ပအိုဝ်းရိုးရာ အစားအစာဖြင့် တောင်ကြီးမြို့တွင် လူငယ်များမိတ်ဆုံစားပွဲ ပြုလုပ်

By ခွန်ထီးခမ်း | နိုဝင်ဘာလ 16 ၊ 2012 | တောင်ကြီးတိုင်းမ်

တောင်ကြီး (တောင်ကြီးတိုင်းမ်) ။ ။ ပအိုဝ်းရိုးရာ ထမင်းဟင်းဖြင့် လူငယ်များ မိတ်ဆုံစားပွဲကို ကောင်ရွေလူမှုလှုပ်ရှားဆောင်ရွက်ရေးကွန်ယက်မှ နိုင်ဝင်ဘာလ ၁၅ ရက်ညနေ တောင်ကြီးမြို့ကောင်ရွေရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ညနေ ၁:၀၀ နာရီမှ ၄း၀၀ နာရီ တွင် လူငယ်များမှ အတူတကွ ရိုးရာအစားအစာကို ပြင်ဆင် ချက်ပြုတ်ခဲ့ကြသည်။ ခွန်အားပြည့်စေသော သီးချင်းများနားထောင်ခြင်း၊ သီဆိုခြင်းများဖြင့် အစပြုခဲ့ကြသည်။



အခန်းအနားတွင် လူမှုရေးလုပ်ငန်းကို တက်ကြွလှုပ်ရှားနေကြသော အဝေးသင်ကျောင်းသူကျောင်းသားများ၊ ကောင်ရွေ အမာခံများနှင့် အနီးကပ်ပညာသင်ကြားသော တက္ကသိုလ်ကျောင်းသူ/သားများ ၂၀ ဦး တက်ရောက် အားပေးခဲ့ကြသည်ဟု သိရသည်။

“ကျနော်ကတော့ ခွန်ဇော်ဟိုက်သီဆိုတဲ့ သွို့ခြံသား သီးချင်းကို အရမ်းကြိုက်တယ်ဗျာ။ ဘာလို့လဲဆို သီချင်းမှာပါတဲ့ စာသားက ကျနော်တို့ရပ်ရွာအသိုင်းဝိုင်းနဲလဲ တိုက်ဆိုင်တယ်။ နားထောင်ရင်းနဲ့ အရမ်းထိတယ်” ဟု နွေရာသီအခြေခံအင်္ဂလိပ်စာနှင့် လူမှုဖွံ့ဖြိုးရေးသင်တန်းကို ဆီဆိုင်မြို့တွင်သွားရောက်သင်ပေးခဲ့သော ဆရာခွန်စိုးမောင်က ပြောသည်။

ညစာမစားခင်တွင် တက်ရောက်လာသော လူငယ်များအချင်းချင်း မိတ်သစ် မိတ်ဟောင်းကို မိတ်ဆက်ခဲ့ ကြသည်။ ကောင်ရွေ၏ လုပ်ဆောင်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ဖလှယ်ပေးခဲ့ကြသည်။ ညစာစား ပြီးချိန်တွင် မိမိကိုယ်စီ ဒေသ၏ ပညာရေးအခြေအနေများ နိုင်ငံရေးရေချိန်စိတ်ဝင်စားမှု အခြေအနေများကို နှီးနှောဖလှယ်ခဲ့ကြသည် ဟုသိရသည်။

“ညစာစားပွဲပြုလုပ်ခြင်းဖြင့် ကျနော်တို့လူငယ်တွေ ရင်းနှီးမှုပိုမိုရလာပြီး အတူပူးပေါင်းပြီး ရပ်ရွာဖွံ့ဖြိုးရေးကို ရှေ့ဆက်ဘာတွေလုပ်ကြမယ် ဘယ်လိုလုပ်ကြမယ်ဆိုတာ ဆွေးနွေးနိုင်တာပေါ့”
ဟု ခွန်ခေတ်စံက ပြောသည်။



ကောင်ရွေသည် အစတည်ထောင်တဲ့လူ အခုလုပ်နေတဲ့လူလောက်နဲ့တင် ကန့်သတ်ထားတာ မဟုတ်ကြောင်း၊ လူငယ်တွေ လွတ်လွတ်လပ်လပ် ကိုယ်လုပ်ချင်တာ လုပ်နိုင်တာတွေကို အတူတူပူးပေါင်းလုပ်ဆောင်နိုင် ကြောင်း မိတ်ဆက်ပေးခဲ့သည် ဟုသိရသည်။

“အခု ရသလောက်စုထားတဲ့ ရုံးပစ္စည်းဆိုတာလည်း ကျနော်တို့အတွက်မဟုတ်ပါဘူး၊ နောက်မှာ ဆက်လုပ်ကြမဲ့ လူငယ်တွေအတွက်ပဲ ကျနော်တို့လဲ အမြဲတမ်းကောင်ရွေမှာ လုပ်မှာမဟုတ်ပါဘူး”
ဟု ကောင်ရွေအမာခံ ခွန်မျိုးက ပြောသည်။

“ကျနော်တို့ ပထမအဆင့်အနေနဲ့ လူငယ်တွေစုပြီးတော့မှ ကျေးရွာများကို ကိုယ်တိုင်သွားရောက်ပြီး အား နည်းချက်များကို လေ့လာသုံးသပ်မှုတွေကို လုပ်ချင်တယ်”
ဟု ပြည်သူ့နီတိ တစ်လသင်တန်းသား ခွန်ဝင်းဦးက ပြောသည်။

ကောင်ရွေလူမှုလုပ်ရှားဆောင်ရွက်ရေးကွန်ယက်သည် ဇန်န၀ါရီ ၁ ရက်၂၀၁၀ ခုနှစ်တွင် ၀ါသနာတူ လူငယ် ၁၅ ဦးခန့်မှ ပူးပေါင်းပြီး စတင်ခဲ့သည်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ညီလာခံကျင်းပပြီး မျော်မှန်းချက် ပန်းတိုင်များ၊ ရည်ရွယ်ချက် ဦးတည်ချက် နှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။ အဖွဲ့မစခင် ၂၀၀၉ ခုနှစ်၌ လစဉ် တွေ့ဆုံမှုများပြုလုပ်ပြီး ဒေသ၏ အခက်အခဲများ လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများကို တတ်နိုင်သောဖက်မှ ပူးပေါင်းပါဝင်ကူညီရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့သည်။

အဖွဲ့တွင် လူငယ်စွမ်းရည်မြှင့်တင်ရေးဌာန၊ လူ့အခွင့်ရေးဌာန နှင့် ပြည်သူ့နီတိသင်တန်းဌာန စသည့်ဌာနသုံးခု တည်ရှိလျက်ရှိသည်။ တခြားသော လူမှုအဖွဲ့အစည်းများ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ကွန်ယက် တည်ရှိလျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာလူငယ်နေ့များ ကချင်စစ်ဘေးသင့်သူများ အတွက်ရန်ပုံငွေရှာပွဲများကိုလည်း ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

ကောင်ရွေအဖွဲ့သည် ပြည်သူ့နီတိသင်တန်းများ၊ အခြေခံဖွံ့ဖြိုးရေးသင်တန်းများ၊
အင်္ဂလိပ်စာဆွေးနွေးဝိုင်းများနှင့် လူငယ်စကားဝိုင်းများကို ပြုလုပ်လျက်ရှိသည်။
ဒေသတွင်းဖြစ်ပွားသော မြေယာသိမ်းဆည်းမှုများ၊ လူ့အခွင့်ရေးချိုးဖောက်ခံရမှုများကိုလည်း ကူညီပေးလျက်ရှိသည်။

No comments: