ပြည်သူသား | ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ် | အမြင်ဆောင်းပါး
ကြားနေရလို့ မြင်နေရလို့ ပြောချင်တဲ့စကား ပေါ်လာပါတယ်။ ဘာလဲဆိုတော့ အစိုးရတပ်မတော်ဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့နယ် ထီထဲုင်ထိုးရွာက ရွာသားများကို မတရားအနိုင်ကျင့် အာဏာသုံးဖိနှိပ် သေနတ်နဲ့ပစ်ခတ်နေတဲ့ကိစ္စ သတင်းစာပေါ်နှင့် အင်တာနက်စာမျက်နှာပေါ် ကျယ်ကျယ်ပြန့်ပြန့်ကြားရ တွေ့ရပါတယ်။
ယနေ့မြန်မာနိုင်ငံသွားနေတဲ့ ဒီမိုကရေစီလမ်းစဉ်ဟာ အထက်က ဘယ်လောက်ပြောင်းလဲနေပါစေ အောက်ခြေက မပြောင်းသေးဘူးဆိုတာ သိသာပါတယ်။ ဆိုလိုတာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဒီလိုအဖြစ်ပျက်နေတာ အုပ်ချုပ်တဲ့သူက စစ်တပ်တွေအပေါ် အာဏာလွမ်းမိုးမှုမရှိဘူးလား။ ဒါမှမဟုတ် အာဏာရပုဂ္ဂိုလ်ကဘဲ လျစ်လျူရှုထားပါသလား ဆိုတာ မေးခွန်းတွေ ထွက်လာပါတယ်။
ဒီထက်ပိုဆိုးတာက ဒဏ်ရာရရွာသားကာယကံရှင်သဘောကို မသိဘဲ အထက်က အာဏာရအချင်းချင်း ညှိနိုင်းပြေလည်စေချင်တယ်ကိစ္စပဲဖြစ်ပါတယ်။ ဒါက သူတို့ရဲ့လည့်ကွက် သူတို့အသုံးပြုတဲ့ နိုင်ငံရေးဗျူဟာ ထင်ပါတယ်၊ တကယ်ခံရတာက ပြည်သူလူထုတွေပါ။
နောက်တစ်ခုက ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရကပုဂ္ဂိုလ်တွေဟာ တပ်မတော်ဘဝမှ ယူနီဖောင်းတွေပြောင်းပြီး အစိုးရပြန်ဖြစ်သလို ပအိုဝ်းအမျိုးသားတွေလည်း လက်နက်ကိုင်တော်လှန်ရေး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးဘဝမှ အလင်းဝင် အုပ်ချုပ်မှုအာဏာ ရလာခြင်းဖြစ်ပါတယ်။ ယခု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၂၀၀၈ အခြေခံဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း ရရှိခဲ့ပေမယ့် အုပ်ချုပ်မှုအတိုင်းတာ ဘာတစ်ခုမှ မည်မည်ရရမတွေ့ရပါဘူး။ အကန့်အသတ်တွေနဲ့ ပြည့်နေပါတယ်။
ပြီးတော့ အာဏာရှင်ဆန်လွန်းပါတယ်။ ဝတိုင်းရင်းသားကို ပြန်ကြည့်လျှင် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဟာ အစိုးရဌာနအသီးသီးတွေနဲ့ အုပ်ချုပ်မှုစနစ်တို့အားလုံး ဝတိုင်းရင်းသားများ ကိုယ်ပိုင်လုပ်ပိုင်ခွင့် ရတယ်လို့ သိရပါတယ်။
ပအိုဝ်းတိုင်းရင်သားများကော အဲဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လက်တွေ့အုပ်ချုပ်ပိုင်ခွင့် လုပ်ပိုင်ခွင့်အာဏာ ရှိပါသလား ပြန်သုံးသပ်ဖို့ လိုနေပါလိမ့်မယ်။ ယခုဖြစ်ပေါ်နေတဲ့ တိုင်းရင်းသား များပြဿနာမှာ အဓိကတန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် စစ်မှန်တဲ့ပြည်ထောင်စု မရှိတဲ့ပြဿနာပဲ ဖြစ်ပါတယ်။
တကယ်ဆိုလျှင် ပအိုဝ်းတိုင်းရင်းသားပြည်သူ တော်တော်များမားဟာ ဖက်ဒရယ်ဆိုတာလဲ မသိဘူး။ ဒီမိုကရေစီဆိုတာလဲ နားမလည်ခဲ့ပါဘူး။ သူများက ဒီမိုကရေစီဆိုလျှင် လိုက်ပြီး ဒီမိုကရေစီကြတာပဲ။ ဒါဟာ ပြည်သူတို့ အမှားမဟုတ်ပါဘူး။ ပအိုဝ်းအရေး လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်အပေါ်မှာ များစွာမူတည်နေပါတယ်။
ပအိုဝ်းတိုင်းရင်းသားများဟာ များသောအားဖြင့် တောင်ယာစိုက်ပျိုးခြင်းကို အသက်မွေးကြပါတယ်။ စားဝတ်နေရေးအတွက် ရုန်းကန်လုပ်ရှားနေရတာ ဖြစ်ပါတယ်။ ဒီကြားထဲ ဟိုအခွန် ဒီအခွန် ဆောင်နေရပါသေးတယ်။ ဘယ်လောက်ထိဆောင်နေရလဲဆိုရင် ကိုယ့်ဒေသမှာ လုပ်ကိုင်စားသောက် မလောက်လို့ စားဝတ်နေရေမဖူလုံလို့ တိုင်းတစ်ပါးခြား အလုပ်သွားလုပ်နေတာကို အခွန် ဆောင်နေရတဲ့သူတွေ ရှိပါတယ်။ ဒါမဖြစ်သင့်ပါဘူး မသက်သာလို့နိုင်ငံတော်မသိ အောင်းခိုးထွက်ပြီး အလုပ်သွားလုပ်နေတာ။ ဒါကို ဒေသခံအာဏာပိုင်ဆီ အခွန်ဆောင်နေရတာ စဉ်းစားကြည့်ပါ ဖြစ်သင့်ပါသလား။
နောက်တစ်ခုက စစ်အာဏာရှင်ရဲ့လက်အောက်က ပြားပြားဝပ်အောင် နှစ်ပေါင်းများစွာခံနေရတာကို နှစ်ဆင့်ခံနေရတာ ပအိုဝ်းတိုင်းရင်းသားတွေပါ။ ဒီလိုအချိန်မှာ ပအိုဝ်းပြည်သူရင်ထဲ ခံစားနေရတဲ့ နှစ်ပေါင်းများစွာ ဒဏ်ရာ ဒဏ်ချက်ကို ဖြေလျော့ပေးဖို့ နေနေသာသာ အထက်ကတာဝန်ရှိသူက ပွင့်လင်းမြင်သာမှု မရှိတဲ့ မြေယာပြဿနာ၊ လျှပ်စစ်မီးပြဿနာတွေနဲ့ ထပ်ပြီးရင်ဆိုင်ပြန်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းရာမှာလည်း အကြမ်းဖက်တဲ့နည်းနဲ့ ထပ်နှိပ်စက်လိုက်ပြန်ပါတယ်။
ဒီအကြောင်းကို ပြန်စဉ်းစားမယ်ဆိုလျှင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဆိုပြီး သုံးထားတဲ့အာဏာအကုန် လုံး ဖြစ်နေပါတယ်။ ဒီအတိုင်းဆိုရင် ရှေ့လာမယ့် ပအိုဝ်းနိုင်ငံရေးပါတီတွေဟာ ပအိုဝ်းတိုင်းရင်းသားပြည်သူများ ယုံကြည်မှုကို ရနိုင်ပါ့မလား၊ မရနိုင်ပါဘူး။ ခါးသီးလှတဲ့ဒဏ်ရာကို အချိန်ယူပြီး ကုစားပေးရအုံးမှာပါ။ ပြည်သူရဲ့ ယုံကြည်မှုမရရှိလျှင် ဒီအဖွဲ့က ပြည်သူရဲ့ထောက်ခံမှု ရရှိမှာမဟုတ်ပါ။ ထောက်ခံမှု မရှိလျှင် ပအိုဝ်းနိုင်ငံရေးပါတီဟာ ကျရှုံးသထက် ကျရှုံးသွားမှာပါ။
နောက်တစ်ခုက နိုင်ငံရေးဆိုတာ လက်နက်ကိုင်ပြီးတော်လှန်တာတစ်ခုတည်းနဲ့ အောင်မြင်ဖို့မလွယ်ပါဘူး။ လူတစ်စု လူတစ်အုပ်တည်းအကျိုးအတွက်လုပ်တာ နိုင်ငံရေးဆိုပေမယ့် မအောင်မြင်နိုင်ပါဘူး။ ပအိုဝ်းနိုင်ငံရေးမှာ ပြောနေကြတာ အမြဲလိုလိုကြားနေရအပါတယ်။ အမျိုးသားရေးအတွက် လုပ်တယ်တဲ့။ ဒါဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ပအိုဝ်းပြည်သူလူထုတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို မသိကြဘူးလား။ သိသိရင်းနဲ့ မသိဟန်ဆောင်နေတာလား မေးခွန်းရှိလာပါတယ်။
မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းကို တမ်းတအောက်မေ့နေသလို ပအိုဝ်းပြည်သူများလည်း ဖြားဗွာဦးလှဖေကို တမ်းတအောက်မေ့နေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ယခုပအိုဝ်းခေါင်းတွေဟာ ဖြားဗွာဦးလှဖေချမှတ်ပေးထားတဲ့ အမျိုးသားရေး နိုင်ငံရေးလမ်းစဉ်ကို မကျင့်သုံးပဲ ကိုယ်ကျိုးဖက်တွေလုပ်နေကြလို့ပါပဲ။ ယခု မြန်မာနိုင်ငံဟာ အပြောင်းအလဲပြုလုပ်နေပါပြီ။ ပအိုဝ်းနိုင်ငံရေးကို စိတ်ဝင်စားတဲ့ ပအိုဝ်းလူငယ်တွေ ရှိပါလျှက်နဲ့ ဘာဖြစ်လို့ အပြောင်းအလဲတွေ မပြုလုပ်ဖြစ်ကြတာလဲ။
မြန်မာနိုင်ငံအစိုးရကို လွတ်လပ်စွာအပြုသဘောဝေဖန်နေတာကို တွေ့ရတယ်။ ပြုပြင်သင့်တာ ပြောင်း လဲသင့်တာ ပြောင်းလဲနေပြီ။ သမ္မတဦးသိန်စိန်ကိုယ်တိုင် နိုင်ငံခြားခရီးစဉ်တွေမှာ ပြည်သူပြည်သားတွေ ဆင်ရဲတွင်းကျနေတာကို ကယ်တင်ချင်တယ်ဆိုပြီး မိန့်ခွန်းတွေပြောပါတယ်။ နိုင်ငံတော်အကြီးအကဲတောင် ဒီလိုပြောနေပြီ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ပအိုဝ်းအာဏာပိုင်တွေကော ပအိုဝ်းပြည်သူအတွက် ကယ်တင်ချင်တဲ့စိတ်တွေ မပေါ်လာကြသေးဘူးလား။
ပအိုဝ်းပြည်သူတွေ နှစ်နာချက်တွေ ဆင်းရဲဒုက္ခတွေကို အဘက်ဘက်မှ ဖြေရှင်းလုပ်ဆောင်သွားဖို့ လိုနေပါပြီ။ ပအိုဝ်းနိုင်ငံရေးမှာ ပအိုဝ်းပြည်သူလူထုတွေ ခေတ်အဆက်ဆက် အလိမ်ခံနေရတာကို သိလာကြပါပြီ။
ပအိုဝ်းပြည်သူလူထုတွေ နောက်ထပ်အလိမ်မခံချင်တော့ပါဘူး။ ဒါကြောင့် ပအိုဝ်းခေါင်းဆောင်တွေ ပအိုဝ်းနိုင်ငံရေးပါတီတွေ ပအိုဝ်းပြည်သူလူထုတွေရဲ့ အခက်အခဲပြဿနာတွေ ဆင်းရဲတွင်းကနေ လွတ်မြောက်ဖို့အတွက် ဘယ်လို Strategic Planning တွေ ပြင်ဆင်ထားပြီးနေပြီလဲ။ ပအိုဝ်းအနာဂါတ်အတွက် တိကျတဲ့ Vision တွေ ချထားသင့်ပြီလို့ ထင်ပါတယ်။
No comments:
Post a Comment