ပါတယ်။ အဲဒီလိုသာ ဖြစ်သွားနိုင်ခဲ့ရင် မြန်မာဆိုတာ ကမ္ဘာမှာသာမက အာကာသ စကြာဝဠာ မိုးနဘံတိုင်အောင် လွင့်ပျံကျော်ဇော ထင်ရှားသွားရမှာ အမှန်ပါ။ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ဒီထက်ပိုပြီး ဖော်ပြပေးနိုင်မယ်ဆိုရင် တိုင်းရင်းသူ တိုင်းရင်းသား သွေးချင်းများရဲ့ အတွေးမှာလည်း ငါတို့ စည်းလုံးညီညွတ်ရမယ် ဆိုတဲ့ အသိသံဓိဋ္ဌာန်တွေ အသွေးအသားထဲထိ စီးဆင်းနစ်မျောသွားမှာပါ။

ဒီ Essay မှာ စာရေးသူ ဆိုလိုတဲ့ Main Theme က တာဝန်ရှိသူတွေ စီစဉ်သူတွေက တိုင်းရင်းသား အခန်းကဏ္ဍကို မေ့ထားတယ်၊ မေးမှိန်ထားတယ် ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။ ယခုထက်ပိုပြီး သတိရ စေချင်တယ်၊ သတိထားစေချင်တယ် ဆိုတဲ့အတွေးက အဓိကပါ။

အရှေ့တောင်အာရှ (၁၁)နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို အသီးအသီး ကိုယ်စားပြု သရုပ်ဖော် တင်ပြပေးခဲ့ သလို တိုင်းရင်းသားတွေရဲ့ ၀တ်စားဆင်ယင်မှု၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံတွေကို သီးသီးခြားခြား ဖော်ကျူး ပြသနိုင်မယ်ဆိုရင် မြန်မာပြည်သူတို့ရဲ့ မျက်ဝန်းအိမ်မှာ ဒီထက်ပိုပြီး ပီတိမျက်ရည် ၀ဲသွားကြရမှာပါ။ တိုင်းရင်းသားတွေကို တန်ဖိုးထား မြတ်နိုးကြောင်း ပြသရာလည်း ရောက်ပါတယ်။ တိုင်းရင်းသားတို့ရဲ့ ပုံရိပ်က တစ်ဆင့် နိုင်ငံ့ရဲ့ စည်းလုံးချစ်ကြည်မှုကိုလည်း အထွဋ်အထိပ်ရောက်အောင် ဆောင်ကျဉ်းပေးနိုင်မှာပါ။

ဒီလိုပြောလိုက်လို့ အရှေ့တောင်အာရှ (၁၁)နိုင်ငံရဲ့ ပုံဖော်မှုအစား တိုင်းရင်းသား လူမျိုးစုတို့ရဲ့ ပုံရိပ်ကို အစားထိုးရမယ်လို့ မယူဆစေချင်ပါဘူး။ အခြားသော နိုင်ငံတွေနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲအောင် သူတို့ နိုင်ငံတွေကိုလည်း ဦးစားပေးရမယ်ဆိုတာ အမှန်ပါ။ ဒါပေမယ့် အဲဒီ(၁၁)နိုင်ငံ အသီးသီးကို ကိုယ်စားပြု သရုပ် ဖော်ချင်တဲ့ စိတ်ကူးအကြံအစည်က တစ်ဆင့် တိုင်းရင်းသား အစုစုတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို ပုံဖော်ချင်တဲ့ စိတ်ကူးပေါ်ပေါက်လာစေချင်တာ အဓိကပါ။ အဲဒီလိုအတွေးမျိုး ဘာလို့မပေါ်ခဲ့ကြတာလဲ။ ဘာလို့ သတိမရကြ တာလဲ။ သတိမရကောင်းလား ဆိုပြီး အပြစ်ကြီးတစ်ခုလို ဇာချဲ့လိုတဲ့ သဘောမျိုးလည်း မဟုတ်ပါဘူး။ ၀မ်းနည်းကြေကွဲပြီး အားလိုအားမရ ခံစားနေရတာကို ဖွင့်အန်ပြတဲ့ သဘောပါ။

နောက်ပြောချင်တဲ့ အတွေးတစ်ခုကတော့ ဒီလိုပါ။ အဆိုးဘက်ကနေ ဝေဖန်ကြည့်ရမယ်ဆိုရင်ပေါ့။ အွန်လိုင်းတွေမှာ ဖွဘုတ်တွေမှာ (အများပြောတဲ့ အတိုင်း ရေးလိုက်တာပါ။) ပြောဆိုနေကြသလို ဝေဖန်နေကြ သလို Sea Game ဖွင့်ပွဲက အရိပ်တစ်ခုခု လွှမ်းနေတယ်ဆိုတာ ဟုတ်များဟုတ်နေမလားပေါ့။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် စာရေးသူကတော့ ဖွင့်ပွဲ အတွက် မြန်မာဆိုပြီး ရဲရဲဝံ့ဝံ့နှင့် ဂုဏ်ယူဝင့်ကြွားနေမှာပါ။ ဂုဏ်ယူစရာ ခိုင်လုံလို့၊ ဂုဏ်ယူစရာ ကောင်းလို့လည်း ဂုဏ်ယူနိုင်တာပါ။ ပစ္စည်းကိရိယာတွေ ဘယ်လောက်ပဲ ခေတ်မီမီ၊ ဘယ်လောက်ပဲ မိုးပျံပျံ၊ နည်းပညာတွေ ဘယ်လောက်ကောင်း ကောင်း၊ စက်ပစ္စည်းတွေ ဘယ်လောက်ကောင်းကောင်း အဆုံးသတ်မှာတော့ လူနှင့်ပေါင်းရတာချည်းပါပဲ။ ဒီနေရာမှာ လူဆိုတာထက် မြန်မာတို့ရဲ့ လူသားပီပီသသ လူသားဆန်ဆန် ထုနှင့်ထည်နှင့် တည်ရှိနေခဲ့တဲ့ သမိုင်းကြောင်းကို လူလို့ဆိုလိုချင်တာပါ။

တကယ်တမ်းသာ မြန်မာတွေ သမိုင်းအစဉ်အလာ မကြီးမားခဲ့ဘူး၊ ယဉ်ကျေးမှုတွေ မခိုင်မာခဲ့ဘူး၊ ဓလေ့ထုံးတမ်းတွေ မကောင်းမြတ်ခဲ့ဘူး၊ ဖြစ်တည်မှုတွေ မလေးနက်ခဲ့ဘူးဆိုရင် ကောင်းမွန်သပ်ရပ် လှပတိကျပြီး ထူးခြားဆန်းပြား တောက်ပထင်ရှားတဲ့ ရုပ်လုံးတွေကို ဘယ်လိုပုံပေါ်အောင်၊ ဘယ်လိုကြွရွ နေအောင်၊ ဘယ်လို ခမ်းနားအောင် လုပ်ဆောင်နိုင်ပါ့မလဲ။ နည်းပညာနှင့်လူ ဘယ်သူပိုအရေးကြီးသလဲ။ နည်းပညာကို လူက တီထွင်တာလား၊ လူသားကို နည်းပညာက တီထွင်တာလား။ လူသားမပါဘဲ နည်းပညာဆိုတာ ဖြစ်နိုင်သလား၊ အလုပ်လုပ်နိုင်သလားဆိုတာ စဉ်းစားရမယ့် အချက်ပါ။ ဒါကြောင့် ဘယ်သူရဲ့ နည်းပညာကြောင့်ပဲဖြစ်ဖြစ် စာရေးသူကတော့ ဂုဏ်ယူလျက်ပါ။

အွန်လိုင်းမှာ ပြောဆိုနေကြတဲ့ အကြောင်းအရာကို ပြန်ဆက်ပါမယ်။ အများသူငါ ပြောနေကြသလို နည်းပညာ အကူအညီ ပေးနေသူတွေကြောင့် ဂုဏ်မယူသင့်ဘူးဆိုတဲ့ အတွေးဟာ လျော်ကန်သင့်မြတ်တဲ့ အတွေးလား။ စဉ်းစားစရာ အချက်တစ်ခု ထုတ်ပြလိုပါတယ်။ နည်းနည်းတော့ ပေရှည်ရအုန်းမှာပါ။

ပုဂံဆိုတာ မြန်မာတို့ရဲ့ ၀ိညာဉ်၊ မြန်မာတို့ရဲ့ နှလုံးသား၊ မြန်မာတို့ရဲ့ သမိုင်းဖြစ်သလို ဧရာဝတီဆိုတာ လည်း မြန်မာတို့ရဲ့ မိခင်၊ မြန်မာတို့ရဲ့ အသွေးအသား၊ မြန်မာတို့ရဲ့ အသက်သွေးကြော၊ မြန်မာတို့ရဲ့ အစဉ်အလာ၊ မြန်မာတို့ရဲ့ ထွက်သက်ဝင်သက်၊ မြန်မာတို့ရဲ့ အိပ်မက်၊ မြန်မာတို့ရဲ့ အနှိုင်းမဲ့ ကဗျာပါပဲ။ ပုဂံ မပါရင် မြန်မာလို့ မဆိုနိုင်သလို ဧရာဝတီ မပါရင်လည်း မြန်မာဆိုတာ မထင်ရှား မပေါ်လွင်စေနိုင်ပါဘူး။ ပုဂံကို မေ့ကျန်လို့ မရနိုင်သလို ဧရာဝတီကို ဖယ်ချန်ပစ်ဖို့လည်း မရနိုင်ဘူးဆိုတာ မြန်မာတိုင်း သိကြပါတယ်။

ပုဂံနှင့် ပတ်သက်ပြီး ရော့ခ်ဘုရင် ဇော်ဝင်းထွဋ်ရဲ့ မဟာ ဆိုတဲ့သီချင်းက ထင်ရှားကျော်ကြား လူသိ များလှသလို ဧရာဝတီနှင့် ပတ်သက်ရင်လည်း ကိုငှက်ကြီးရဲ့ (ထူးအိမ်သင်ရဲ့) ဧရာဝတီ ဆိုတဲ့သီချင်းက မြန်မာတိုင်း သိလောက်အောင် ထင်ပေါ်ကျော်ကြား လူကြိုက်များလှပါတယ်။ သမိုင်းအမွေအနှစ်၊ ယဉ်ကျေးမှု အမွေအနှစ်၊ ဘာသာ သာသနာ အမွေအနှစ် အနေနှင့် တန်ဖိုးမဖြတ်နိုင်တဲ့ တေးသီချင်းကောင်း တေးသီချင်း ခန့်တွေချည်းပဲ ဖြစ်ကြပါတယ်။ မဟာ ဆိုတဲ့ ပုဂံ အရေးကြီးသလို ဧရာဝတီ ဆိုတဲ့ ဧရာဝတီလည်း အရေးကြီး ပါတယ်။ ဒါကြောင့် တန်ဖိုးချင်း တူညီတယ်လို့ ဆိုနိုင်တဲ့ သီချင်းနှစ်ပုဒ်ထဲက တစ်ပုဒ်ပုဒ်ကို သတိရလိုက်ရင် ကျန်တဲ့ နောက်တစ်ပုဒ်ကိုလည်း ဆက်ဆက်ပြီး အမှတ်ရစေတတ်ပါတယ်။

ဒါပေမယ့် ခုကျတော့ မြန်မာဆိုတာ ကမ္ဘာသိအောင် မြန်မာ့သမိုင်း မြန်မာ့ရေမြေ မြန်မာ့ယဉ်ကျေးမှု မြန်မာ့အမွေအနှစ်၊ မြန်မာ့ပုံရိပ်တွေကို ချပြခွင့်ရတဲ့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ မဟာ့ပွဲသဘင်ကြီးမျိုးမှာ ပုဂံ နှင့် ပတ်သက်တဲ့ မဟာ ဆိုတဲ့သီချင်းကိုတော့ ခမ်းနားထည်ဝါ လှပစွာ သီကျူးပုံဖော်ပြခဲ့ပြီး ဧရာဝတီနှင့် ပတ်သက် တဲ့ ဧရာဝတီ သီချင်းကိုကျတော့ ဘာလို့ ပုံဖော်သီကျူးဖို့ မေ့နေရတာလဲ။ ဘာလို့ ပုံဖော်သီကျူးမှု မပြုရတာလဲ။ (ဧရာဝတီ သီချင်းကို ဇော်ဝင်းထွဋ်လည်း သီဆိုဖူးတယ်လို့ ကြားသိရဖူးပါတယ်။)

ပုဂံရဲ့ သရုပ်ကို ခမ်းနားထည်ဝါစွာ ရိုက်ညွှန်းဖော်ပြနိုင်သလို ဧရာဝတီရဲ့ ကြီးကျယ်ခမ်းနားမှုနှင့် လှပ သာယာမှုတွေလည်း ခမ်းနားထည်ဝါစွာ ရိုက်ညွှန်းဖော်ပြနိုင်တာပါပဲ။ အဲဒီလို ဖော်ပြနိုင်ပါလျက်နှင့် ပုဂံကိုသာ သတိရပြီး မိခင်ဧရာဝတီကို မေ့နေတာဟာ၊ မဟာ သီချင်းကိုသာ သီဆိုဖော်ထုတ်ပြီး ဧရာဝတီ သီချင်းကို သီဆို ဖော်ထုတ်မှု မပြုတာဟာ ဖန်တီးသူတို့ရဲ့ စိတ်နှလုံးအိမ်နှင့် အကြားအမြင် အတွေးအာရုံတွေကို တစ်စုံတစ်ခု သို့မဟုတ် မြစ်ဆုံရဲ့ လောင်းရိပ်များ လွှမ်းမိုးဖုန်းကွယ်နေတာ အမှန်များလားလို့ ကိုယ့်အတွေးနှင့်ကိုယ် စဉ်းစားတွေးတောနေမိပါတယ်။ ဟုတ်သလား မဟုတ်သလားဆိုတာတော့ စာဖတ်သူတို့ ကိုယ်တိုင် ကိုယ့်အမြင် ကိုယ့်အတွေးနှင့် ဆုံးဖြတ်နိုင်ကြပါကြောင်း Sea Game ဖွင့်ပွဲ အတွေးကို နိဂုံးချုပ်လိုက်ရပါတယ်။

မှတ်ချက်။ ။တိုင်းရင်းသားကိစ္စ ဧရာဝတီကိစ္စတွေဟာ စာရေးသူ ဆန္ဒစောနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ (ဒါလည်း နိုးကြားလာတဲ့ မျိုးချစ်စိတ်ကြောင့်ပါ) ဘာဖြစ်လို့လဲဆိုရင် Sea game ပိတ်ပွဲမှာ အဲဒါတွေ ပါလာကောင်း ပါလာနိုင်လို့ပါပဲ။

မြန်မာအားကစား မောင်မယ်များ Sea game မှသည် sea gain ဖြစ်နိုင်ကြပါစေကြောင်း ဆုတောင်းဂုဏ်ပြုလိုက်ရပါသည်။

No comments: