ပအိုဝ်းစာ/ယဉ်အဖွဲ့(ဗဟို)ရုံးတွင် ပအိုဝ်းအမျိုးသားများဂေဟာကိစ္စ အစည်းအဝေးကျင်းပ

ခွန်ခမ်းမြတ်(တောင်ကြီး) | ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ် | သတင်းမှတ်တမ်း

၂၀၁၃ ခုနှစ်၊ ဇူလှိုင်လ ၁၃ ရက်နေ့ တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ရုံးတွင် ပအိုဝ်းအမျိုးသားများဂေဟာကိစ္စ အစည်းအဝေး ကျင်းပပြုလုပ်ရာ အနယ်နယ်အရပ်ရပ်မှ ပအိုဝ်းသံဃာတော်များ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) မှ တာဝန်ရှိသူများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ PNA ဌာနေပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ မြို့နယ်တာဝန်ခံများ၊ မွေတော်ကက္ကူဘုရား ဂေါပကအဖွဲ့၊ ပအိုဝ်းမော် ဓမ္မကထိကအဖွဲ့၊ ပအိုဝ်းဥပဒေလူမှုအထောက်အကူပြုအဖွဲ့၊ ပအိုဝ်း အမျိုးသမီးအဖွဲ့၊ ပအိုဝ်းသွေးလှူရှင်နှင့် နာရေးလူမှုကူညီရေးအသင်း၊ ပါရမီလူမှုကွန်ရက်အဖွဲ့မှ တာဝန်ရှိသူများနှင့် တောင်ကြီးမြို့ရှိ ပအိုဝ်းမြို့မိမြို့ဖများ စုံလင်စွာ တက်ရောက်ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ဦးခွန်သောင်းစိန် မှ အခမ်းအနားမှူး အဖြစ်လည်းကောင်း၊ မှတ်တမ်းတင်သူအဖြစ် ဒေါ်နန်းခမ်းဗွာ မှ လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ ဦးစွာပထမ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး မင်းကွန်းဆရာတော်ဘုရားထံမှ သရဏဂုံသုံးပါး၊ ငါးပါးသီလ ခံယူဆောက်တည် ကြပါသည်။

ပအိုဝ်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ဒုဥက္ကဌ ဦးခွန်မင်းကျော် က ကြွရောက်လာသော ဆရာတော် သံဃာတော်များ၊ ပအိုဝ်း မြို့မိမြို့ဖနှင့် အဖွဲ့ပေါင်းစုံမှ လူပုဂ္ဂိုလ်များအား အစည်းအဝေး ခေါ်ယူတွေ့ဆုံရခြင်း အကြောင်း ရှင်းလင်းရာတွင် ပအိုဝ်းအမျိုးသားများဂေဟာသည် ပအိုဝ်းအမျိုးသားလူထုတစ်ရပ်လုံးနှင့် သက်ဆိုင်သော အဆောက်အဦးဖြစ်ကြောင်း၊ ကောလဟာလသော်လည်းကောင်း၊ လိုချင်တပ်မက်မှုကြောင့် စွပ်စွဲမှုကိုသော်လည်းကောင်း၊ ဂေဟာကိစ္စကြီးငယ်မှန်သမျှ ပအိုဝ်းအမျိုးသားများနှင့် သက်ဆိုင်၍ အလေးထားရမှာဖြစ်ကြောင်း ပြောကြားသွားပါသည်။ ဂေဟာသမိုင်းကြောင်းအကျဉ်းကို ဖတ်ကြားသိရှိစေပြီး၊ တက်ရောက်သူ အားလုံးသို့ ဂေဟာသမိုင်းအချက်အလက်များကို ဝေငှပေးပါသည်။

သြ၀ါဒါစရိယ မင်းကွန်းကျောင်း ဆရာတော်မှ တက်ရောက်လာသော ပရိသတ်အပေါင်းအား ဘုရားဟောဒေသနာ ရှိသည့်အတိုင်း ခန္ဓာရရှိလျှင် လူတိုင်း ၉၆ပါးရောဂါ နှိပ်စက်တာခံရမှာ ဖြစ်ကြောင်း၊ ပိုင်ဆိုင်မှုစည်းစိမ် ဥစ္စာမှန်သမျှ ရန်သူငါးပါး နှောင့်ယှက်တာ ခံရနိုင်ကြောင်း၊ တွေ့ဆုံပွဲကိစ္စကို ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့(ဗဟို) ဒုဥက္ကဌ ဦးခွန်မင်းကျော် တင်ပြ၍ သိရှိပြီးဖြစ်ကြောင်း၊ အမျိုးသားပိုင် နေရာတစ်ခု ရရန်မလွယ်ကူကြောင်း၊ ဒါယကာများအားလုံး ပအိုဝ်းအမျိုးသားပိုင်ဂေဟာ ခေတ်အဆက်ဆက်ခိုင်မြဲအောင် ထိန်းသိမ်းသွားကြရန်နှင့် မည်သည့် ကိစ္စမဆို လေးလေးနက်နက်လုပ်ကိုင် ဆောင်ရွက်သွားကြရန် မိန့်ကြားသွားပါသည်။

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗဟို) နာယက ဦးခွန်မောင်တုတ် မှ ပအိုဝ်းအမျိုးသားပိုင် ဂေဟာကိစ္စ နှင့် ပတ်သက်၍ “ပအိုဝ်းလွောင်းဗူးအစွို” ကို ၁၉၄၇ ခုနှစ်တွင် အစပြုဖွဲ့စည်းပြီး ပါလီမန်အထွေထွေရွေးကောက်ပွဲ၊ ပအိုဝ်းအမျိုးသားများ လှုပ်ရှားမှုအဆက်ဆက် ဂေဟာပေါ်ပေါက်သည်အထိ ဂေဟာထိန်းသိမ်းခဲ့သည့် ဖြစ်စဉ်များကို ရှင်းလင်းအသိပေးပါသည်။

ပအိုဝ်းအမျိုးသားများဂေဟာ ဂရန်ဟောင်းအမည်ပေါက်မှာ ဦးကုံဝါရ အမည်ဖြင့် ပေါက်ပြီး ဂရန်သက်တမ်းပြည့်ကျော်လွန်၍ သက်တမ်းတိုးရန် ဂေဟာထိန်းသိမ်းအဖွဲ့ ဥက္ကဌ ဦးဇော်အောင်သိန်း ထံရှိဂရန် ပြန်လည်တောင်းခံရာ ဂရန်ပျောက်ဆုံးသွားပြီဖြစ်သည်ဟု ပြောကြား၍ ပအိုဝ်း သံဃာတော်များ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ နှင့် တိုင်ပင်ဆွးနွေးပြီး ဂရန်သစ် ပြန်လျှောက်ရာ ဂရန်အမည်ကိုလည်း ပအိုဝ်းအမျိုးသားဂေဟာ အမည်ဖြင့် ပြုလုပ်ခဲ့သည်။ အသစ်ပြုလုပ်သော ဂရန်သည် ပုဂ္ဂိုလ်အမည်ဖြင့် လည်းမဟုတ် တသီးပုဂ္ဂလအမည် အသင်းအဖွဲ့အမည် မဟုတ်ပဲ ပအိုဝ်း တစ်မျိုးသားလုံးအတွက် ကိုယ်စားပြုသော အမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဌ ဦးခွန်ဝင်းကိုမှ ပအိုဝ်းဂေဟာသမိုင်းကြောင်းကို ဦးခွန်မင်းကျော်၊ ဦးခွန်မောင်တုတ် တို့ ရှင်းလင်းပြ၍ အလုံးစုံသိရပါကြောင်း၊ ဦးဇော်အောင်သိန်း မှ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ အချက် ၂ ချက်၊ စာ ၂ ကြိမ်တင်ထားသည်ဟု သိရကြောင်း၊ ပထမ အချက်မှာ သက်တမ်းကုန်ဆုံးသော ဂရန်ကို သက်တမ်းတိုးလျှောက်ထားခြင်းနှင့် ၄င်း၏အမည်ပေါက် လုပ်လိုခြင်း၊ ဒုတိယအချက်မှာ ဂရန်အမည်ကို ဥက္ကဌ ဇော်အောင်သိန်း အမည်ဖြင့် လည်းကောင်း ဂရန်သစ်လျှောက်ရာတွင် ၄င်းအနေဖြင့် ဘာမှမသိရ၍ လက်မခံနိုင်ကြောင်း၊ လူတစ်ဦး အနည်းစု ခြယ်လှယ်ခြင်းဖြစ်ကြောင်း စွပ်စွဲထားသည့်အကြောင်း၊ မိမိအနေဖြင့် ပအိုဝ်းအမျိုးသားဂေဟာ အမည်ဖြင့်ထားရှိပြီး၊ ဂေဟာ၏ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲထားလျှင် အရှည်သဖြင့် သမိုင်းအတွက် ခိုင်မာမည်ဟု ထင်မြင်မိပါကြောင်း ပြောကြားသွားပါသည်။

မင်းကွန်းဆရာတော်မှ သြ၀ါဒပေးရာ အမျိုးသားရေးအတွက် ဦးဆောင်ဦးရွက်သော ပုဂ္ဂိုလ်သည် အယူအဆမှန်ကန်ဖို့လိုကြောင်း၊ လိုရာဆွဲ လုပ်ဆောင်မှုမျိုး မဖြစ်သင့်ကြောင်း၊ မိမိအမျိုးသား အတွက် သစ္စာခံယူထားရမှာ ဖြစ်ကြောင်း၊ ပစ္စည်းထိန်းအဖွဲ့ ဥက္ကဌ၏ ဆောင်ရွက်ခဲ့သော လုပ်ငန်းတာဝန်များကြောင့် ကျေးဇူးတင်သင့်ကြောင်း၊ သို့ရာတွင် ၄င်းပုဂ္ဂိုလ်၏ ထပ်မံရယူလိုသောဆန္ဒ၊ ရယူရရှိဖို့သည် အချိန်ကာလအားဖြင့် ဝေးခဲ့ပြီဟု ယူဆကြောင်း၊ နောင်လာနောက်သား အဆက်ဆက်တာဝန်ယူ ထိန်းသိမ်းသွားကြရန်လိုကြောင်း မိန့်ကြားသွားပါသည်။

မြို့ဦးကျောင်း ဆရာတော်မှ ရှေ့ဆက် ပအိုဝ်းလူမျိုးများအတွက် လုပ်ဆောင်ရန် အားလုံးတွင် တာဝန်ရှိသည်ဖြစ်၍ အားလုံးညီညွတ်စွာ စည်းလုံးခြင်းဖြင့် အမျိုးသားအတွက်ကို သေသေချာချာ စဉ်းစား ကြိုးစား လုပ်ဆောင်ကြစေလိုကြောင်၊ အမျိုးသားပိုင်ဖြစ်၍ ပုဂ္ဂိုလ်အမည်မထည့်ပဲ အမျိုးသား များပိုင် အမည်ဖြင့် ထည့်ရန်လိုကြောင်း မိန့်ကြားသွားပါသည်။

စူဠာမုနိကျောင်းဆရာတော်မှ ပအိုဝ်းတမျိုးသားလုံးပိုင်ဆိုင်သည့် ကိစ္စဖြစ်၍ သံဃာတော်၊ အဖွဲ့ပေါင်းစုံ၊ မြို့မိမြို့ဖများနှင့် ထင်သာမြင်သာဖြစ်အောင် ၀ိုင်းဝန်းအကြံပေးကြပြီး လုပ်ဆောင်ကြရန်နှင့် ထိန်းသိမ်းမှုကိုသော်လည်းကောင်း၊ တိုးတက်ရန်ကိုသော်လည်းကောင်း ခေါင်းဆောင်ကောင်းဦးဆောင်မှုကောင်းကောင်းဖြင့် ပြိုကွဲမှုမရှိစေရန် ထိန်းသိမ်းသွားရန် လွန်စွာ အရေးကြီးကြောင်း၊ ဂရန်အမည်ကိုလည်း “ပအိုဝ်းအမျိုးသားများပိုင်ဂေဟာ” အမည်ဖြင့် ထည့်သွင်းလျှင် ကောင်းကြောင်း၊ သို့မှသာ နောင်လာနောက်သားများအတွက် ပြဿနာကင်းရှင်းမည်ဖြစ်ကြောင်း မိန့်ကြားသွားပါသည်။

စခဲကျောင်းဆရာတော်မှလည်း ပအိုဝ်းအမျိုးသားပိုင်ဂေဟာအမည်ဖြင့် သတ်မှတ်စေလိုကြောင်း၊ တသီးပုဂ္ဂလအမည်ဖြင့် မထားရန်အကြံပြုမိန့် ကြားသွားပါသည်။

PNA ဌာနေပြည်သူ့စစ်အဖွဲ့မှ ကွပ်ကဲရေးမှူး ဦးခွန်လာမှ ဆွေးနွေးရာ ယနေ့ပအိုဝ်းဂေဟာ ပြဿနာ တက်ရသည့်ကိစ္စကြောင့် စိတ်မကောင်းဖြစ်မိကြောင်း၊ လုပ်ဆောင်သူအနေဖြင့် ကိုယ်ကျိုးအတွက် လုပ်ဆောင်သည်ဟု မထင်မိပါကြောင်း၊ အမျိုးဘာသာ လူမျိုးအတွက် အခြားလူမျိုးများနှင့် တန်းတူဖြစ်ရန် လုပ်ဆောင်ပေးနေသူများဟု ထင်မြင်မိခဲ့ပါကြောင်း၊ လက်တွေ့အထင်နှင့် အမြင်သည် တခြားစီ ဖြစ်နေကြောင်း၊ ဦးဇော်အောင်သိန်း (ပစ္စည်းထိန်း ဥက္ကဌဟောင်း) သည် လွန်ခဲ့ပြီးသော ကာလတွင်သာ တာဝန်ရှိအကြုံးဝင်ခဲ့ပြီး ယနေ့ခေတ်စနစ်ပြောင်းလဲလာပြီး ဂရန်ဟောင်း (ပျောက်ဆုံးပြီးဂရန်) မှ ဂရန်သစ်ဖြစ်နေပြီးဖြစ်၍ ဦးဇော်အောင်သိန်းနှင့် မသက်ဆိုင်တော့ပါကြောင်း၊ မိမိအနေဖြင့် လူတစ်ဦးတစ်ယောက်၏အမည် ဥက္ကဌဟောင်းအမည်ဖြင့် ပြုလုပ်ရန်ကိုလည်း ကန့်ကွက်ပါကြောင်း၊ ယခု ပအိုဝ်းဂေဟာကိစ္စ၊ ဂရန်ကိစ္စများတွင် နားလည်မှုရှိရှိဖြင့် နောက်ဆုတ် ပေးသွားလျှင် ကောင်းမည်ဟု မိမိအနေဖြင့် ပြောကြားလိုကြောင်း အကြံပြုပါသည်။

ထို့နောက် ပအိုဝ်းမော် ဓမ္မကထိကအဖွဲ့မှ ဦးမော်ဦးကလည်းကောင်း၊ ပအိုဝ်းတိုင်းရင်းဆေးဆရာအဖွဲ့ ဥက္ကဌ ဦးခွန်ကျော်စမ်းမှ လည်းကောင်း၊ ပါရမီလူမှုကွန်ယက်အဖွဲ့မှ ဦးခွန်မြမောင်မှလည်းကောင်း၊ ပအိုဝ်းလူငယ်အဖွဲ့မှလည်းကောင်း၊ ပအိုဝ်းဥပဒေလူမှုကူညီရေးအဖွဲ့ အတွင်းရေးမှူး ဦးခွန်ဇာလီမှ လည်းကောင်း၊ ပအိုဝ်းအမျိုးသမီးအဖွဲ့မှလည်းကောင်း၊ ပအိုဝ်းသွေးလှူရှင်နှင့်နာရေးလူမှုကူညီ ရေးအသင်း အတွင်းရေးမှူး ဦးခွန်ကျော်ဇော မှ လည်းကောင်း၊ ပအိုဝ်းအမျိုးသမီးပညာရေးဖေါင်ဒေးရှင်းမှ ဒေါ်မြမြ၀င်းကလည်းကောင်း၊ ညောင်ရွှေမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးခွန်လှဖေမှလည်းကောင်း၊ တောင်ကြီးမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌဦးခွန်စိန်မောင်မှလည်းကောင်း၊ ကျောက်တလုံးကြီးမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဌ ဦးခွန်နေမျိုးမှလည်းကောင်း တစ်ဦးတစ်ယောက် အမည်ဖြင့်မထားပဲ ပအိုဝ်းတမျိုးသားလုံးပိုင်ဂေဟာအဖြင့် ထားရှိရန် ထောက်ခံတင်ပြကြပါသည်။

တောင်းကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခွန်လာမဲင်းက ဦးခွန်မင်းကျော်နှင့် ဦးခွန်မောင်တုတ်တို့ ရှင်းပြခဲ့၍ ဂေဟာကိစ္စကို ရှင်းရှင်းလင်းလင်း သဘောပေါက်ပြီးဖြစ်ကြောင်း၊ ယခင်ဂရန်မှာ သက်တမ်းကုန်ဆုံးပြီးဖြစ်၍ ယခုအခါ ဦးဇော်အောင်သိန်းနှင့် သက်ဆိုင်မှုမရှိဟု မိမိအနေဖြင့် ခံယူပါကြောင်း၊ ပအိုဝ်းအမျိုးသားများဂေဟာအမည်ဖြင့် ထားရှိရန် မိမိအနေဖြင့် မြို့နယ်ပါတီကိုယ်စားသော်လည်းကောင်း၊ ပအိုဝ်းသုခုမအနုပညာအဖွဲ့ကိုယ်စားသော်လည်းကောင်း ထောက်ခံပါကြောင်း တင်ပြဆွေးနွေး သွားပါသည်။

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ (ဗဟို) နာယက ဦးခွန်သန်းရွှေ မှ ယနေ့တက်ရောက်လာကြ သူအားလုံးကို လေးစားပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် အချက် ၂ ချက် ဆွေးနွေးလိုကြောင်း၊ ပထမအချက်မှာ ယနေ့တက်ရောက်လာသူ အားလုံးသည် ယခင်ပအိုဝ်းဂေဟာထိန်းသိမ်းရေးအဖွဲ့ကို သံသယဖြင့် ထင်ယောင်ထင်မှား ပြောဆိုဆွေးနွေးနေသည်ဟု မိမိပြောလိုကြောင်း၊ ထင်ယောင်ထင်မှား အလေ့အထပျောက်သင့်ပြီဟု ထင်ကြောင်း၊ ပအိုဝ်းပစ္စည်းထိန်းသိမ်းရေးအဖွဲ့ကို ဦးထွန်းရင်လောမှ ဖွဲ့စည်းပေးခဲ့ကြောင်း၊ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ လူမှုရေးအဖွဲ့များထံ အပ်နှံဖို့ မိမိတို့ ထိန်းသိမ်းရေးအဖွဲ့မှ ရည်ရွယ်၍ ထိန်းသိမ်းခဲ့ကြောင်း၊ ယနေ့ ဖြန့်ဝေပေးသည့်ဂေဟာသမိုင်းစာရွက်ထဲ အချို့စာသားများ အနည်းငယ် လွဲနေသည်ဟု မြင်မိကြောင်း၊ ယခုဖြစ်နေသောကိစ္စနှင့် ပတ်သက်၍ ယခင်ဂေဟာထိန်းသိမ်းရေး အဖွဲ့ဝင် အားလုံးအပေါ် အမြင်မလွဲစေလိုကြောင်း၊ ထိန်းသိမ်းရေးအဖွဲ့ဝင်အားလုံး တိုင်ပင်လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပဲ တစ်ဦးတစ်ယောက်စိတ်ကူးဖြင့် လုပ်ဆောင်သည်ဟု ပြောနိုင်ကြောင်း၊ အဖွဲ့ဝင်အားလုံးမှ ပြောသော်ငြားလည်း ဥက္ကဌက လက်မခံလျှင် ဘာကိစ္စမှ လုပ်မရကြောင်း၊ ယခုဖြစ်ရပ်တွင်လည်း မိမိတို့ထိန်းသိမ်းရေးအဖွဲ့အား ပုတ်ခတ်သလို ဖြစ်နေ၍ ဆွေးနွေးရခြင်း ဖြစ်ကြောင်း၊ ပအိုဝ်းဂေဟာကိစ္စသည် ပအိုဝ်းအမျိုးသားများအားလုံးနှင့် သက်ဆိုင်သည်ဖြစ်၍ အားလုံးလက်ခံရမှာဖြစ်ကြောင်း ဆွေးနွေးသွားပါသည်။

ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဒုဥက္ကဌ ဦးခွန်မင်းကျော် မှ ယနေ့ဖြန့်ဝေပေးထားသည့် ဂေဟာသမိုင်း အချက်အလက်များသည် အစည်းအဝေးမှတ်တမ်းများ၊ ခိုင်လုံသော အထောက်အထားများ ရှိထား၍ ရေးသားဖြန့်ဝေခြင်း ဖြစ်ကြောင်း ထပ်ဆင့်ရှင်းလင်းပေးပါသည်။

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့(ဗဟို) တွဲဘက် အတွင်းရေးမှူး ဦးခွန်သူရအောင်မှ ပအိုဝ်းဂေဟာကိစ္စမှာ ယခုရှုပ်မှ နောင်ရှင်းမည်ဖြစ်ပြီး အကြေအလည်ဆွေးနွေး၍ လိုအပ်လျှင် ဥပဒေပညာရှင်များထံ အကြံဥာဏ်တောင်း ဖြေရှင်းသွားပါက ပိုမိုကောင်းမွန်မည်ဟု ယူဆကြောင်း ဆွေးနွေးသွားပါသည်။

မွေတော်ကက္ကူဘုရား ဂေါပကဥက္ကဌ ဦးခွန်ထွန်းလွင်မှလည်း ပအိုဝ်းအမျိုးသားများပိုင်အမည်ဖြင့် ဆက်လက်တည်ရှိသွားရန် ဆန္ဒရှိကြောင်း ဆွေးနွေးသွားပါသည်။

ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဌ ဦးခွန်ဝင်းကိုမှ အမျိုးသားကိစ္စသည် သမိုင်းမှန်ကန်ဖို့ လိုကြောင်း၊ သမိုင်းမှန်လျှင် ယနေ့ဆုံးဖြတ်ချက်များ မှန်ကန်မည်ဖြစ်ကြောင်း၊ သက်သေခိုင်လုံမှု မရှိပါက အမှားများရှိနိုင်ကြောင်း၊ ယနေ့ အစည်းအဝေးဆိုလျှင် သမိုင်းတွင်မည့်အစည်းအဝေး မှတ်တိုင်ပင် ဖြစ်ကြောင်း၊ သားစဉ်မြေးဆက်အထိ သံဃာတော် ဆရာတော်များ၊ လူပုဂ္ဂိုလ်အများနှင့် ဆုံးဖြတ်၍ သမိုင်းတင်ကျန်နေမှာ ဖြစ်ကြောင်း၊ မလိုလားအပ်သော စွပ်စွဲချက်၊ တောင်းဆိုချက်ဖြင့် ဦးဇော်အောင်သိန်းအနေနှင့် ဥက္ကဌအမည် ပြန်ထည့်လိုသောကိစ္စကို လေးလေးနက်နက် သေချာစဉ်းစားစေလိုကြောင်း၊ မဖြစ်နိုင်သည်ကို လိုချင်လို့ မရနိုင်ပါကြောင်း၊ ယနေ့တက်ရောက်သူများ ပွင့်ပွင့်လင်းလင်း ဆုံးဖြတ်ချက်ချသွားရမှာဖြစ်ကြောင်း၊ ဦးဇော်အောင်သိန်း၏လုပ်ရပ်ကို မိမိအနေဖြင့် ရှုတ်ချပါကြောင်း၊ ပအိုဝ်းအမျိုးသားဂေဟာအဖြစ် တည်ရှိစေခြင်းကို မိမိမှ ကြိုဆိုထောက်ခံပါကြောင်း ဆွေးနွေးပြောကြားသွားပါသည်။

ပအိုဝ်းဌာနေပြည်သူ့စစ် ကွပ်ကဲရေးမှူး ဦးခွန်လာမှ ဆက်လက်ဆွေးနွေးရာတွင် ပအိုဝ်းအမျိုးသား ဂေဟာနှင့် အခြားပအိုဝ်းအမျိုးသားပိုင် အဆောက်အဦးများကို ကော်မတီဖွဲ့စည်းပုံမူကြမ်း ရေးဆွဲဖွဲ့စည်းရန် လိုကြောင်း၊ နောင်တွင် ပြဿနာမဖြစ်စေရန်နှင့် အမျိုးသားပိုင်ပစ္စည်းများ ရေရှည်ထိန်းသိမ်းထားနိုင်ရန်အတွက် ဆုံးဖြတ်ချက်ချထားနိုင်လျှင် ပိုမိုကောင်းမွန်မည်ထင်ကြောင်း ဆွေးနွေးပြီး ဦးဇော်အောင်သိန်းတို့အဖွဲ့ တင်ထားသောစာအား ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုပါကြောင်း တင်ပြသွားပါသည်။

ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ဥက္ကဌ ဦးခွန်ဝင်းကိုမှ ဦးခွန်လာပြောသော တစ်ဦးပိုင်ထက် အများပိုင်ဆိုသော ပြောကြားချက်ကို ကြိုဆိုပါကြောင်း၊ ပအိုဝ်းအမျိုးသားပိုင်ဟု ထားပါက တစ်မျိုးသားလုံး ၀မ်းသာမည်မှာအမှန်ပင် ဖြစ်ကြောင်း၊ ဆက်လက်ထိန်းသိမ်းနိုင်ရန် အကောင်အထည် ဖေါ်သွားရန်လိုသည်ဟု ထင်မြင်ကြောင်း၊ ပအိုဝ်းအမျိုးသားပိုင် မြေနေရာကော်မတီမူကြမ်းရေးဆွဲရန် လိုသည်ဆိုသည့် တင်ပြချက်အပေါ် ဆုံးဖြတ်ချက်တစ်ခုချထားရန်လိုကြောင်း ဆွေးနွေးသွားပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ အကြေအလည်ဆွေးနွေးပြီး အောက်ပါအတိုင်း ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။

(၁) ပအိုဝ်းအမျိုးသားပိုင် မြေယာ၊ အဆောက်အဦးများ ထိန်းသိန်းရေးကော်မတီ ဖွဲ့စည်းနိုင်ရေးမူကြမ်း ရေးဆွဲသွားရန်။

(၂) ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရ ပအိုဝ်းအမျိုးသားများ လူမှုရေးအသင်းအဖွဲ့ ပေါင်းစုံနှင့် မြို့မိမြို့ဖများမှ ဦးဇော်အောင်သိန်း၏ လုပ်ရပ်များကို ကန့်ကွက်ကြပါကြောင်း။

(၃) အမှတ် ၉၈၊ ကုန်သည်လမ်း၊ ဈေးပိုင်းရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားများဂေဟာကို ပအိုဝ်း အမျိုးသားများ အဆက်ဆက်ထိန်းသိမ်း စောင့်ရှောက်သွားရန်။

(၄) ဦးဇော်အောင်သိန်းမှ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ တင်ပြထားသောစာအား ပြန်လည်ရုပ်သိမ်းပေးရန်နှင့် ယခင် ဂရန်ဟောင်းကို ပအိုဝ်းအမျိုးသားများထံ ပြန်လည်အပ်နှံသွားရန်။

(၅) ပအိုဝ်းအမျိုးသားတစ်ရပ်လုံးပိုင်ဂေဟာ၏ အရေးအရာကိစ္စရပ်များ ဆောင်ရွက်ရန်ရှိပါက ရဟန်းသံဃာတော်များ၊ မြို့မိမြို့ဖများ၊ ပအိုဝ်းအမျိုးသားအသင်းအဖွဲ့များ၏ သဘောတူညီချက်ဖြင့် ရယူဆောင်ရွက်သွားရန်။

(၆) ၉-၄-၂၀၁၀ ရက်နေ့ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ) ကွင်းတွင် ကျင်းပပြုလုပ်သော အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည့် အောက်ပါ ဆုံးဖြတ်ချက်အား ထပ်မံအတည်ပြုရန်။

  • အမှတ် (၉၈/၁ နှင့် ၉၈/၂) အဆောက်အဦး ပအိုဝ်းဂေဟာထိန်းသိမ်းရေးအဖွဲ့ကို ယနေ့ ၉-၄-၂၀၁၀ ရက်နေ့မှစ၍ ဖျက်သိမ်းပြီးဖြစ်ကြောင်း။
  • အမှတ် (၉၈/၁ နှင့် ၉၈/၂) အဆောက်အဦးကို ယနေ့အစည်းအဝေး တက်ရောက်သူအားလုံး၏ သဘောတူညီချက်ဖြင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ထိန်းသိမ်းသွားရန် ဖြစ်ပါသည်။

အဆိုပါအစည်းအဝေးကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

No comments: