နယ်ခြားစောင့်တပ် လက်မခံကြောင်း မွန်ပြည်သစ် ထပ်မံဆုံးဖြတ်


ဝီရ/ ၂၆ မတ် ၂ဝ၁ဝ

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မြန်မာစစ်အစိုးရက တောင်းဆိုထားသည့်ကိစ္စကို မွန်ပြည်သစ်ပါတီက ယခင်ဆုံးဖြတ်ချက် အတိုင်း လက်မခံဘဲ ပယ်ချရန် ထပ်မံဆုံးဖြတ်လိုက်ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်ခြေးမွန်က “Border Guard ပြောင်းဖို့ကိစ္စကို လက်မခံဘူးလို့ အခု ကျင်းပနေတဲ့ အစည်းအဝေးမှာ တညီတညွတ်တည်း ထပ်ပြီး အတည်ပြု ဆုံးဖြတ်တာဖြစ်တယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်က ဘာမှ မပြောင်းပါဘူး။ အခု စုံညီအစည်းအဝေးမှာ အရင်ကအတိုင်းပဲ ထပ်ဆုံးဖြတ်ခဲ့ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ပါတီရှေ့လုပ်ငန်းစဉ်များအတွက် ရေးချောင်းဖျားရှိ ၎င်းတို့၏ဗဟိုဌာနချုပ်၌ ပြီးခဲ့သည့် မတ်လ (၁၈) ရက်မှစ၍ ယနေ့အထိ ဗဟိုကော်မတီအစည်းအဝေး ကျင်းပနေဆဲဖြစ်ပြီး ယင်းအစည်းအဝေး ပြီးဆုံးပါက သက်ဆိုင်ရာ စစ်အစိုးရအရာရှိထံ အကြောင်းကြားသွားမည်ဟု နိုင်ခြေးမွန်က ပြောသည်။

စစ်အစိုးရအနေဖြင့် နယ်ခြားစောင့်တပ် အစီအစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော်ပါက ရရှိထားသော ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေသည် စိုးရိမ်စရာအနေအထားသို့ ရောက်သွားနိုင်သည်ဟု မွန်ပြည်သစ်က ကြေညာထားသည်။

မွန်ပြည်သစ် ဗဟိုအလုပ်အမှုဆောင်တဦးက “ပြီးခဲ့တဲ့ မတ် (၁၆) ရက်က ကျနော်တို့ ဒု-ဥက္ကဋ္ဌနဲ့ ရတခ (အရှေ့တောင်တိုင်း စစ်ဌာနချုပ်) တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းတို့ တွေ့တုန်းက နယ်ခြားစောင့်တပ်ကိစ္စကို လက်မခံရင် ပါတီရဲ့ တပ်ဖွဲ့ကို ခင်ဗျားတို့စိတ်ကြိုက် ဘယ်လိုပြောင်းချင်သလဲဆိုတာ တင်ပြပါ။ ဘာလို့လဲဆိုတော့ ဒီဗမာပြည်တောင်ဘက်ပိုင်းမှာ မွန်ပြည်သစ် တဖွဲ့တည်း ရှိတာတဲ့။ ဒါကြောင့် နယ်ခြားစောင့်တပ်ကိစ္စဟာ ခင်ဗျားလက်ထဲမှာပဲ ရှိပါတယ်ဆိုပြီး ပါတီရဲ့တပ်ဖွဲ့ကို အသွင်ပြောင်းဖို့ တိုင်းမှူးပြောတာကိုလည်း ကျနော်တို့ လက်မခံနိုင်ဘူးလို့ ပြောခဲ့ပြီးသားပါ။ ပါတီအနေနဲ့က ကြုံတွေ့လာမယ့် အတားအဆီးအားလုံးကို ဒီရပ်တည်ချက်နဲ့ပဲ ရင်ဆိုင်သွားမှာပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် မွန်အမျိုးသားများအတွက် ဘဝအာမခံချက်မရှိဘဲ ပါတီနှင့် ၎င်း၏တပ်ဖွဲ့ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်အား တပ်ခွဲထားခြင်း၊ ဖျက်သိမ်းခြင်းကို လက်ခံလိမ့်မည်မဟုတ်ကြောင်း၊ တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရ၊ အနာဂတ်အစိုးရသစ်တို့အား ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ နောက်ဆုံးကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန်၊ နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာသွားရန် မွန်ပြည်သစ်က မြန်မာစစ်အစိုးရအား တောင်းဆိုထားသည်။

စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ခြေးမွန်က “အခု အစည်းအဝေးမှာ အသေးစိတ် မသိရသေးပါဘူး။ အရင်က ဆုံးဖြတ်ချက်အတိုင်းပဲ ပါတီက ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး အစည်းအဝေးမှာ ထူးထူးခြားခြား ဆုံးဖြတ်တာမျိုး မရှိပါဘူး။ အရင်ကအတိုင်းပါပဲ” ဟု ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်က စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

စစ်အစိုးရက ဖျက်သိမ်းထားသော ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ပြီးခဲ့သည့် မတ်လ (၂၄) ရက်နေ့က ထပ်မံအတည်ပြု ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

http://www.khitpyaing.org/news/March%202010/26310c.php

No comments: