အမျိုးသားအကျိုးစီးပွားချိန်ခွင်အပေါ် တင်ကြည့်ခြင်း

ခိုင်လင်း (မေဃ၀တီ) | ဒီဇင်္ဘာ (၁၁) ၂၀၁၃ | တောင်ကြီးတိုင်းမ်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာပါဝင်တဲ့ နိုင်ငံသားသတ်မှတ်ချက်အား ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ၂၀၁၃ သြဂုတ် (၂၃) ရက်မှာ ဒေါက်တာအေးမောင်က အမျိုးသားလွှတ်တော်မှာ တင်သွင်းတာကို အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်ခဲ့တယ်။

ဒါပေမယ့်လို့ ဒေါက်တာအေးမောင်ရဲ့အဆိုကို ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ထက်ဝက်ကျော်ထောက်ခံခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်နှစ်ယောက်စလုံး ထောက်ခံခဲ့ခြင်း၊ တပ်မတော်သားကိုယ်စားလှယ်တွေ အားလုံးထောက်ခံခဲ့ခြင်းတွေက အမျိုးသားအကျိုးစီးပွားအပေါ်မှာ ရပ်ပြီး ထောက်ခံခဲ့တယ်လို့ မြင်ပါတယ်။

ဒေါက်တာအေးမောင်ရဲ့ အဆိုက နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေနှစ်ခုအပေါ်မှာ အခြေခံပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာပါဝင်တဲ့ ဥပဒေပုဒ်မ(၄) ပုဒ်မခွဲ(က) ၊ ပုဒ်မ(၅) ပုဒ်မခွဲ(ဃ)နဲ့ ပုဒ်မ(၁၀) ပုဒ်မခွဲ(က)တို့ကို ပြင်ဆင်လိုတယ်။ ဆိုလိုတာက နိုင်ငံ တော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ၁၉၈၂ခု နိုင်ငံသားဥပဒေအတိုင်း နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေကို ညီညွတ်အောင်ပြင်ဆင်လိုခြင်းဖြစ်ပါတယ်။ ဦးလှဆွေက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သလိုဖြစ် နေတဲ့အတွက်ကန့်ကွက်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၄၀၄(က)(ခ)ကို သူကိုးကား ပါတယ်။ သူကိုးကားတဲ့ ပုဒ်မတွေက
၄၀၄။ နိုင်ငံရေးပါတီတစ်ရပ်သည်-
(က) ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိရမည်။
(ခ) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည် - လို့ တွေ့ရပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ ပုဒ်မတွေအပြင် သူက “ အဲလိုဖြစ်တဲ့သူတွေဟာ ဒီမှာ ဧည့်နိုင်ငံသား၊ နိုင်ငံသားဖြစ်ခွင့်ရသူ နိုင်ငံသားဆိုပြီးတော့ ကျယ်ပြန့်စွာဖော်ပြထားတာ ဖြစ်တဲ့အတွက်ကြောင့် တန်းတူအခွင့်အရေးရတယ်၊ ဒါတွေကို အခြေခံဥပဒေကို ချိုးဖောက်ပြီးတော့ ဒီလိုမျိုး ပြန်ပြင်မယ်ဆိုရင် မဖြစ်နိုင်ပါဘူး၊ ဒါကြောင့်မို့ ဒီအဆိုကို ကန့်ကွက်ပါတယ်” လို့ ပြောဆိုပါတယ်။ သူ့ရဲ့ ကိုးကားချက်ဟာ အရှင်း လင်းဆုံး ပြောရရင် ခုတ်ရာတခြား ရှရာတခြားဖြစ်နေပါတယ်။ ဒါ့အပြင် “ဧည့်နိုင်ငံသား၊ နိုင်ငံသားဖြစ်ခွင့်ရသူ နိုင်ငံသား ဆိုပြီးတော့ ကျယ်ပြန့်စွာဖော်ပြထားတာ” စသဖြင့် ပြောဆိုချက်ဟာလည်း အကိုးအကားမဲ့ လက်တန်းပြောသလိုဖြစ်နေပါတယ်။ ကျယ်ပြန့်စွာ ဖော်ပြထားတာက ဘာကို ညွန်းဆိုမှန်းမသိပေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပင် ညွန်းဆိုနေတာဖြစ်ပါလိမ့်မယ်။

ဒါကြောင့် လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တခုလုံးကို ပြန်ကြည့်ဖြစ်ပါတယ်။ သူပြောသလို ဧည့်နိုင်ငံသားတွေ ပါတီထောင်ခွင့်၊ မဲပေးပိုင်ခွင့်ရှိတယ်ဆိုတာကို တလုံးတပါဒမှ မတွေ့ရပါဘူး။

ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ် နိုင်ငံသားမဟုတ်သူတွေဟာ မဲပေးပိုင်ခွင့်၊ အရွေးချယ်ခံပိုင်ခွင့်၊ ပါတီထောင်ပိုင်ခွင့်ရှိတယ်ဆိုတာ ကျွန်တော်သိ သလောက် မတွေ့မိပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ခွင့်ပြုထားခြင်းမရှိပေမယ့် နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေဟာ မြန်မာနိုင်ငံသားမဟုတ်သူ ဧည့်နိုင်ငံသားတွေကို ခွင့်ပြုထားခြင်းက ရှေ့နောက်မညီသလိုဖြစ်နေပါတယ်။

တနည်းအားဖြင့် ပြောရရင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဟာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေပါတယ်။ ဒီလိုဆန့်ကျင်ဘက်ဖြစ်နေတာကို နိုင်ငံတော်ဖွဲ့စည်ပုံအခြေခံဥပဒေနဲ့ အညီ ပြင်ဆင်ဖို့အဆိုတင်သွင်းတဲ့ ဒေါက်တာအေးမောင်ရဲ့အဆိုကို ဦးလှဆွေက “အခြေခံဥပဒေကိုချိုးဖောက်ပြီး ပြင်တယ်” လို့ ယူဆချက်ကတော့ အတော့်ကို လွဲနေတယ်လို့မြင်ပါတယ်။ ချုပ်ပြောရရင် ဦးလှဆွေ ကိုးကားခဲ့တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၄ (က)(ခ)နှစ်ခုစလုံးဟာ နိုင်ငံသားများကိုသာ ရည်ညွှန်းတဲ့ ဥပ ဒေဖြစ်ပါတယ်။ နိုင်ငံရေးပါတီများဖွဲ့စည်းခြင်း ၊ မဲပေးခွင့်(ရွေးကောက်တင်မြှောက်ခွင့်)နဲ့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် (အမတ် လောင်းအဖြစ် အရွေးခံပိုင်ခွင့်)ဆိုတာ နိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိလို့ပါဘဲ။ ဒါကြောင့် “နိုင်ငံသားများကိုသာ ရည်ညွှန်းတဲ့ ဥပဒေဖြစ် တယ်”လို့ ပြောရခြင်းဖြစ်ပါတယ်။

ဘာကြောင့် ဒီလို ပြောရသလဲဆိုတော့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ (က) မှာ “ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေး ကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်” ဆိုတဲ့ ပုဒ်မအရ ပြောရခြင်းဖြစ်ပါတယ်။ အဲဒီပုဒ်မမှာ “ နိုင်ငံသားတိုင်းသည်” ဆိုတဲ့ ဝေါဟာရဟာ ဦးလှဆွေပြောတဲ့ ဧည့်နိုင်ငံသား မပါဘူးဆိုတာ ထင်ရှားပါတယ်။ နိုင်ငံတော်ဖွဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ဧည့်နိုင်ငံသားကို မဲပေးခွင့်၊ အရွေးချယ်ခံပိုင်ခွင့်စတဲ့အခွင့်အရေးတွေ ရှိတယ်လို့ ဖော်ပြထားတာ မရှိပေမယ့် နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေမှာ ဧည့်နိုင်ငံသားတွေကို ပါတီတည်ထောင်ခွင့်ပေးထားခြင်းဟာ မှားယွင်းမှုတခုဖြစ်တဲ့အတွက် ပြင်ဆင်ရန်ကြိုး ပမ်းမှုဟာ ဦးလှဆွေပြောသလို “ အခြေခံဥပဒေကို ချိုးဖောက်ပြီးတော့ “ ပြန်ပြင်တာမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ၁၉၈၂ နိုင်ငံသားဥပဒေနှစ်ရပ်စလုံးနဲ့ ညီညွတ်ကြောင်းကို အောက်မှာ ရှင်းလင်းပါမယ်။

ဒေါက်တာအေးမောင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က)မှာ ပါရှိတဲ့ “ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံ သားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်း” ဆိုတဲ့ စကားရပ်အစား “ နိုင်ငံသားဖြစ်ခြင်း” လို့ ပြင်ဆင်ရန်၊ ပုဒ်မ ၅ ပုဒ်မခွဲ(ဃ)မှာ ပါရှိတဲ့ “ ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွတ်သော ပါတီတည်ထောင်လိုသူများ၏ အမည်၊ အဘ အမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ ဧည့်နိုင်ငံ သားလက်မှတ် အမှတ်၊ နိုင်ငံသားပြုခွင့်လက်မှတ် သို့မဟုတ် ယာယီသက်သေခံလက်မှတ် အမှတ်” ဆိုတဲ့ စကားရပ်အစား “ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွတ်သော ပါတီတည်ထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် “ လို့ ပြင်ဆင်ရန်နဲ့ ပုဒ်မ ၁၀(က)မှာ ပါရှိတဲ့ “ နိုင်ငံသား၊ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်း “ ဆိုတဲ့ စကားရပ်အစား “ နိုင်ငံသားဖြစ်ခြင်း” လို့ ပြင်ဆင်သင့်တဲ့ အကြောင်း အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ခြင်းဖြစ်တယ်။ ဆိုလိုတာက နိုင်ငံသားမဟုတ်သူကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြု ထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေရဲ့ အားနည်းချက်ကို ပြင်ဆင်လိုတာဖြစ်တယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ(၃)ခုကို ပြင်ဆင်လိုတဲ့ ဒေါက်တာအေးမောင်ရဲ့ အဆိုဟာ ဦးလှဆွေထောက်ပြသလို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သလို မဖြစ်ဘူးဆိုတာ အထက်မှာ ရှင်းခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့အဆိုဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ရော ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ပါညီညွတ်အောင် အဆိုတင်သွင်းခဲ့တာဖြစ်တယ်လို့ ဒေါက်တာအေးမောင်ကပြောပါတယ်။

ဆိုတော့ သူထောက်ပြတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေပုဒ်မသုံးရပ်က --
“ပုဒ်မ ၂ (ခ) နိုင်ငံသားဆိုသည်မှာ မြန်မာနိုင်ငံသားကိုဆိုသည်။ပုဒ်မ ၃ ၊ နိုင်ငံတော်တွင်ပါဝင်သော နယ်မြေတခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ် ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ကယား၊ ကရင်၊ဗမာ၊ မွန်၊ရခိုင်၊ရှမ်းစသည့်တိုင်းရင်းသားများနှင့်မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်သည်။ ပုဒ်မ ၅၊ တိုင်းရင်းသားတိုင်းသည်လည်း ကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း မွေးရာပါနိုင်ငံသားဖြစ်သည်“ ဆိုတဲ့ဥပဒေအပိုဒ်သုံးခုဖြစ်ပါတယ်။ နောက်တခါ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မနှစ်ခုကို ထောက်ပြပါတယ်။ အဲဒီနှစ်ခုကတော့ “ ပုဒ်မ ၃၄၅ ၊ အောက်ဖော်ပြပါ အရည်အချင်း တစ်ရပ်ရပ်နှင့် ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြသည် - (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ” ။ ပုဒ်မ ၃၆၉(က) “ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ဖြစ်စေ၊သက်ဆိုင်ရာဥပဒေများနှင့်ဖြစ်စေ မဆန့်ကျင်လျှင်ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်ရှိသည်၊” ဆိုတဲ့အချက်တွေပါ ။ သူထောက်ပြတဲ့အချက်တိုင်းမှာ ဧည့်နိုင်ငံသားဆိုတဲ့ ဝေါဟာရကို မတွေ့ရဘဲ “ နိုင်ငံသား” ဆိုတဲ့ ဝေါဟာရကိုဘဲ တွေ့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာပါတဲ့ နိုင်ငံသားမဟုတ်သူတွေကိုပါ နိုင်ငံရေး ပါတီတည်ထောင်ခွင့်ပြုခြင်းကို ပြင်ဆင်တဲ့ ဥပဒေကြမ်းဟာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေလမ်းကြောင်းအတိုင်း မှန်ကန်တယ်လို့ ယုံကြည်ပါတယ်။

ဆိုတော့ မဲပေးခွင့်ထက် ပါတီတည်ထောင်ခွင့်ကို ကျယ်ပြန့်စွာစဉ်းစားဖို့လိုတယ်။ ပါတီတည်ထောင်လျှင် ရွေးကောက်ပွဲဝင်ရမယ်။ ရွေး ကောက်ပွဲဝင်လျှင် အနည်းအများဆိုသလို လွှတ်တော်ကိုယ်စားလှယ်ဘ၀နဲ့ လွှတ်တော်ထဲကို ရောက်ရှိလာမယ်။ လွှတ်တော်ထဲ ရောက်ရှိလာလျှင် တိုင်းပြည်ကောင်းကျိုး ၊ ဆိုးကျိုးလုပ်တဲ့အဆင့်ကို မစဉ်းစားဘဲ အနိမ့်ဆုံးအဆင့်အနေနဲ့ ပြောရရင် “နိုင်ငံသားမဟုတ် သူတယောက်က အစိုးရအဖွဲ့ထဲမှာ သို့မဟုတ် လွှတ်တော်ထဲမှာ သို့မဟုတ် အုပ်ချုပ်ရေးမဏ္ဍိုင်ထဲမှာ ပါဝင်ခွင့်ပေးလိုက်ခြင်းဖြစ်တယ်“ လို့ပြောရမယ်။ အဲဒီအခွင့်အရေးမျိုးကို ကျွန်တော်သိသလောက် မြန်မာကလွှဲရင် နိုင်ငံတကာမှာ မရှိဘူးလို့ ထင်ပါတယ်။

ဒါပေမယ့်လို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒီအခွင့်အရေးကို ပေးထားခြင်းမရှိပေမယ့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေက ခွင့်ပြုထား ပါတယ်။ ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ရေးဟာ နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် ဖြစ်တယ်။ ဒီပြင်ဆင်ရေး ဥပဒေကြမ်းကို ဦးလှဆွေ ကန့်ကွက်ခဲ့ပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေအားလုံး၊ အာဏာရ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထက်ဝက်ကျော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်နှစ်ယောက် စလုံးထောက်ခံခဲ့ခြင်း တွေဟာ လွှတ်တော်မှာဆက်လက်တင်သွင်းဆွေးနွေးဖို့ လွှတ်တော်ဥက္ကဌကဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီ Process သတင်းတွေ နောက်ထပ် တက်မလာခဲ့တဲ့အတွက် ဒီအလုပ်ကို ဆက်လက်လုပ်ဖို့ လိုအပ်တဲ့အတွက် ဒီဆောင်းပါးကို ရေးပါတယ်။ လွှတ်တော်ထဲက နှေးကွေးနေရင် လွှတ်တော်ပြင်ပက တွန်းနိုင်အောင် ရည်ရွယ်ပါတယ်။ ဒေါက်တာအေးမောင်ကတော့ ၂၀၁၄ ဇန္န၀ါရီလလောက်မှာ ဖြစ်နိုင်ချေ ရှိတယ်လို့ ကျွန်တော့်ကို ပြောပါတယ်။

အဲဒီ Process တွေ မစခင် ဦးရွှေမောင်က ရုပ်သံအင်တာဗျူးတခုမှာ (white card) ကိုင်ဆောင်ထားသူတွေကို မြန်မာနိုင်ငံသားတွေ ကိုင်ဆောင်ထားတဲ့ ပန်းရောင်ကတ်တွေ ထုတ်ပေးသင့်ကြောင်း ၊ အဲဒီ မထုတ်ပေးခဲ့ရင် ရခိုင်ပြည်က စခဲ့တဲ့ ပြဿနာတွေ မငြိမ်းအေးဘဲ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပေါ်နေလိမ့်မယ်လို့ ပြောဆိုလာပါတယ်။ ဒါဟာ သွယ်ဝိုက်ခြိမ်းခြောက်မှုတခုဖြစ်ပြီး ပြဿနာတွေဆက်လက် ဖြစ်ပွားအောင်လှုံ့ဆော်သလိုဖြစ်နေပါတယ်။ ဒီလိုဖြစ်လာခဲ့ခြင်းဟာနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေရဲ့ အားနည်းချက်ကြောင့် လွှတ်တော်ထဲက စိန်ခေါ်သံတွေကို ကြားခဲ့ရတာဖြစ်ပါတယ်။ အဲဒီ အားနည်းချက်တွေကို ပြင်ဆင်ခြင်းဟာ နိုင်ငံတော်ကို ကာကွယ်ခြင်း ဖြစ်တယ်လို့ မြင်ပါတယ်။

ချုပ်ပြောရရင် ဘယ်ဘာသာဝင်ဘဲဖြစ်ဖြစ် နိုင်ငံသားဖြစ်ရင် နိုင်ငံသားအခွင့်အရေးတွေကို ခံစားပိုင်ခွင့်ရှိရမယ်ဆိုတာ အငြင်းပွားစရာ ဆန့်ကျင်စရာမလိုပေမယ့် ဘယ်ဘာသာဝင်ဘဲဖြစ်ဖြစ် နိုင်ငံသားမဟုတ်ရင် နိုင်ငံသားတွေသာ ခံစားခွင့်ရှိတဲ့ ရွေးချယ်ခွင့်(မဲပေးခွင့်)နဲ့ ရွေးချယ်ခံပိုင်ခွင့်(အမတ်လောင်းအဖြစ်အရွေးခံခွင့်)ရှိနေခြင်းကိုတော့ ဆန့်ကျင်ပါတယ်။ ဒီဆန့်ကျင်မှုဟာ နိုင်ငံတော်အကျိုး ၊ အမျိုးသားအကျိုးစီးပွားအပေါ်မှာ ရပ်ပြီး ဆန့်ကျင်ခြင်းဖြစ်တယ်။ဒီမိုကရေစီနိုင်ငံတော်အဖြစ်သို့ သွားနေတာဖြစ်တဲ့အတွက် ဒီမိုကရေစီ ဆန်တဲ့ အဆိုတင်သွင်းပိုင်ခွင့် ၊ ကန့်ကွက်ပိုင်ခွင့် အခွင့်အရေးတွေရှိခြင်းသဘောကို ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ ဒါပေမယ့်လို့ နိုင်ငံတော်အကျိုးစီးပွားချိန်ခွင်အပေါ်မှာ သို့မဟုတ် အမျိုးသားအကျိုးစီးပွားချိန်ခွင်အပေါ်မှာ မတင်ကြည့်ဘဲ လုပ်နေရင်တော့ ဘယ်သူဘဲ လုပ်လုပ် လူထုရဲ့ ဆန့်ကျင်မှု ၊ တော်လှန်မှုကို မလွှဲမသေ ခံရမှာ သေချာပါတယ်။ ။

1 comment:

Billy Mackenzie said...

အဖွဲ့ ချုပ်ကအမတ် ၄၁ ယောက်ရှိတဲ့အထဲက ၂ယောက်ဘဲောထက်ခံတော့ အဖွဲ့ချုပ်က ၉၅%က ကန့် ကွက်တာပေါ့ ။ ၈၂ နိုင်ငံသားဥပဒေကို အာဏာရလာရင် ဘင်္ဂလီတွေကို ရိုဟင်ဂျာအနေနဲ့  နိုင်ငံသားပေးလို့ရအောင် ပြင်မယ်လို့ မျက်စပြစ်လိုက်တာဘဲ ။