၆၄ နှစ်မြောက်ပဒေသရာဇ်တော်လှန်ရေးအထိန်းအမှတ် PNA က ပထမဆုံးအကြိမ်ကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ ၁၃၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်



ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ကျရောက်သည့် ၆၄ နှစ်မြောက် ပအိုဝ်းအမျိုးသားများပဒေသရာဇ်တော်လှန်ရေး ဂုဏ်ပြုပွဲ အထိန်းအမတ်တရပ်ကို ပအိုဝ်းအမျိုးသားတပ်မတော် PNA က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရုံးတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး၊ ယင်းအခန်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးခွန်စံလွင် အပါအဝင် အဖွဲ့စုံက တက်ရောက်ခဲ့ကြောင်း သိရသည်။

“ပဒေသရာဇ်တော်လှန်ရေးဟာ ကျွန်တော်တို့ငြိမ်းချမ်းရေမယူခင်မှာ ရွာတိုင်း၊ ကျေးရွာအုပ်စုအလိုက် တောမှာ နှစ်တိုင်းလုပ်ပါတယ်။ ၁၉၉၁ ငြိမ်းချမ်းရေး ယူပြီးနောက်ပိုင်း နိုင်ငံရေးအရ ကွဲလွဲမှုရှိရင် မကောင်းဘူး။ ဒါကြောင့် မလုပ်ဖြစ်တာပါ၊ ဒါပေမဲ့ အခြားအဖွဲ့က လုပ်လာတယ်။ အဲတော့ ကျွန်တော်တို့ပအိုဝ်းရဲ့နေ့ထူးဘဲ။ တော်လှန်ရေးလည်း ပအိုဝ်းလူမျိုးက စတာဆိုပြီး ပြန်လုပ်ရတာပါ။ ငြိမ်းချမ်းရေးယူပြီး ဒီအခန်းအနားပြုလုပ်တာ ပထမဆုံးဘဲ။ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နဲ့ တိုင်ပင်ပြီး အဖွဲ့လိုက်ဖိတ်တာလည်းရှိတယ်။ တစ်ဦးစီလည်း ဖိတ်တယ်။ တော်လှန်ရေးမတိုင်ခင်က ပအိုဝ်းလူမျိုးဟာ အဖိနိုပ်ခံဘဝနဲ့ နေရတယ်။ ၁၉၄၉ တော်လှန်ရေးအကြောင်းတရားကြောင့် ပိုပြီးစည်းလုံးမှုပိုရှိတယ်။ ရ လ လ ဖ အနေနဲ့ နှစ်တိုင်း ဂုဏ်ပြုပွဲပြုလုပ်ခဲ့တာကို ဝမ်းသာပါတယ်။ ဒါပေမဲ့ ပအိုဝ်းအမျိုးသားကို ကိုယ်စားမပြုနိုင်ဘူး” ဟု အသွင်ပြောင်းပြည်သူ့စစ် PNA မှ ဗိုလ်မှူးခွန်လာက ပြောသည်။

“ကျွန်တော်က စာပေနှင့်ယဉ်ကျေးမှု တာဝန်ထမ်းဆောင်တာ နှစ်နှစ်သာရှိတယ်။ PNO ရုံးက ပြုလုပ်တာ တစ်ခါမှ မတွေ့သေးဘူး၊ ဒါပထမဆုံးလို့ ထင်ပါတယ်၊ ဒါကောင်းပါတယ်၊ လုပ်သင့်ပါတယ်။ ဒါပေမယ့် ထူးဆန်းနေတယ်။ ရုတ်တရက်လုပ်တာလား၊ ဘာကြောင့် လုပ်ရတယ်ဆိုတာ မသိဘူး။ ဦးဆောင်သူ လုပ်တယ်ဆိုတာ လုပ်သင့်တယ်။ ဒါပေမဲ့ လူထုနဲ့ အတူ ငါးဆယ်ရာခိုင်နှုန်း ပါဝင်နိုင်ရင် အကောင်းဆုံးလို့ ထင်ပါတယ်။ ဥက္ကဌ အမှာစကားမှာ စည်းစည်းလုံးလုံး နိုင်ငံရေးအရ လူထုအတွက် လုပ်ရမည်။ လူထုနဲ့ လက်တွဲရမည် ဆိုသည်က ကောင်းပါတယ်။ ခေတ်အပြောင်းအလဲ အလုပ်ဆိုတာ နိုင်ငံရေးလမ်းက တစ်စုတစ်စည်းတည်းဆိုလျှင် ကောင်းတယ်။ အစုကွဲသွားလျှင် ဘယ်လိုလုပ်မလဲ။ လူထုက ဘယ်လိုရွေးရမလဲ ဆိုတာ စဉ်းစားစရာပါ။ ကိုယ်က အမှန်တွေဘဲ လုပ်တယ်ဆိုပြီး မှားတတ်တာလည်း အများကြီးပါ၊ တစ်ခါတစ်လေ ဘယ်လိုလုပ်ရင်ကောင်းတယ် ဆိုပြီး လူထုကို အသိပေးသင့်တယ်။” ဟု စာပေနှင့်ယဉ်ကျေးမှုအဖွဲ့အတွင်းရေးမှူး ဦးခွန်မောင်စိုးက ပြောသည်။

အခန်းအနားကို တက်ရောက်သူ ၇၀ ဦး ဝန်းကျင်ခန့် ရှိပြီး၊ ကျဆုံးနေပြီးသော ပအိုဝ်းအမျိုးသားခေါင်းဆောင်များကို နှစ်မိနစ်ခန့် ဆိတ်ငြိမ်ပြီး အလေးပြုခဲ့သည်။

ပဒေသရာဇ်စနစ်တော်လှန်ရေး ၏ ရည်ရွယ်ချက်မှာ..
၁။ ပဒေသရာဇ် စနစ်ဆိုးအပြီးအပိုင်ဖျက်သိမ်းရေး
၂။ ပအိုဝ်းအမျိုးသားများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေး၊
၃။ ဘိန်းမူးယစ်အန္တာရာယ်ကင်းဝေးရေးနှင့်လောင်းကစားပပျောက်ရေး၊
၎။ ပအိုဝ်းအမျိုးသားများ၏ နိမ့်ကျနေသော ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေး စသည်တို့ တိုးတက်ရေးဖြစ်ကြောင်း သိရသည်။



No comments: