ပင်လောင်းတွင် တစ်လကြာတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ

ပင်လောင်း၊ မတ် ၂၂ ၊၂၀၂၃

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာအနီးတစ်ဝိုက်တွင် တစ်လနီးပါး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း မတ်လ၂၂ရက်နေ့တွင်ဒေသခံပြောပြချက်အရ သိရသည်။

နမ်းနိန်ရွာအရှေ့ဖက် ဘုရားတောင်ပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီသည် ဒေသ PDF တပ်ဖွဲ့တို့နှင့် မတ်လ၂၀ရက်နေ့အထိ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးကျော်သေဆုံးခဲ့သည်။

ပင်လောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီမှ နေ့စဉ်လူအင်အား၊ လက်နက်အင်အားများဖြည့်တင်းလျက်ရှိပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

"တိုက်ပွဲက ဖေဖော်ဝါရီ လကုန်ကတည်းက ခုထိ နေ့တိုင်းဖြစ်‌နေတာ ငယ်တာနဲ့ကြီးတာဘဲကွာတာ မတ်၂၀ တုန်းလည်း တစ်နေကုန်လက်နက်သံကြားတယ် စစ်ကောင်စီတပ်သား ၁၀ ကျော်သေဆုံးတယ်ပြောတယ် စစ်ကောင်စီဖက်လည်း လေယာဥ်ငါစီး နဲ့ တစ်ခါတည်းလာပစ်တာ "ဟု ဆောင်းပြောင်းရွာနေ ဒေသခံတစ်ဦးကပြောသည်။

နမ်းနိန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံ နေအိမ် ၅၀ ကျော်မီးရှိ့ဖျတ်ဆီးခံရပြီး ဒေသခံ ၁၉ဦး၊ သံဃာတော် ၃ ပါး မတရားအသတ်ခံခဲ့ရကာ ဒေသခံ ၁၁ ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။

ထိုကျေးရွာတစ်ဝိုက် တောင်မဲသင်း လုံးပျဥ် တောင်စလုံး မြောက်စလုံး ဘေားရန် စသည်ဒေသတွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ပြီး ဒေသခံ ၆ထောင်ကျော် ယခုအချိန်ထိ တစ်လနီးပါး အိမ်မပြန်နိုင်သေးကြောင်း သိရသည်။

အလားတူ ပင်လောင်းအနီး ဖယ်ခုံမြို့၊ မိုးဗြဲမြို့တွင်လည်း ဖေဖော်ဝါရီလကစပြီး တိုက်ပွဲဖြစ်ပွားရာ ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

No comments: