သတ္တုစက်ရုံစီမံကိန်းကြောင့် တောင်သူခြံမြေ ဧကရာချီ လက်လွှတ်ဆုံးရှုံးရ

E-mail Print
အေးရှားဝေါကုမ္ပဏီပိုင် သတ္တုစက်ရုံတည်ဆောက်ရေး စီမံကိန်းကြောင့် တစ်နှစ်အတွင်း သျှမ်းပြည်(မြောက်ပိုင်း) နမ္မတူမြို့နယ် ဆိုက်ခေါင်ကျေးရွာအုပ်စုမှ တောင်သူများ၏ ခြံမြေ ဧက၂၀၀ ခန့် လက်လွှတ်ဆုံးရှုံးရကြောင်းသိရသည်။

ဆိုက်ခေါင်ရွာအနီး၂၀၀၉ ခုနှစ်ဆန်းက စတင်ခဲ့သည့် စက်ရုံ စီမံကိန်းသည် ၂၀၁၀ခုနှစ် နှစ်ဆန်း၌် ပြီးစီးခဲ့ရာစီမံကိန်း ကာလအတွင်း မြေသိမ်းယူခံရမှုမှာ ခန့်မှန်းခြေ ဧက ၂၀၀ ကျော်ရှိကြောင်းဒေသခံကတွက်ချက် ပြောခြင်း ဖြစ်သည်။

“အေးရှားဝေါကုမ္ပဏီ စက်ရုံဆောက်လို့ မြေအသိမ်းခံရတဲ့ နေရာက တောင်ကုန်းနေရာတွေဆိုတော့ ခန့်မှန်းခြေ ဧက ၂၀၀ လောက်တော့ရှိမယ် ဆိုက်ခေါင်ရွာသားတွေပိုင်တဲ့ နေရာပဲပေါ့ ထင်းလုပ်ဖို့ စိုက်ထားတဲ့ မြေလွတ် မြေရိုင်းခြံ နေရာတွေပေါ့ ” - ဟု သူက ပြောသည်။

ခြံမြေများဆုံးရှုံးခဲ့သည့် ရွာသားများအတွက် လျှော်ကြေးငွေအနည်းငယ် ပေးဆောင်ခဲ့သည်ဟု သူကဆိုသည်။

“ဆိုက်ခေါင်ရွာကတော့ အိမ်ပြောင်းရတာ မရှိဘူး ခြံတွေဆုံးရူံးသွားတာပဲရှိတယ် အနည်းအကျဉ်းတော့ ပေးတယ် ၃ သောင်းလောက်ပေးတယ် ကျွန်တော်တို့ ဘေးက သတလ နယ်မြေမှာရှိတဲ့ လူတွေတော့ ၀န်ထမ်းထဲမပါတဲ့ သူတွေ နေရာဖယ်ပေးရတယ်” - ဟု ဆက်ပြောသည်။

အဆိုပါ စက်ရုံစီမံကိန်း တည်ဆောက်နေခြင်းကြောင့် မနှစ်ကတည်းက နမ္မတူမြို့ ချောင်းတစ်ဘက်ကမ်းရှိ အစိုးရပိုင် သတ္တုတွင်းဝန်ထမ်းရပ်ကွက်များဖြစ်သော သတလ (၁ ၊ ၂) ၊ ဗိုလ်ကုန်း ၊ ၃၂ မိုင် ၊ ဂေါက်ကွင်း ရပ်ကွက် များကို ဖျက်သိမ်းတော့မည်ဟု သတင်းထွက်နေကြောင်း နယ်စပ်ရောက်နမ္မတူသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“မနှစ်က အစိုးရ ၀န်ထမ်းရပ်ကွက်တွေမှာ အဆောက်အဦးသစ်တွေ ဆောက်နေတယ် ဓါတ်တိုင်တွေလည်း အ များကြီး စိုက်ထားတယ် ၀န်ထမ်းတွေပြောင်းခိုင်းမယ် အစိုးရက နေရာမပေးဘူးလို့ ပြောလို့လေ အေးရှားဝေါ ကုမ္ပဏီက လာလုပ်တယ် အဲဒါတရုတ်တွေလာမယ် ဆိုပြီး နမ္မတူမှာ အိမ်ဈေးတွေအရမ်းတက်တယ်သိလား” - ဟု သူက ပြောသည်။

၂၀၁၀ ခုနှစ် ဇန္န၀ါရီလဆန်းပိုင်းတွင် အေးရှားဝေါကုမ္ပဏီပိုင် သတ္တုစက်ရုံ စတင်လည်ပတ်နေကြောင်း စောစော က ဒေသခံက ပြောသည် ။

“တရုတ်ကုမ္ပဏီတစ်ခုနဲ့အေးရှားဝေါနဲ့ဖက်စပ်လုပ်တာပေါ့ အရင်အစိုးရ၀န်ထမ်းတွေ အလုပ်ပြန်ခန့်တဲ့ သူတွေတော့ မပြောင်းရဘူး အလုပ်မခန့်တဲ့သူတွေတော့ ၀န်ထမ်းရပ်ကွက်အိမ်ရာကနေဖယ်ပေးရတယ် ” - ဟုဆိုသည်။

သျှမ်းပြည် (မြောက်ပိုင်း) အတွင်း၌ ခဲ ၊ ခဲမဖြူ ၊ သွပ် ၊ ကျောက်မီးသွေး၊ ရွှေ၊ ကျောက်နီနှင့် ထုံးကျောက် စသည့် သတ္တုမျိုးစုံ ထွက်ရာတွင် နမ္မတူမိုင်းတွင်းမှာ အထင်ကရနေရာ ဖြစ်သည်။

No comments: