အလုပ်သမား ၅ သိန်းကျော်ကို ဖမ်းဆီး ပြန်ပို့တော့မည်

ယနေ့မှ စတင်၍ ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ရန် အမည်စာရင်း တင်သွင်းခြင်း မရှိသူ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမား ၅ သိန်း ကျော်ကို ဖမ်းဆီးပြီး နေရင်းနိုင်ငံသို့ ပြန်ပို့တော့မည် ဖြစ်ကြောင်း ထိုင်းအစိုးရ အလုပ်ခန့်ထားရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Supat Gukhun က ပြောသည်။

“ကျနော်တိုရဲ့ စိတ်ရှည် သည်းခံမှုက ကုန်ဆုံးသွားခဲ့ပြီ။ ယာယီနိုင်ငံကူး လက်မှတ်လုပ်ဖို့ လျှောက်လွှာ မတင်တဲ့သူတွေ၊ အလုပ်သမား လက်မှတ် သက်တမ်း မတိုးသူတွေ အားလုံးကို ဖမ်းပြီးပြန်ပို့မှာပါ” ဟု သူက ပြောကြားကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ယနေ့ထုတ် The Nation သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းအစိုးရသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ယာယီနိုင်ငံကူး လက်မှတ် လျှောက်ရန် ကြေညာထား ခဲ့သော်လည်း မတ်လ ၂ ရက်နေ့အထိ ၂ ရက် နောက်ဆုတ် ပေးခဲ့သည်။

ထိုင်းအစိုးရ နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေးဌာန၏ ထုတ်ပြန်ချက်အရ ရွှေ့ပြောင်း အလုပ်သမား ၁၆၈၆၈၈ ဦးမှာ ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ပြီးကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာအရ အလုပ်သမား မှတ်ပုံတင်ထားသော ရွှေ့ပြောင်း အလုပ်သမား ၁၃ သိန်းကျော် အနက် ၇ သိန်းကျော် လျှောက်လွှာတင်သွင်းပြီး ဖြစ်သည်။

ထိုင်းအာဏာပိုင်များက ကျန်ရှိသည့် အလုပ်သမား ၅ သိန်းကျော်ကို ယာယီနိုင်ငံကူးလက်မှတ် လုပ်ငန်းစဉ် သို့ ၀င်ရောက်လာတော့မည် မဟုတ်ဟု အခိုင်အမာ ယူဆနေကြပြီး ယနေ့မှ စတင်ကာ အဖမ်းအဆီး လုပ်ငန်းများ ပြုလုပ်တော့မည်ဟု ကြေညာလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့မှ ရွှေ့ ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က “ပွင့်လင်းမြင်သာမှုရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေသာ လုပ်ခဲ့ရင် အခုလို စိတ်မချမ်းမြေ့ စရာတွေ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ အလုပ်သမားရေးလုပ်နေတဲ့ အဖွဲ့တွေကို အစကတည်းက ကျနော်တို့ ပြောခဲ့ပါတယ်။ အခုတော့ မမျှော်လင့်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြင်ရတော့မယ်” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက ယခုကဲ့သို့ အတင်းအကျပ် ပြန်ပို့မည် ဆိုသည့်ကိစ္စမှာ အလွယ်တကူနှင့် မဖြစ်နိုင် သေးကြောင်း၊ ဖမ်းဆီး ပြန်ပို့မည်ဆိုလျှင် စည်းစနစ်ကျနမှု ရှိရမည်ဖြစ်ကြောင်းနှင့် အချိန်လည်း ယူရမည် ဖြစ်ကြောင်းပြောသည်။

“ဒီ ရွှေ့ပြောင်း အလုပ်သမားတွေက နှစ်ပေါင်းများစွာ ၂ နိုင်ငံအကျိုးစီးပွားအတွက် အပင်ပန်း အဆင်းရဲ ခံခဲ့ရတာ။ ကြက်ကလေး၊ ငှက်ကလေးတွေ ဖမ်းသလို အလွယ်တကူလုပ်ဖို့ မဖြစ်နိုင်ပါဘူး” ဟု ကိုသက်ခိုင်က ပြောသည်။

ရွှေ့ပြောင်း အလုပ်သမားများကို ယခုကဲ့သို့ အတင်းအကျပ် ဖမ်းဆီးကာ ပြန်ပို့မည် ဆိုပါက ထိုင်းနိုင်ငံတွင်း လူမှောင်ခိုကူးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုများပြားလာနိုင်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသည့် MAP ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ကိုနစ်ကပြောသည်။

“ထိုင်းက ဘယ်လောက်ပဲ ဖမ်းပို့ ဖမ်းပို့ မြန်မာတွေကတော့ ထိုင်းကိုခိုးဝင်လာကြ မှာပဲ။ ဒီတော့ ပွဲစားကို အားကိုးကြရမှာပဲ။ ဟိုတလောကတောင် လူပွဲစား ကားတစီးကို ထိုင်းရဲက ပစ်ခတ်လို့် မြန်မာ ၃ ယောက် သေသွားတဲ့ ဖြစ်ရပ်မျိုးတွေ ရှိတယ်။ ဒါမျိုးတွေအတွက် ကျနော်တို့ အထူးစိုးရိမ်မကင်း ဖြစ်မိပါတယ်” ဟု ၎င်းက ဆိုသည်။

ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ တာဝန်ခံ ကိုအောင်မြင့်သိန်းကလည်း “အခု အချိန် ထိတော့ ဖမ်းတာ ဆီးတာ မကြားမိသေးပါဘူး။ ဒါပေမယ့် နောက်ရက်တွေမှာ ဘာဖြစ်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမယ်” ဟုဆိုသည်။

ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့တွင် ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၇ ရက် နေ့များက ရပ်ကွက်များထဲအထိ ဝင်ရောက် ဖမ်းဆီးမှုများရှိခဲ့သော်လည်း ယနေ့တွင်မူ လမ်းပေါ်ထွက်လာသူများအား စစ်ဆေးမှုများသာ ရှိသေးသည်ဟု သိရသည်။

ထိုင်းနိုင်ငံအနှံ့အပြားတွင် အလုပ်လုပ်နေကြသော ရွှေ့ပြောင်း အလုပ်သမားများအနေနှင့် ငွေကြေး အခက် အခဲကြောင့် ယာယီနိုင်ငံကူး လက်မှတ် မလုပ်နိုင်သူများရှိသကဲ့သို့ တချို့မှာမူ နိုင်ငံရေးအရ ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များကို မြန်မာ စစ်အစိုးရအား မပေးလိုသူများလည်း ရှိသည်။

ထို့ပြင် နယ်စပ်ဒေသမှ တိုင်းရင်းသားအများစုတွင် မှတ်ပုံတင်၊ သန်းခေါင်စာရင်း မရှိကြ သကဲ့သို့ တချို့မှာ စစ်ဘေး စစ်ဒဏ်ကြောင့် ပြေးလွှားရင်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြသူများလည်း ပါဝင်သည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမား ၂ သန်းမှ ၄ သန်းခန့် ရှိသည်ဟု ခန့်မှန်းကြရာ ၈၀ ရာခိုင်နှုန်းမှာ မြန်မာများ ဖြစ်ကြောင်း သိရသည်။

လာမည့် ရက်များအတွင်း အလုပ်သမားလက်မှတ် မရှိသူ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက ဖမ်းဆီး ပြန်ပို့မည့်အရေးသည် များစွာ စိုးရိမ်စရာကောင်းသော အနေအထားဖြစ်သည်ဟု လေ့လာသူ တို့က သုံးသပ်ကြသည်။

http://www.irrawaddy.org/bur/index.php/news/1-news/2705-2010-03-03-10-51-28

No comments: