သတင်း စီးဆင်းမှု ထိန်းချုပ်ရေး ကက-ကွန် ပြင်ဆင်နေ

နရီလင်းလက် Wednesday, March 31, 2010 
 
ပြည်တွင်း သတင်း အချက် အလက်များ ပြည်ပ မီဒီယာများသို့ စီးဆင်းမှုအား အဆင့်မြင့် နည်းပညာသုံး၍ ပိုမိုထိန်းချုပ်နိုင်ရန်  တပ်မတော် ကွန်ပျူတာ ကွန်ရက်များ ညွန်ကြားရေးမှူးရုံး (ကက-ကွန်) က တိုးမြှင့် စီစဉ်နေကြောင်း နီးစပ်သူများထံမှ သိရ သည်။

ရန်ကုန်မြို့ရှိ အင်တာနက် ကဖီးဆိုင်တဆိုင်တွင် အင်တာနက် အသုံးပြုနေသူများကို တွေ့ရစဉ်
သတင်း အချက် အလက်များ ခြေရာခံသည့် နည်းပညာများ သင်ယူရန် နိုင်ငံခြားသို့ သင်တန်း သားများ စေလွှတ်ခြင်း၊ ခေတ်မီ ဆက်သွယ်ရေး ကိရိယာများ ၀ယ်ယူရန်စီစဉ် နေခြင်းများကို ပြုလုပ်လျက် ရှိသည်ဟု ကက-ကွန် မှ အရာရှိ တဦးက ပြောဆို သည်။

“အဓိကက ပြည်ပ သတင်း မီဒီယာ တွေဆီ သတင်းတွေ ပေါက်ကြား တာကို လုံးဝ မလိုချင်တာလေ၊ ဒါကြောင့်လည်း ဆိုက်ဘာ စီးတီးကနေ ကွန်နက်ရှင်ကို နှေးအောင် လုပ်လိုက်၊ လိုင်းတွေ ဖြတ်လိုက် လုပ်နေတာ၊ အခုကတော့ ပိုအဆင့်မြင့်တဲ့ နည်းပညာတွေနဲ့ တားဆီးဖို့ သင်တန်း သားတွေ စေလွှတ်ခဲ့တာ”ဟု ၎င်းက ဆိုသည်။

ကက-ကွန် သည် ရတနာပုံ ဆိုက်ဘာစီးတီးတွင် အခြေပြု၍ သတင်းအချက်အလက်များအားလုံး စိစစ်ကြည့်ရှုနေကြောင်း သိရသည်။ 

“ရုရှား ၊အိန္ဒိယနဲ့ စင်ကာပူ နိုင်ငံတွေကို ကက-ကွန် မှာ တာဝန်ပေးဖို့ ဆိုပြီး သင်တန်းသား အယောက် ၁၅၀ လွှတ်ခဲ့တယ်''ဟု ကက-ကွန် ၀န်ထမ်းရေးရာဋ္ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ယင်းသင်တန်းသားများပြန်လည်ရောက်ရှိနေပြီဖြစ်၍ အသုံးပြုရန် ခေတ်မီ ပစ္စည်းကိရိယာများ လိုအပ်နေသောကြောင့် ထပ်မံ မှာယူရန်ပြင်ဆင်နေကြောင်းလည်း ၎င်းက ဆိုသည်။

ကက-ကွန် ကဲ့သို့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ရုံးလက်အောက်တွင်လည်း (Cyber Crime ) ဆိုက်ဘာ မူခင်းများ ဌာန ဖွဲ့စည်း ထားကြောင်း ယင်းဋ္ဌာနမှ ဒုရဲအုပ် တဦးက ပြောပြသည်။

“အဓိက လုပ်ငန်းတွေက ဆိုက်ဘာအသုံးပြုပြီးဖြစ်လာမယ့် မှုခင်းအန္တရာယ်တားဆီးရေးလို့ ဆိုပြီး ပြောထားပေမယ့် တကယ့် အလုပ်ကတော့  ဆိုက်ဘာအသုံးပြုသူတွေဘာတွေ သုံးသွားတယ်၊ ဘယ်သူတွေနဲ့ဆက်သွယ်တယ်ဆိုတာတွေ စိစစ်တာ၊ အင်တာနက် သုံးတဲ့သူတွေအတွက်ကတော့ လုံခြုံစိတ်ချမှုမရှိတာအမှန်ပဲ''ဟု အထက်ပါ ဒုရဲအုပ်က ပြောသည်။ 

အင်အား ၁၅၀ ခန့်ဖြင့် ဖွဲ့စည်းထားပြီး ရုရှား ၊ အိန္ဒိယ နှင့်စင်ကာပူ နိုင်ငံများတွင်  သင်တန်းတက်ရောက်ထားကြကြောင်း၊
ယင်း ဌာန၏ အကြီးအကဲမှာ နိုင်ငံဖြတ်ကျော်မှုခင်းများဌာန အကြီးအကဲ ရဲမှူးကြီး စစ်အေး ဖြစ်ကြောင်းသိရသည်။

ပြင်သစ် အခြေစိုက် Alcatel Shanghai Bell ကုမ္ပဏီသည် ပြင်ဦးလွင် ရှိ ရတနာပုံ တယ်လီပို့ တွင် ဆောဖ့်ဝဲ ထုတ်လုပ်မှု လုပ်ငန်းအတွက် စစ်အစိုးရ နှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်လျက်ရှိရာ ပြီးခဲ့သည့်နှစ်အတွင်း ဆက်သွယ်ရေး ပစ္စည်း အမေရိကန် ဒေါ်လာ သိန်း ၆၀ ကျော်ဖိုး ရောင်းချခဲ့ပြီးကြောင်း မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောသည်။

Alcatel Shanghai ကုမ္ပဏီ၏ ရန်ကုန် ဌာနခွဲ ကို ကမ္ဘာအေး ဘုရားလမ်းရှိ ဆီဒိုနားဟိုတယ် ငါးထပ်မြောက်တွင် ဖွင့်လှစ်ထားပြီး  စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တချို့နှင့် နီးစပ်သည့် ကုမ္ပဏီတခုဖြစ်ကြောင်း သိရသည်။

http://www.irrawaddy.org/bur/index.php/news/1-news/2911-2010-03-31-05-47-37

No comments: