ခွန်သွီးပအိုဝ်းခမ်းကောင် | ဇူလိုင် ၅ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ် | အမြင်ဆောင်းပါး
မျိုးချစ်စိတ်ဆိုသည်မှာ လူမျိုးတိုင်းရှိကြပါသည်။ မျိုးဆက်သစ်ဆိုသည်လည်း ထိုနည်း၎င်း ရှိကြပါလိမ့်မည်။ သမိုင်းဆိုသည်လည်း လူမျိုးတိုင်း ပုဂ္ဂိုလ်တိုင်းမှာ ရှိကြပါသည်။ ဆိုလိုသည်မှာ သမိုင်းကို အကောင်းမြင် ရေးသားသော စာရေးဆရာနှင့် အဆိုးမြင် ရေးသားသော စာရေးဆရာများ ရှိကြပါလိမ့်မည်။
သမိုင်းကို ဘယ်လိုပြုစုရေးသားကြမလဲ၊ အကောင်းမြင်သမိုင်းလား အဆိုးမြင်သမိုင်းလား။ တစ်ယောက်အမြင်ဖြင့် ရေးမှာလား၊ ဒါမှမဟုတ် အများမြင်ဖြင့် ရေးမှာလား။ မြင်သမျှရေးမှာလား၊ အားလုံးပြုစုပြီး ရေးမှာလားဆိုသည်ကို စာရေးဆရာအပေါ် မူတည်ပါသည်။ ပအိုဝ်းမျိုးချစ်ပုဂ္ဂိုလ်တွေ ဘယ်လိုတွေးတောစဉ်းစားကြမည်လော၊ ဘယ်လိုသတ်မှတ်သင့်သလော။
၂၀၁၅ အတွက် ပအိုဝ်းနိုင်ငံရေးသည် ဦးဆောင်သူက ဘယ်လို Trend လမ်းကြောင်းသွားနေပြီး၊ ဘယ်လို Drivers ကိုသုံးနေတယ်၊ ဘယ်လို Scenarios ကို လိုချင်သလဲ ဆိုသည်ကို ပအိုဝ်းမျိုးချစ်ဦးဆောင်သူများ သုံးသပ်မိပြီလော။ သွားနေသည့်လမ်းကြောင်းကို သိလျှင် လိုအပ်သော Drivers ကိုပါ တစ်ခါတည်း အသုံးပြုပါမှ တစ်နည်းအားဖြင့် အနာဂတ်ခရီး စီမံခန့်ခွဲမှုကို ကြိုတင်ပြင်ဆင်သင့်ပါသည်။ Scenarios ကို စဉ်းစားလျှင်လည်း စနစ်တကျ သေသေချာချာစဉ်းစားပြီး Drivers ကို အားဖြည့်ပေးသင့်ပါသည်။
ပအိုဝ်းမျိုးချစ်ဦးဆောင်သူများသည် ပြဿနာကို ကြောက်နေသလော။ ဘယ်လိုပြဿနာဆိုသည်ကို သိကြပါသလော။ အရှင်းဆုံးမှာ ကိုယ်မျှော်လင့်သည့်အရာကို ဖြစ်လာခြင်း မရှိသည့်အခါ ပြဿနာဟု ခေါ်ရပါလိမ့်မည်။ ပအိုဝ်းမျိုးချစ်ဦးဆောင်သူများသည် ကိုယ်ချင်းစာတတ်ဖို့၊ ခွင့်လွတ်နားလည်ဖို့ လိုအပ်ပါသည်။ ခေါင်းဆောင်ကောင်းသည် တစ်ခါတစ်လေ ဆန့်ကျင်ဘက် ခံစားနေရသူဘက်ကို နေပြီး ခံစားသင့်ပါသည်။
ပအိုဝ်းမျိုးချစ်ဦးဆောင်သူ ခေါင်းဆောင်အဖွဲ့များသည် မည်သူ့အပေါ် မှီတည်ပြီး နေထိုင်သည်ကို စဉ်းစားမိပါသလဲ။ ပအိုဝ်းလူထုပေါ် မဟုတ်ပါလော။ ကိုယ်လုပ်နေသော အမျိုးသားအတွက် အလုပ်သည် အမျိုးသားအကျိုးအတွက်လော။ ကိုယ်ကျိုးအတွက်များ သက်ရောက်နေသလော စဉ်းစားသင့်ပါသည်။ အမြင်မတူ ငါ့ရန်သူဆိုသော အယူဝါဒသည် ပအိုဝ်းတစ်မျိုးသားလုံးအတွက် နိုင်ငံရေးကို မျိုးတုန်းစေသောအရာဖြစ်စေသည်။ မျိုးဆက်သစ်လူငယ်များ၊ အထူးသဖြင့် နိုင်ငံရေးကို တက်ကြွလှုပ်ရှားသော လူငယ်များကို လက်တွဲဖို့ဝန်မလေးသင့်ပါ။ နိုင်ငံရေးဆိုသည်မှာ နိုင်သောသူက ရေးသည်မှန်ပေမဲ့ ပအိုဝ်းမျိုးချစ်ဦးဆောင်သူများသည် မည်သူ့ကိုနိုင်းပြီး အနိုင်အရှုံးတွက်နေသလော။
အမှန်မှာ နိုင်ငံတော်နိုင်ငံရေးသမားနှင့် ခိုင်းနိုင်းသင့်ပါသည်။ ကိုယ့်မိသားစုကို ဦးစီးဦးဆောင်နိုင်ပြီ၊ အာဏာပြနိုင်သည်ဆိုပြီး မာန်တက်နေသော ခေါင်းဆောင်မျိုးကို ပြည်သူများ မလိုအပ်ခြေ။ ရှေ့ဆက်လမ်းစဉ်ကို တစိုက်မတ်မတ်စီမံခန့်ခွဲသွားနိုင်ဖို့ လိုအပ်နေသည်ကို မလုပ်ဘဲ နောက်ကလူကို လိုက်အပြစ်ရှာလျှင် အလုပ်မဖြစ်ပါ။ ၂၀၁၅ အတွက် ပြင်ဆင်ချိန်သည် လပိုင်းသာ လိုပါတော့သည်။
ပအိုဝ်းမျိုးချစ်နိုင်ငံရေးဦးဆောင်သူများသည် ပအိုဝ်းလူထုတရပ်လုံးကို ဖက်ရှင်စည်းလုံးမုနှင့် ကြည့်လျှင် အထင်ကြီးစရာမဟုတ်ပါ။ ကြားဖြတ်ရွေးကောက်ပွဲကို သင်ခန်းစာယူသင့်ပါသည်။ လူမျိုးက ပအိုဝ်းဘဲ အချိန်တန်လျှင် ပအိုဝ်းလူမျိုးအချင်းချင်းကို ပြန်ပြီးရွေးခြယ်လိမ့်မည် ဟူသော အတွေးသည် ရိုင်းရိုင်းပြောရလျှင် အရူးဦးဏှောက်နှင့် အတွေးတာဖြစ်ပါလိမ့်မည်။ ပအိုဝ်းလူထုများသည် အဲလောက်ထိ မညံ့သည်ကို သေချာပါသည်။ ဘယ်လောက်ထိ ရိုးအသည်ဖြစ်စေ အမှားအမှန်ကို ခွဲခြားနိုင်ပါသည်။
၁၉၅၂ ခုနှစ်တွင် ရှမ်းပြည်နယ်သို့ စစ်အုပ်ချုပ်ရေးသွတ်သွင်းလာခဲ့ပြီး ညောင်ရွှေနယ်၊ ကလောနယ်၊ တောင်ကြီးနယ်၊ မိုင်းပွန်နယ်၊ လွယ်လင် လဲချားနယ်နှင့် မိုင်းကိုင်နယ်ဒေသများကို စစ်အုပ်ချုပ်နယ်မြေအဖြစ် သတ်မှတ်ခံရပြီး ဖက်ဆစ်ဆန်ဆန် ရှမ်းပြည်သူများ ခံခဲ့ရသည်။ ယခု ရှမ်းပြည်သူများ တစ်ချို့ဒေသမှာ ငြိမ်းချမ်းသွားသော်လည်း ပအိုဝ်းလူထုများ အခုထိ ခံနေရဆဲကို မြင်တွေ့နိုင်ပါသည်။
ယခု ပအိုဝ်းလူထု ခံစားနေရသည့် ငြိမ်းချမ်းကို ရာနှုန်းပြည့်မဟုတ်သည့်တိုင်အောင် အနည်းမျှသာ ကူညီဖြေရှင်းပေးသော ခေါင်းဆောင်များသည် ပအိုဝ်းလူထုမှ ယုံကြည်အားကိုးလာပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ပအိုဝ်းလူထုတစ်ရပ်လုံး၏ သွေးသားထဲတွင် ပအိုဝ်းသွေး အပြည့်ရှိကြသည်။ ထို့ကြောင့် ပအိုဝ်းအမျိုးသား ဦးဆောင်သူ (သို့) ပအိုဝ်းလူထုတစ်ရပ်လုံး ထောက်ခံမှုကို လိုချင်သော နိုင်ငံရေးပုဂ္ဂိုလ်များသည် ပအိုဝ်းလူထုဘက်သို့ ဦးစားပေးလုပ်ဆောင်ရန် လိုအပ်သည်။
ထိုသို့ကူညီဖြေရှင်းပေးသည့်အတွက် ၂၀၁၅ တွင် မဲဆွယ်စည်းရုံးရန် လိုအပ်မည်မဟုတ်။ အလိုလိုသာ မဲပေးပါလိမ့်မည် ထင်ပါသည်။ ပအိုဝ်းအမျိုးသားထု တစ်ရပ်လုံးသည် ခေါင်မိုးမရှိ၊ ခေါင်မိုးမလုံသော ဘဝကိုနေ နေရသည်ဟု ပအိုဝ်းလူငယ်ထု၏ အမြင်ကို ပအိုဝ်းမျိုးချစ် ဦးဆောင်သူသို့ တင်ပြလိုက်ပါသည်။
No comments:
Post a Comment