ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သွားနှင့်ခံတွင်းဘက်ဆိုင်ရာ ကျန်းမာရေး အခမဲ့ စစ်ဆေး

Written by ခွန်စိမ်းမောင်(တောင်ကြီး) | October 11, 2012 | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးကောင်စီအဖွဲ့တို့ ပူးပေါင်းပြီး ဆီဆိုင်မြို့ နှင့် ဟိုပုံးမြို့ရှိ နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း တွင် သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာများကို အခမဲ့ စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

“ ဟုတ်တယ် ဒကာကြီး ဦးဇင်းတို့ ပြောရရင်တော့ သွားနှင့်ခံတွင်းဘက်ဆိုင်ရာကလည်း အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် သွားဆိုရင် အရွယ်မရွေးဘူး သွားပိုးကြောင့် သွားနာတာ သွားကိုက်တာ သွားအပေါက်ဖြစ်လာပြီး စာကြွင်း၊ စားကျန်များကို သွားမတိုက် မသန့်စင်တဲ့ခါ သွားပေါ်မှ ကြွေသွားလွှာများဆွေးမြေ့ကာ အပေါက်ဖြစ်သွားတယ်” ဟု ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟိုပုံးမြို့ နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဦးဇင်းတစ်ပါးက ပြောသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟိုပုံးမြို့ နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည့် ဆရာတော် အရှင်ရာဇိန္ဒသိရီမှ ၂၀၀၁ ခုနှစ်တွင် စတင် တည်ထောင်ပြီး၊ ၂၀၁၂/၂၀၁၃ ပညာသင်နှစ်မှာ ကျောင်းသား / ကျောင်းသူများ စုစုပေါင်း ၈၀၉ ယောက် ရှိကြောင်းလည်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့နှင့် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးကောင်စီအဖွဲ့တို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ်ဖြင့် သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာ အခမဲ့ စစ်ဆေးခြင်းလည်းဖြစ်ပါသည်။

“ ဟုတ်ကဲ့ အဖွားသွားက သွားပိုးစားတာ တကယ်နာတယ်။ ဆေးရုံး သွားပြရင်လည်း ငွေကြေးက အဆင်မပြေတော့ မပြနိုင်ဘူး၊ ဒီတိုင်းပဲ အနာခံနေရတာ (၂)လကျော် ကြာပြီး အခုမှတော့ ကံကောင်းတယ်လို့ ပြောနိုင်တယ်။ ဆရာဝန်တွေ့ကိုယ်တိုင် လာရောက်စစ်ဆေးပြီး သွားတွေနုတ်ပေးတော့ အထူးပဲကျေးဇူးတင်ပါတယ် ” ဟု အသက်(၅၆) အရွယ်ရှိ ပအိုဝ်းအမျိုးသမီး အဖွားကြီးတစ်ဦးက ပအိုဝ်းစကားဖြင့် ပြောသွားပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့နှင့် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးကောင်စီအဖွဲ့တို့ ပူးပေါင်းပြီး ၈ ရက် ၉ ရက်နေ့တွင် ဆီဆိုင်မြို့ နှင့် ၁၀ ရက် ၁၁ ရက်နေ့တွင် ဟိုပုံးမြို့ အသီးသီး သွားရောက်ပြီး ဒေသခံပြည်သူလူထု၏ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးပိုမိုကောင်းမွန်စေရန် (အခမဲ့) စစ်ဆေးကုသကြောင်းလည်း ၁၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာလည်း ဖော်ပြထားပါသည်။

1 comment:

ဂျေဂျူဝိုင် said...

စာရင်းဖြင့် ကုသခဲ့သော လူနာပေါင်း ၁၃၂၇ ဦးရှိခဲ့ပါတယ်။ နောက်ပိုင်း သွားခြစ်တဲ့ ကျောင်းသား/ကျောင်းသူများက စာရင်းမဲ့ ဝင်ရောက်ခြစ်ခဲ့တဲ့အတွက် စာရင်း မယူခဲ့ရပါဘူး။ အားလုံး ၁၅၀၀ နီးပါး သွားဝေဒနကို ကုသခဲ့ပါကြောင်း။ အခမဲ့ လာရောက်ကုသပေးသွားတဲ့ ဆရာဝန်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်များကို ကျေးဇူးတင်ပါကြောင်း


နောင်တောင်း