ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအခြေခံလိုအပ်ချက်များ

ခမ်းလွယ်မော်၊ အောက်တိုဘာ ၁၂ ၊ ၂၀၁၂ ၊ တောင်ကြီးတိုင်းမ်

ယခုတလော လွတ်တော်မှာရော၊ သတင်းမီဒီယာတွေမှာပါ စိုက်ပျိုးရေး၊ လယ်ယာခြံမြေများ သိမ်းဆည်းတဲ့ ကိစ္စတွေကိုပဲ တွေ့မြင်နေရပါတယ်။ နောက်တစ်ခုက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပီအမ်အို)က ဦးဆောင်ပြီး ပအိုဝ်းဒေသဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ တောင်ကြီးမြို့မှာ ဆွေးနွေးပွဲလေးတစ်ခု လုပ်ပေးတယ်ဆိုတဲ့ သတင်းကိုလည်း ဖတ်လိုက်ရတော့ ဒီဆောင်းပါးကိုရေးဖို့ အကြောင်းဖြစ်ပေါ်လာခဲ့တာပါ။

ကျနော်ဟာ ပအိုဝ်းပြည်ကနေ ခွဲခွါခဲ့ရတာ နှစ်ပေါင်း(၁၆)နှစ် ရှိသွားပြီဖြစ်တဲ့အတွက် ကျနော်ရေးသား တင်ပြတဲ့ အချက်အလက်အချို့တွေ ကိုက်ညီမှုမရှိပဲ မှားယွင်းလွဲချော်ခဲ့ပါက စာရေးသူ ကျနော်ရဲ့ တာဝန် သာဖြစ်ပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များ နဲ့ပြုပြင်ပြောင်း လဲရမယ့် အရာတွေကတော့

၁။ မိရိုးဖလာစိုက်ပျိုးရေးကိုအားထားခြင်း
၂။ လယ်မြေသိမ်းဆည်းမှု
၃။ လမ်းပန်းဆက်သွယ်ရေး
၎။ နည်းပညာပံ့ပိုးမှု
၅ ။ ဒေသခံဆိုင်ရာအဖွဲ့အစည်းများမှ ပံ့ပိုးကူညီမှု တို့ဖြစ်ပါတယ်။

၁။ မိရိုးဖလာစိုက်ပျိုးရေးကို အားထားခြင်း
ပအိုဝ်းပြည်သူတွေရဲ့ လူနေမှုဘ၀ကို တိုးတက်စေဖို့အတွက် ဒီစိုက်ပျိုးရေးလုပ်ငန်းကို အရင်ဆုံး လုပ်ဆောင်ရမည့် အချက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပအိုဝ်းလူမျိုးတွေ့ရဲ့ (၉၉)ရာခိုင်နှုန်းခန့်ဟာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကိုပဲ အခြေခံလုပ်ကိုင်ကြလို့ပဲဖြစ်ပါတယ်။ လက်ဖက်လုပ်ငန်း၊ သနပ်ဖက်လုပ်ငန်း၊ ကြက်သွန်ဖြူ၊ ဂျင်၊ အားလူး၊ လိမော်၊ ပြောင်း၊ ဆန်း စတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။

အဲဒီစိုက်ပျိုးရေးလုပ်ငန်းတွေ အားလုံးနီပါးဟာ မိဘဘိုးဘွားများ အစဉ်အဆက်ရဲ့ စိုက်ပျိုးနည်းလမ်းအတိုင်းပဲ လက်ဆင့်ကမ်း လုပ်ကိုင်လာခဲ့ကြတာ မျိုးဆက် ဘယ်နှစ်ဆက် မှန်းတောင်း မသိတော့ပါဘူး။ မြေဆီလွာကို ထိမ်းသိမ်းဖို့အတွက် သီးထပ် သီးညပ်စိုက်တာတို့၊ လယ်ယာမြေကို ပလပ်တာတို့ (၂ နှစ် ၃ နှစ် တစ်ခါမစိုက်ပဲ မြေကိုလပ်ထားခြင်း) ဇီဝမြေသြဇာ အသုံးပြုတာတို့ (နောက်ချီး တမျိုးကလွဲရင်) စတဲ့ အသိပညာတွေ မရှိကြပါဘူး။ ဒေသခံတွေကလဲ လေ့လာရကောင်းမှန်း မသိသလို ဆိုင်ရာအဖွဲ့အစည်းများ အာဏာပိုင်းများကလဲ ပညာပေးဖို့ နည်းပညာသင်တန်းတွေ ပို့ချပေးဖို့ မရှိကြပါဘူး။

ရိုးရာစိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်ပြီးတော့ တင်ပြလိုတာတစ်ခုကတော့ ပအိုဝ်းရိုးရာ တနပ်ဖက်စိုက်ပျိုးရေး လုပ်ငန်းပဲဖြစ်ပါတယ်။ မိရိုးဖလား တနပ်ဖက်စိုက်ပျိုးရေးလုပ်ငန်းဟာ ခေတ်နဲ့ လုံးဝ ကိုက်ညီဆီလျော်မှု မရှိတော့သလို၊ ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင်ကိုလဲ လွန်စွာထိခိုက်စေပါတယ်။

ဘာကြောင့်လဲ့ဆိုတော့ ဆေးလိပ် လိပ်တဲ့ဖက် ရဖို့အတွက် သနပ်ဖက်ရွက် အစိမ်းကို ခူးပြီး ယင်းအရွက်စိမ်းကို ခြောက်အောင် ထင်းမီးနဲ့လှော်ရတာပါ။ အဲဒီသနပ်ဖက်ရွက်ကို လှော်ရင်း ထွက်လာတဲ့ ပိုးသတ်ဆေးအခိုးအငွေ့နဲ့ ထင်းမီးခိုးများကို နှစ်ပေါင်းများစွာ ရှူရှိုက်ရတဲ့အတွက် ကျန်းမာရေးကို လွန်စွာထိခိုက်စေပါတယ်။

ဒါအပြင် သနက်ဖက်ရွက်စိမ်းများကို အခြောက်လှော်ဖို့ ထင်းကိုအလွန်အကျွန် အသုံးပြုရတဲ့အတွက် သစ်တောများပြုန်းတီးခြင်းကို ဖြစ်ပေါ်စေတဲ့အဓိက အကြောင်းတစ်ခုဖြစ်ပါတယ်။ တို့တိုင်းပြည်ဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့အထွက်များတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် ထင်းအစား ရေနံနဲ့ သဘာဝဓာတ်ငွေ့နဲ့ သနပ်ဖက်ကိုလှော်ရင်တော့ တမျိုးပေါ့။ ဒါကြောင့် ဒေသခံပြည်သူတွေကလဲ စိုက်ပျိုးရေးနည်းပညာကို ကိုယ်တိုင်ရှာဖွေလေ့လာဖို့ လိုအပ်သလို ဆိုင်ရာလူထုအခြေပြုအဖွဲ့အစည်းများနှင့်အစိုးရ အဖွဲ့အစည်းများမှ ဘက်ပေါင်းစုံ ကူညီပံ့ပိုးပေးဖို့လဲ လွန်စွာလိုအပ်ပါတယ်။

၂။ လယ်မြေသိမ်းဆည်းမှု
၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ အစိုးရ စစ်တပ်လယ်မြေသိမ်းစည်းမှုဟာ တတိုင်းတပြည်လုံးနီးပါး ဖြစ်ပေါ်လာပါတယ်။ ထိုအတူ ပအိုဝ်းဒေသ နေရာအနှံအပြားမှာလဲ လယ်ယာမြေသိမ်းဆည်းမှုတွေ အတင်းအဓမ္မ ရပ်ရွာပြောင်းရွေ့စေခိုင်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒေသခံရွာသားများရဲ့ မျိုးရိုးစဉ်ဆက်ပိုင်ဆိုင် လုပ်ကိုင်လာတဲ့ စိုက်ပျိုးလယ်ယာမြေတွေ စစ်တပ်အာဏာပိုင်တွေ အဖိုးအခ လျော်ကြေး တစ်ပြားတစ်ချပ် မရပဲ အသိမ်းခံခဲ့ကြရပါတယ်။ အဲဒီအသိမ်းခံရတဲ့ လယ်ယာ ခြံမြေအများစုကတော့ စစ်တပ်တည်ဆောက်ဖို့၊ စစ်တပ်ဧရိယာ ချဲ့ထွင်ဖို့နဲ့ စစ်တပ်သားမယားနှင့် ၄င်းတို့ရဲ့ ဆွေမျိုးများ စိုက်ပျိုးရေး လုပ်ကိုင်ဖို့ပဲဖြစ်ပါတယ်။

လက်လှမ်းမှီသလောက်ဆိုရင် ဆီဆိုင်မြို့နယ် ခမရ ၄၂၃၊ ခမရ ၄၂၄ စစ်တပ် တည်ဆောက်ဖို့အတွက် ဆီဆိုင်မြို့ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများနဲ့ ဒေသခံရွာသားများပိုင်တဲ့ စိုက်ပျိုးရေးလယ်ယာမြေတွေ ဧက ပေါင်း သောင်းချီပြီး အဓမ္မသိမ်းပိုက်ခဲ့ပါတယ်။ ဘန်းယဉ်မှာဆိုရင် ခမရ ၄၂၅၊ ခမရ ၄၂၆ စစ်တပ်တည်ဆောက်ဖို့အတွက် ဘန်းယဉ်တစ်ဝိုက်ရှိ စိုက်ပျိုးလယ်ယာခြံမြေ ဧကပေါင်းများစွာကို သိမ်းဆည်းခဲ့ပါတယ်။ ဟိုပုံးမြို့နယ်မှာဆိုရင်လည်း တိုင်းဗဟို အမှတ်(၃) လေ့ကျင့်ရေး သင်တန်းကျောင်း အေရိယာ တိုးချဲ့ဖို့ ရွာသားပိုင် ဥယျာဉ်ခြံမြေတွေ လျော်ကြေးမပေးပဲ သိမ်းဆည်းခဲ့တယ်။

အဲဒါတွေတင် မကသေးပါဘူး၊ တောင်ကြီးနဲံ (၆)မိုင် ကြားက ဒေသခံရွာသားများရဲ့ စိုက်ပျိုးမြေတွေကို တပ်မတော် ကွန်ပျုတာနှင့် သိပံနည်းပညာတကသိုလ် တည်ဆောက်ဖို့ဆိုပြီးတော့ သိမ်းဆည်းလိုက်ပါတယ်။ အများဆုံးကတော့ ပင်ငို(ပင်းပက်) သံမဏိစက်ရုံအတွက် လယ်မြေသိမ်းဆည်းမှုတွေပဲ ဖြစ်ပါတယ်။ တစ်ခြားဒေသက လက်လှမ်းမမှီတဲ့ မသိရှိရတဲ့ အချက်အလက်တွေကိုတော့ ကျနော်ရဲ့ အားနည်းချက်ဘဲဖြစ်ပါတယ်။

စိုက်ပျိုးရေးမှာ လူဦးရေရဲ့ (၉၉)ရာခိုင်နူန်းခန့်က လုပ်ကိုင်နေတဲ့ လူမျိုတစ်မျိုးက သူတို့ရဲ့ စိုက်ပျိုးလုပ်ကိုင်ဖို့ လယ်ယာခြံမြေတွေကို သိမ်းဆည်းလိုက်တော့ အဲဒီလူမျိုးတွေရဲ့ ဘ၀ရှင်သန့်မှုတွေကို ပျက်ဆီးအောင် လုပ်ဆောင်ပစ်လိုက်တာနဲ့ အတူတူပါပဲ။ ဒီလယ်ယာမြေ သိမ်းဆည်းမှုဟာ ပအိုဝ်းပြည်သူတွေ စားဝတ်နေရေးအဆင်ပြေဖို့၊ စီးပွားရေးတိုးတက်ဖို့၊ ပအိုဝ်းဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် များစွာ အဟန့်အတားဖြစ်စေသည့်မက ပအိုဝ်းပြည်သူတစ်ရပ်လုံး ဆင်းရဲမွဲတေအောင် တွန်းပို့တဲ့ အဓိက အကြောင်းအရာတစ်ခုလည်း ဖြစ်ပါတယ်။

၃။ လမ်းပန်းဆက်သွယ်ရေး
ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက်ဟာ ဒီလမ်းပန်းဆက်သွယ်ရေးဟာ အရေးပါတဲ့အချက်တစ်ချက်ဆိုရမှာလဲ မမှားပါဘူး။ ဘာကြောင်းလဲ့ဆိုတော့ ပအိုဝ်းပြည်သူတွေ စိုက်ပျိုးထုတ်လုပ်တဲ့ ခြံထွက်သီးနှံတွေ ကုန်စိမ်းတွေကို နိုင်ငံတစ်ဝန်းလုံးရှိ ဈေးကွက်အတွင်းနဲ့ စားသုံးသူတို့ထံ ဆေးသက်သာတဲ့ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ လွယ်ကူချောမွေ့စွာ မြန်မြန်ဆန်ဆန် အရောက်ပို့ဆောင်နိုင်ဖို့အတွက် အထူးပဲ လိုအပ်လှပါတယ်။

(ဥပမာ)အားဖြင့် တင်ပြရမယ်ဆိုရင် အောင်ပန်းကနေ ဂေါ်ဖီထုပ်ကို ဆယ်ဘီးကားနဲ့ အပြည့်တင်ပြီး ရန်ကုန်တို့ မနလေးတို့၊ ရခိုင်ပြည် မွန်ပြည်တို့ တင်ပို့မယ်ဆိုပါဆို့။ တစ်ရက်ခွဲ နှစ်ရက် သုံး လေးရက် လောက်မှ ရောက်တယ်။ ကုန်ပစည်းက ဒီအချိန် အတိုင်းအတာလောက် ခရီးမှာကြာတော့ ကုန်ပစည်းရဲ အရည်အသွေး ကျဆင်းသွားပါပြီ။ ပုပ်သိုးရင်လဲ ပုပ်သိုးသွားမယ်။ အသီး အရွက် အပင်တွေ့ မလတ်တော့ဘူးဆိုရင် ဈေးကွက်မှာ ရောင်းပန်းမလှတော့ပါဘူး။ ရောင်းပန်းမလှတော့ ရောင်းအားလဲ မကောင်းတော့ဘူး။ ကုန်ရောင်းသူလဲ ညီးမယ်။ ပြီးရင် ကုန်ထုတ်သူ စိုက်ပျိုးရေးလုပ်ကိုင်သူများလည်း ခြံထွက်ပစည်း ဈေးနှိမ်ခံရမယ်။

ဒါအပြင် နေရာအနှံမှာ တိုက်ရိုက် လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းမရှိတော့ ကုန်စည်တွေ သီးနှံတွေ မတင်ပို့နိုင်ဘူး။ မတင်ပို့နိုင်တော့ ရောင်းဖို့ဈေးကွက်နည်းလာတယ်။ ဒါတွေဟာ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်တဲ့ ချို့တဲ့ ဆိုးကျိုး တချို့လေးပဲဖြစ်ပါတယ်။

ပွန်ချောင်း အရှေ့ဘက်က နေထိုင်တဲ့ ကျေးရွာတွေမှာ ကားတွေ ရထားတွေ မပြောနဲ့တော့၊ နွားလှည်းတောင် မပေါက်ရောက်တဲ့ ကျေးရွာတွေ တစ်ပုံတပန်းကြီးပါ။ အဲဒီဒေသက ထွက်လာတဲ့ စိုက်ပျိုးရေး ကုန်စည်တွေဆိုရင် မြို့ပြကို ရောက်ဖို့အတွက် မြင်း၊ လား၊ နွား စသဖြင့် အားကိုးရတယ်ဆိုတော့ သယ်ယူစရိတ်ကြီးသည်က ထားလိုက်ပါဦး။ သီးနှံထွက်ကုန်စည်တွေ များများမသယ်နိုင်သည့်အပြင်၊ လျင်မြန်လွယ်ကူစွာ သယ်ယူပို့ဆောင်မှု မပြုနိုင်တဲ့အတွက် ကုန်ပစည်းတွေ ဈေးကွက်ကြီးထဲ မပို့နိုင်ဘူးဖြစ်နေပါတယ်။

လမ်းပန်းဆက်သွယ်ရေးကို ဒေသခံပြည်သူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းလို့ မရပါဘူး။ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်း၊ နိုင်ငံတော်အစိုးရနဲ့ ဒေသတွင်းအုပ်ချုပ်သူ အစိုးရလက်အောက်ခံ အာဏာပိုင်အဖွဲ့အစည်းတို့က တာဝန်ယူဆောက်လုပ်ပေးမှ ရမှာပါ။ တင်ပြစရာ အခြားကိစတွေလဲ အများကြီးပါပဲ။ ဒါကြောင့်မို့လို့ ပအိုဝ်းဒေသဖွံဖြိုးတိုးတက်ဖို့အတွက်ဆိုရင် လမ်းပန်းဆက်သွယ်ရေးကို အဓိကလုပ်ငန်းစီမံကိန်းတစ်ခုအဖြစ် ဦးစားပေး ဖြေရှင်းဆောင်ရွက်ဖို့ အထူးတိုက်တွန်းလိုပါတယ်။

၎။ နည်းပညာပံ့ပိုးမှု
ဒီတစ်ချက်ကလဲ ပအိုဝ်းဒေသဖွံဖြိုးလာစေဖို့အတွက် လွန်စွာမှ အရေးပါတယ်လို့ ထင်မြင်ယူဆပါတယ်။ ကျနော်ရဲ့ အသုံးအနူန်းက ယေဘူယျဆန်ချင် ဆန်နေပေမယ့် ဆိုလိုရင်းကတော့ ကျနော်တို့ ပအိုဝ်းပြည်သူရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ စိုက်ပျိုးရေးပဲဖြစ်ပါတယ်။

စနစ်ကျတဲ့ အဆင့်မြင့်စိုက်ပျိုးရေးနည်းပညာ ပိုးသတ်ဆေးသုံးစွဲမှု၊ ဓာတ်မြေသြဇာသုံးစွဲမှု စတဲ့နည်းပညာတွေကို မိရိုးဖလားအတိုင်းလုပ်ကိုင်တဲ့ တောင်သူလယ်သမားများတွေ အများစု သိပ်မသိကြပါဘူး။ ပိုဆိုးတာက အဲဒါကို သက်ဆိုင်တဲ့ ဘယ်အဖွဲ့အစည်းမှ (သို့မဟုတ်) ဘယ်ကအာဏာပိုင်ကမှ ပညာပေးလုပ်ငန်းများ နည်းပညာသင်တန်းများ ပို့ချပေးတာတို့၊ သင်ကြားပေးတာတို့ မရှိခဲ့ပါဘူး။ နည်းပညာပိုင်း ပံ့ပိုးမှုမရှိလို့ တောင်သူလယ်သမားတွေ ခံစားရတာကို ကျနော် မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။

၁၉၉၅ ခုနှစ် အချိန်တုန်းက မှတ်မိသေးတယ်။ ထိုင်းနိုင်ငံကနေ တင်သွင်းလာတဲ့ မြက်သတ်ဆေး (ပေါင်းသတ်ဆေး) တစ်မျိုးဝင်လာတယ်။ ရောင်းတဲ့ဆိုင်က ရောင်းတယ်။ ၀ယ်သုံးတဲ့ ခြံသမား လယ်သမားတွေကလဲ ၀ယ်သုံးတယ်။ အဲဒီမှာ အားနည်းချက်က ဘာလဲဆိုတော့ မြက်သတ်ဆေး ပုလင်းပေါ်မှာ ရေးထားတဲ့ အညွန့်ကတော့ ထိုင်းစာနဲ့ အင်္ဂလိပ်စာ ဖြစ်ပါတယ်။ ရောင်းတဲ့သူကလဲ အသုံးပြုနည်းကို မရှင်းပြဘူး။ ရောင်းလိုက်တယ်၊ ခြံသမား လယ်သမားကလဲ ၀ယ်ပြီးသုံးလိုက်တယ်။ ဆေးက (၅-စီစီ) မှာ ရေဘယ်နှစ်လီတာ ရောရသလဲ၊ ဆေးက (၁၀-စီစီ) ရေဘယ်လောက်ရောရသလဲ စသဖြင့် ဒေသခံပြည်သူတွေ နာမလည်ဘူး။ ယမ်းပြီးတော့ ရောသုံးလိုက်တယ်။ အကျိုးဆက်ကတော့ မြက်ပင်မကဘူး သီးနှံပင်တွေပါ သေကုန်တဲ့ အခြေအနေထိ ကြုံရပါတယ်။

ကျနော်တို့ ရွာက နာနတ်သီးကို အဓိကထားပြီးတော့ စိုက်ပျိုးတဲ့ ရွာပါ။ အများဆုံးစိုက်ပျိုးတဲ့သူက ပင်ရေ (၄၀၀၀၀)ကနေပြီးတော့ ပင်ရေ (၅၀၀၀၀) အထိ စိုက်ပျိုကြပါတယ်။ နာနတ်သီးမှည့်ချိန်ဆိုရင် တောင်ကြီးမြို့ပေါ်မှာ တောင်လိုပုံနေရော။ ၀ယ်မယ်ကုန်သည်လဲ မရှိသလို အောက်ပြည်ကို သယ်ပို့ဖို့လဲ့ အဆင်မပြေတာကြောင့် ရောင်းလို့မကုန်တဲ့ဟာတွေက ပုပ်ကုန်ရော။ အဲဒီလို အလေအလွင့်တွေများလေ စိုက်ပျိုးတဲ့သူတွေအတွက် ပိုထိနာလေပါပဲ။ ဖျော်ရည်စက်ရုံတည်ဆောက်ဖို့ နည်းပညာမရှိတော့ မတည်ဆောက်နိုင်ဘူး။ အရင်းအနှီးရှိတဲ့သူကလဲ အဲဒီလိုမျိုး ဒေသခံတွေရဲ့ လိုအပ်ချက်ကို မကြည့်ပဲ သူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပြီးတော့ ပအိုဝ်းဒေသမှာ တစ်ခါမှ မကြားဖူး မမြင်ဖူးတဲ့ စပျစ်ခြံကို စိုက်ပြီး စပျစ်ဝိုင်ကို တည်ဆောက်ပါသတဲ့။ မရောင်ရာ ဆီလူးဖြစ်မနေဘူးလားဗျာ။

နောက်တစ်မျိုးက ပအိုဝ်းဒေသမှာ အလေ့ကျတောင်ပေါက်တဲ့ ထော့ပတ်ပင်နဲ့ ထော့ပတ်သီးပဲဖြစ်ပါတယ်။ ဘယ်လောက်ထိအောင် ပေါသလဲဆိုရင် ကလေးတောင် မစားဘူး။ ဒါပေ့မယ့် ရန်ကုန် မနလေးလို့ မြိုံကြီးတွေမှာတော့ ဈေးကြီးပေးပြီးမှ ပဲ စားရတယ်။ အဲဒီအထိရောက်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးက ခက်ခဲပြန်ရော။ ထောပတ်သီးကနေ ခေါင်းလိမ်းဆီတို့။ အသားလှဆီတို့ စတဲ့ အလှကုန်ပစည်းထုတ်လို့ရတာကို သိပေမယ့် နည်းပညာကို မသိတဲ့အခါကျတော့ ကုန်ချောဖြစ်မလာဘူး။

ပအိုဝ်းဒေသက ထွက်ရှိတဲ့ စိုက်ပျိုးရေး ထွက်ကုန်သီးနှံတွေကို အလေအလွင့်နဲ့ နိုင်သမျှနည်းအောင် ဆိုရင် ကျနော်တို့ဒေသမှာလဲ ကုန်ချောထုတ်တဲ့ စက်ရုံအသေးစားလေးတွေကို ဆိုင်ရာအဖွဲ့အစည်း၊ အာဏာပိုင်များက နည်းပညာအရရော အရင်းအနှီးတွေပါ ပံ့ပိုးကူညီမှာ အရမ်းကို လိုအပ်လွန်းနေပါတယ်။

၅။ ဒေသခံဆိုင်ရာအဖွဲ့အစည်းများမှ ပံ့ပိုးကူညီမှု
ဒေသခံဆိုင်ရာအဖွဲ့အစည်းများမှ ပံ့ပိုးကူညီမှု ဆိုတဲ့အချက်မှ ဒေသခံ အဖွဲ့အစည်း ဆိုသည်မှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပီအမ်အို) ပါတီိကို ဆိုလိုချင်တာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းကနေ ကျနော်တို့ဒေသ ဖွံဖြိုးတိုးတက်စေချင်တဲ့ စေတနာမှန် စိတ်ဆနရှိတယ်ဆိုရင် အမျိုးသားရေးအတွက် အမြင်ကျယ်ပြီး အထက်အချက် (၁)ကနေ အချက် (၄) အထိကို ဦးစီးဦးဆောင် လုပ်ကိုင်ဖြေရှင်းပေးမှသာလျှင် ကျနော်တို့ ပအိုဝ်းဒေသရှိ ပြည်သူလူထုတစ်ရပ်လုံး မဝေးတဲ့အချိန်ကာလတစ်ခုမှာ မိမိတို့မြင့်တွေ့လိုတဲ့ ရရှိပိုင်ဆိုင် ခံစားလိုတဲ့ ဖွံဖြိုးတိုးတက်ရေး အသီးအပွင့် ဧကန်မလွဲ မြင့်တွေ ရရှိခံစားရမှာ ဖြစ်ကြောင်း။

ခမ်းလွယ်မော်
khamloimow@gmail.com
အောက်တိုဘာ ၂၀၁၂ ခုနှစ်။

2 comments:

May Hnin Lae Mon said...

ပအိုဝ်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပါက အသေးစားစက်ရုံများ တည်ခွင့်ရရန် ဥပဒေရှိပြီးဖြစ်ပါလျှင် သက်ဆိုင်ရာ အာဏာပိုင်ဌာနများက သစ်သီးရည်၊ သစ်သီးအဆီအနှစ်ထုတ် စက်ရုံစသည်တို့ကို တည်ခွင့် ပေးလိုက်ရန်သာ ရှိပါသည်။ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ ပိုင်ဆိုင်ခွင့်ဆိုင်ရာဥပဒေ၊ စီးပွးရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေ၊ အခွန်ဥပဒေ၊ ဘဏ်ဥပဒေ၊ အာမခံဥပဒေ၊ အလုပ်သမားဥပဒေ၊ ကျန်းမာရေး ပင်စင် ခံစားခွင့်ဥပဒေ၊ အဆောက်အအုံဆောက်လုပ်ခြင်း၊ စွမ်းအင်သုံးစွဲခြင်း၊ အမှိုက်စွန့်ပစ်ခြင်း စသည်တို့ ဆိုင်ရာဥပဒေများ ရှိမှသာ ရင်းနှီးမြှုပ်နှံသူရော ပအိုဝ်းဒေသပြည်သူများပါ အကျိုးရှိပါမည်။ ဤဥပဒေများကို အများပြည်သူသိအောင် ပြဌာန်းထားပါက လုပ်ရကိုင်ရသည်မှာ လွယ်ကူမြန်ဆန်နိုင်ပါသည်။ ဂုဏ်သိက္ခာရှိသော ကော်ပိုရေးရှင်းများသည် လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင် အပေါ် နိုင်ငံတကာကချမှတ်ထားသော စံနှူံးများကို လိုက်နာကြပါသည်။

May Hnin Lae Mon said...

ပအိုဝ်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပါက အသေးစားစက်ရုံများ တည်ခွင့်ရရန် ဥပဒေရှိပြီးဖြစ်ပါလျှင် သက်ဆိုင်ရာ အာဏာပိုင်ဌာနများက သစ်သီးရည်၊ သစ်သီးအဆီအနှစ်ထုတ် စက်ရုံစသည်တို့ကို တည်ခွင့် ပေးလိုက်ရန်သာ ရှိပါသည်။ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ ပိုင်ဆိုင်ခွင့်ဆိုင်ရာဥပဒေ၊ စီးပွးရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေ၊ အခွန်ဥပဒေ၊ ဘဏ်ဥပဒေ၊ အာမခံဥပဒေ၊ အလုပ်သမားဥပဒေ၊ ကျန်းမာရေး ပင်စင် ခံစားခွင့်ဥပဒေ၊ အဆောက်အအုံဆောက်လုပ်ခြင်း၊ စွမ်းအင်သုံးစွဲခြင်း၊ အမှိုက်စွန့်ပစ်ခြင်း စသည်တို့ ဆိုင်ရာဥပဒေများ ရှိမှသာ ရင်းနှီးမြှုပ်နှံသူရော ပအိုဝ်းဒေသပြည်သူများပါ အကျိုးရှိပါမည်။ ဤဥပဒေများကို အများပြည်သူသိအောင် ပြဌာန်းထားပါက လုပ်ရကိုင်ရသည်မှာ လွယ်ကူမြန်ဆန်နိုင်ပါသည်။ ဂုဏ်သိက္ခာရှိသော ကော်ပိုရေးရှင်းများသည် လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင် အပေါ် နိုင်ငံတကာကချမှတ်ထားသော စံနှူံးများကို လိုက်နာကြပါသည်။