စုံစမ်းစစ်ဆေးရေးအဖွဲ့ အမြန်ဖွဲ့သင့်ကြောင်း လူ့အခွင့်အရေးအဖွဲ့ အကြံပေး

Agency news / ၁၇ မတ် ၂ဝ၁ဝ

မြန်မာနိုင်ငံတွင် လူသားများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုနှင့် စစ်ရာဇ၀တ်မှု မြောက်နိုင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ဆေးနိုင်ရန် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အချိန်မဆွဲဘဲ ဖွဲ့စည်းသွားသင့်ကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ယမန်နေ့က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက မြန်မာနိုင်ငံနှင့်ပတ်သက်သည့် လူ့အခွင့်အရေးအစီရင်ခံစာကို မတ်လ (၁၅) ရက်တွင် ဂျနီဗာရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်သွင်းရာတွင် တင်ပြထားသည့် အကြံပြုတောင်းဆိုချက်ကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ထောက်ခံလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ မတရားပြုကျင့်ခံရသူများအတွက် တရားဥပဒေစိုးမိုးမှုရှိစေရန် ကုလသမဂ္ဂအနေဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို အချိန်ဆွဲမနေဘဲ ပထမအဆင့်အနေဖြင့် အရေးတကြီး ဖွဲ့စည်းသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Kenneth Roth က ပြောကြားလိုက်သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းမှ ရာဇ၀တ်မှုမြောက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးသွားနိုင်ရန် ကုလသမဂ္ဂအနေဖြင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် ဖွဲ့စည်းရေးကို သဘောတူထောက်ခံကြောင်း သြစတြေးလျအစိုးရက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ကြားနာပွဲတွင် ပြောကြားလိုက်သည်။

မြန်မာပြည်တွင်း နှစ်ရှည်လများ ဆက်လက်ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် မြန်မာစစ်အစိုးရက စနစ်တကျကျူးလွန်သည့်အသွင်ဖြစ်နေပြီး လူသားများအပေါ် ကျူးလွန်သည့် လူသားမဆန်သည့် ရာဇ၀တ်မှုများအဖြစ် အကျုံးဝင်နိုင်သည်ဟု မစ္စတာ ကင်တားနားက အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ကျနော်ရဲ့ လေ့လာသုံးချက်အရ တချို့လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လူသားမဆန်တဲ့ ရာဇ၀တ်မှုတွေအဖြစ် အကျုံးဝင်နိုင်ပါတယ်” ဟု ဂျနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများကို အစီရင်ခံစာတင်သွင်းအပြီးတွင် မစ္စတာကင်တားနားက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဖြစ်နိုင်ခြေရှိသည့် လူသားများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို မြန်မာစစ်အစိုးရအနေဖြင့် အရေးယူစုံစမ်းရန် အချိန်တန်နေပြီဖြစ်ကြောင်း၊ သို့မဟုတ်ပါက အလွန်နောက်ကျသွားလိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲဥပဒေသစ်နှင့်ပတ်သက်၍မူ ထုတ်ပြန်လိုက်သည့် သတ်မှတ်ချက် အခြေအနေများကြောင့် မြန်မာနိုင်ငံ၌ပြုလုပ်မည့် ရွေးကောက်ပွဲသည် အများက ယုံကြည့်လက်ခံနိုင်သည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

မြန်မာစစ်အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်က မစ္စတာကင်တားနား တင်သွင်းသည့် အစီရင်ခံစာသည် စွပ်စွဲပြောဆိုချက်များသာ ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။

No comments: