Pa-Oh National Day Malaysia


ပအိုဝ်းလူမျိုးများ မိမိတို့၏ယဉ်းကျေးမှုကိုထိန်းသိမ်းရေး၊စာပေနှင့် စကားမပ ပျောက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ထက်မြက်ရှင်သန်ရေး ၊ ဤအရေးသုံးပါးကို အလေးထား၍ ၁၃၇၁ ခု တပေါင်းလပြည့်နေ့ ခရစ်သက္ကရာဇ် ၂၀၁၀ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကျရောက်သော ပအိုဝ်းအမျိုးသားနေ့ကို မလေးရှားနိုင်ငံရောက် ပအိုဝ်းလူမျိုးများကလည်း (၂၈.၂.၂၀၁၀) နေ့ တပေါင်းလပြည့်ကျော်တစ်ရက်နေ့တွင် ကျင်းပပြုလုပ်ကြပါသည်။

ပအိုဝ်းလူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သောကြောင့် (၂၈.၂.၂၀၁၀) နေ့ နံနက် ၁၁ နာရီတွင် ရဟန်း၊ သံဃာတော်များအား ဆွမ်းကျွေး တရားနာကြပါသည်။ ၄င်းနောက် ၁၂ နာရီတွင် အခမ်းအနားကို စတင်ကြပါသည်။

မလေးရှားနိုင်ငံ ပအိုဝ်းအမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ခွန်ထွန်းတီးမှ အခမ်းအနားမှူးအဖြစ် အစီအစဉ် ဆောင်ရွက်ပေးပြီး ပအိုဝ်းအမျိုးသား အလံကို အလေးပြုကြပါသည်။

၎င်းနောက် ဥက္ကဌ ခွန်အောင်သိန်းမှ မိန့်ခွန်းပြောကြားပါသည်။ ဆက်လက်၍ ဂျေခွန်ကေမှလည်း မလေးရှားရောက် ပအိုဝ်းလူမျိုးများ အမျိုးသားရေး၊ သာရေး နာရေး ကိစ္စများနှင့် အခက်အခဲ တွေ့ကြုံသူအချင်းချင်း ကူညီမစကြရန် (Pa-Oh Refugee Organization) အဖွဲ့ကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းနှင့် အသင်းဝင်ကြရန် တိုက်တွန်းမှာကြားထားပါသည်။ တွဲဖက်အတွင်းရေးမှူး ခွန်လှခမ်းမှလည်း ကြိုဆိုနှုတ်ခွန်ဆက်စကား ထပ်မံပြောကြားပြီး (ပအိုဝ်းသွီး)သီချင်းဖြင့် ကြွေးကြော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းပြီးနောက်၊ နေ့လည်စာ ထမင်းဖြင့်ကျွေးမွေးဧည့်ခံပြီး၊ ပအိုဝ်း ယဉ်းကျေးမှု အဆို အက များဖြင့် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပ ခဲ့ကြပါသည်။

ဤပအိုဝ်းအမျိုးသားနေ့ပွဲတော်အခန်းအနားသို့ တက်ရောက်သူ တောင်ပေါ် မြေပြန့် ပအိုဝ်းတိုင်းရင်းသူ/သားစုစုပေါင်း ၃၀၀ ကျော်ခန့် အခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။

by ဂျေခွန်ကေ

No comments: