၂ဝ၁၅ နီးလေ ပအိုဝ်းပြည်သူများ ပိုပြီးရင်လေးလေ

အမြင်ဆောင်းပါး | ခွန်ရာဇာ (တောင်ကြီး) |
မေလ ၁၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ခေတ်စနစ်အရ နိုင်ငံရေးသည် လွှတ်တော်နိုင်ငံရေးဘက်သို့ ကူးပြောင်းလာပြီး ပြည်သူလူထုသည် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေပြီ ဖြစ်သည်။ အာဏာရှင်ဆန်ဆန် ကျင့်သုံးနေသော အုပ်ချုပ်သူအချို့က ရှိနေပါ သေးသည်။ အပြန်အလှန်ထိန်းညှိရန် လိုအပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်စောင်း အုပ်ချုပ်ခြင်းသည် ပြည်သူအတွက် နှစ်နှာမှုများပြီး တိုင်းပြည်အေးချမ်းမှုကိုလည်း ရရှိစေမည်မဟုတ်ပေ။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပစ်ခတ်ရပ်စဲရေး ပြုလုပ်လာသည်မှာ အချိန်တော်ကြာသွားပြီဖြစ်သည်။ ယခုထိ မပြီးဆုံးသေးသော်လည်း အောင်မြင်သလောက ရှိနေပြီဖြစ်သည်။ သို့ပေမယ့် ရက်ကန့်သတ်မရှိ အချိန်ရွေ့ဆိုင်းထားသည်ဟုလည်း မီဒီယာပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိရပေသည်။

ထို့တွင် ပအိုဝ်းနိုင်ငံရေးသည် အေးသလောက် ပူနေရပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးပါတီ နှစ်ပါတီယှဉ်ပြိုင်ရန် အသင့်ရှိနေပြီ ဖြစ်သည်။ PNO ပါတီနှင့် ပအမဖ ပါတီဟူ၍ ရှိလေပြီ။ ထိုသို့ပေါ်ပေါက်ရခြင်းကား အဘယ်ကြောင့်နည်း။ အဖြေရှာရန်လိုအပ်သော်လည်း ခေါင်းဆောင်တစ်ချို့က သိနေသော်လည်း ညှိနိုင်းမှု မအောင်မြင်ခဲ့ပေ။ ခေါင်းဆောင်ပိုင်း ယုံကြည်မှု ပျက်ပြာသည်မှာ အထင်ရှားပင် ဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားများ နိုင်ငံရေးကြိမ်စာမိနေသလား အောက်မေ့ရသည်။

အဘယ်ကြောင့်ဆိုသော် လူမျိုးချင်းချင်းအမုန်းပွား အငြိုးထားသည်က များသည်။ ပအိုဝ်းအမျိုးသားခေါင်းဆောင်အချို့ ဒီမိုကရေစီကြောင့် အသတ်ခံရသည်မှာလည်း အချင်းချင်းသစ္စာမဲ့ပြီး လုပ်ကြံခြင်းက သမိုင်းတွင် တွေ့နေရပါသည်။

ယခုတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဒေသဦးစီးဖြင့် အုပ်ချုပ်ကာ လွတ်တော်ကိုယ်စားလှယ်နှင့် ရန်တိုက်ပေးနေခြင်းကို သက်ရောက်စေခဲ့သည်။ ဥပမာ ဖြစ်ပုံမှာ လွှတ်တော်ကိုယ်စားလှယ်သည် ဘာမှမလုပ်ရဲဘဲ အုပ်ချုပ်ရေးသမားကို ငဲ့နေရသည်က မြန်မာနိုင်ငံ၏ နိုင်ငံရေးလှည့်ကွက်မဟုတ်လော။ ၂၀၁၀ တွင် ကြုံတွေ့နေရသော အဖြစ်ပျက်ကို သင်ခန်းစာယူပြီး ပြည်သူများအတွက် တစ်ကယ်လိုအပ်သည်များကို ဆောင်ရွက်ပေးရန် လိုအပ်နေသည်ကို ကိုယ့်လူသူ့လူ ငဲ့နေရသောကြောင့် ထိရောက်မှု မရှိသေးပေ။

၎င်းသည် လူမျိုးအချင်းချင်းညှိနိုင်းဆောင်ရွက်ရန် လိုအပ်ပေလိမ့်မည်။ ယခုတွင် ထိုသို့ညှိနိုင်းမှုမရရှိခဲ့ သည့်အပြင် စည်းလုံးမှု၊ အချင်းချင်းယုံကြည်မှု ပျက်ပြားနေသည်ကို တွေ့ရသည်။ အမျိုးသားရေးလုပ်သည် ချင်းအတူတူ အဘယ်ကြောင့် စားပွဲခုံပေါ်တွင် ညှိနိုင်းမှု မရဖြစ်နေရသနည်း။ ပြည်သူလူထု မျှော်လင့်သော ပအိုဝ်းအမျိုးသားခေါင်းဆောင်များ၊ ရိုးသားဖြောင့်မတ်သော ပအိုဝ်းအမျိုးသား ခေါင်းဆောင်များ၊ ကိုယ်ကျိုးစွန့် ပအိုဝ်းအမျိုးသားခေါင်းဆောင်များ ဘယ်သို့ဘယ်ပုံ ရောက်ရှိပါသနည်း။

ထိုသို့မေးခွန်းပေါင်းများစွာ ပအိုဝ်းပြည်သူလူထုကြားတွင် ထွက်ပေါ်လာသောစကားသည် နားမဆန့်နိုင်တော့မည် ဖြစ်သည်။ ကူညီပါ ကူညီပါ အကူညီလိုအပ်နေသည် ဆိုသော ပြည်သူများ၏အသံကိုလည်း နားမဆန့်နိုင်အောင် ကြားနေရသည်ကို အမျိုးသားရေးလုပ်ရှားသူများက သိရှိကြသလော။ ပြည်သူများစကား နားစွင့်ပြီး နားထောင်ရန်လိုအပ်သောအချိန် ဖြစ်နေပြီဖြစ်သည်။

ယခုတွင် ပါတီအပြိုင်ပေါ်လာသောကြောင့် ၂၀၁၅ ရွေကောက်ပွဲတွင် ကျေးလက်နေပအိုဝ်းပြည်သူများသည် အသိပညာ နည်းပါးသောကြောင့် မည်သူ့ကို၊ ဘယ်ဟာကို ရွေးကောက်တင်မြောက်နိုင်မည်နည်း။ ထို့ပြင် ပအိုဝ်းပါတီနှစ်ခု သာမက ပါတီကြီးများလည်း ၀င်ရောက်အရွေးခံမည်ဖြစ်သဖြင့် အကယ်၍ရပြီးသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပအိုဝ်းပါတီတစ်ခုခုက နိုင်သွားလျှင်အကြောင်းမဟုတ်။ အကယ်၍ နှစ်ပါတီလုံး အနိုင်မရခဲ့လျှင်မူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပအိုဝ်းဒေသသည် ဘယ်သူ့ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖြစ်သွားမည်နည်း။

ပါတီကြီးများဖြစ်သော ပြည်ခိုင်ဖြိုးနှင့် NLD ပါတီသည် ပအိုဝ်းဒေသတွင်းသို့ ၀င်ရောက်ရန်အသင့်ရှိပြီး ဖြစ်သည်။ ထိုပါတီကြီးသို့ မဲပေးရန်လည်း အသင့်ရှိနေပြီဖြစ်နေသော ပအိုဝ်းပြည်သူများလည်း ရှိနေပြီးဖြစ်သည်။ မီဒီယာပေါ်တွင်လည်း ၂၀၁၅ နီးလေ ပိုပြီးလုပ်ရှားမှု ပိုမြန်လေဖြစ်နေသည်။ ပအိုဝ်းနိုင်ငံရေးပါတီများသည် ၂၀၁၅ ရွေးကောက်ပွဲကို အဘယ်သို့ယှဉ်ပြိုင်သွားမည်ကိုလည်း အခြားနိုင်ငံရေးသမားများက စိတ်ဝင်စားကြသည်။ တစ်ခုရှိပါသည် လက်နက်ဖြင့် အာဏာရှင်ဆန်ဆန် လုပ်မည့်နည်းလမ်း စဉ်းစားမည်ဆိုလျှင် ဖြစ်နိုင်မည်လော့။

ဒီမိုကရေစီစနစ်သည် ထိုသို့အေးချမ်းမှုကို လိုလားသောစနစ်ကြီးတွင် လက်နက်အားကို၍ ရနိုင်မည်လော။ ထိုမှမဟုတ် သတ္တိရှိရှိယှဉ်ပြိုင်မည်လော။ ဤသို့ယှဉ်ပြိုင်မည်ဆိုသော်လည်း လက်ရှိပြည်သူများ ရွေးကောက်တင်မြောက်သော ကိုယ်စားလှယ်များသည် ပြည်သူအကျိုးပြုသည့် မည်သည့်အရာကို ဆောင်ရွက်ပြီးနေပြီလော။ ပြည်သူများနှစ်နာမှုမရှိအောင် မည်ကဲ့သို့ တရားနည်းလမ်းများဖြင့် ဖြေရှင်းပေးသွားပြီကို ပြန်သုံးသပ်မိပြီလော။

ထိုသို့ပြန်လည်သုံးသပ်ပြီး အဖြေမရှာလျှင် ၂၀၁၅ တွင် ပါတီဟောင်းဖြစ်သော PNO ပါတီသည် နိုင်ခြေနည်းပါးသွားမည် ဖြစ်သည်။ စည်းရုံးရေး အဘယ်သို့ဆင်းဆင်း လွတ်လပ်သောမဲကို ယှဉ်နိုင်မည် မဟုတ်ပေ။ အစဉ်လာရှိသော ပအမဖကို ပြန်လည်သုံးသပ်မည်ဆိုလျှင်လည်း ပအမဖ သည် တက်သစ်လူငယ်များဖြစ်ပြီး သမ္ဘာရှိသော ပါတီဟောင်း ပုဂ္ဂိုလ်များ ပါဝင်ခြင်း မတွေ့ရပေ။

ဝါရင့်နိုင်ငံရေးသမား (သို့) အတွေ့ကြုံရှိသော ပါတီဟောင်း၏ပုဂ္ဂိုလ်များ ပါဝင်ခြင်းမရှိသည်ကို အားနည်းချက်ဖြစ်နေပါသည်။ အမှန်တကယ် ပအမဖ သည် အစဉ်အလာကြီးမားခဲ့ပေသည် မှန်၏။ သို့သော် ပါတီဟောင်း၏မူဝါဒလမ်းစဉ် ပါတီဟောင်း၏အမွေကို ဆက်လက်ထိန်းသိမ်းမည်လော၊ လိုက်နာဆောက်ရွက်မည်လော။ အသစ်တစ်ဖန်ပြန်လည်ရေးဆွဲမည်လော စဉ်းစားစရာပင်ဖြစ်သည်။

အဘယ်ကြောင့် လူဟောင်းပါဝင်ခြင်းမရှိသည်ကို အားနည်းသည်ဟု ဆိုရသနည်း။ ထိုတက်သစ်စလူငယ်များသည် အတွေ့ကြုံနည်း၍ ပအိုဝ်းလူမျိုး၊ ပအိုဝ်းအမျိုးသားများကိုယ်စား မပြုနိုင်သေးကြောင်း၊ အကယ်၍ ဒုတိယပင်လုံညီလာခံ ပေါ်ပေါက်လာလျှင် ပအိုဝ်းအမျိုးသားကိုယ်စား တက်ရောက်မည်ဆိုလျှင်လည်း သမ္ဘာမရှိသော နိုင်ငံရေးသမားဟု အခြားနိုင်ငံရေးသမားများက သတ်မတ်မည်ကို စိုးရိမ်ရကြောင်း ဖြစ်သည်။

ထို့ကြောင့် ပါတီနှစ်ပါတီပေါင်းစည်းနိုင်ရေး လိုအပ်လာပါလိမ့်မည်။ ကြေကြေညက်ညက် ဆွေးနွေးပြီး ၂၀၁၅ တွင် သွားရမည့်နိုင်ငံရေးပေါ်လစီကို ရေးဆွဲနိုင်ရန် ကြိုးစားမှသာလျှင် စိတ်ဇဝေဇဝါဖြစ်နေသော ပြည်သူလူထုသည် မှန်မှန်ကန်ကန်ရွေးချယ်နိုင်လိမ့်မည်။

ညီလာခံလုပ်ပြီး ပေါင်းစပ်ညှိနိုင်းရန် ပါတီခေါင်းဆောင်အချင်းချင်း ညှိနိုင်းရန် လိုအပ်နေပြီဖြစ်သည်။ ထိုမှမဟုတ် ၂၀၁၅ တွင် ပအိုဝ်းနိုင်ငံရေးများသည် ချောက်တွင်းသို့ကျရောက်မည့်အခြေအနေကို ရောက်ရှိနိုင်သည်။ ယခုတွင် ပြည်သူများသည် အားကိုးရာမဲ့ဖြစ်နေသောကြောင့် ကူညီသူများကို ရှာဖွေနေသော ဝွေဒနာရှင် ပြည်သူများဖြစ်နေသည်။ ၎င်းကို အခွင့်ကောင်းရှာရန် တစ်ချို့အဖွဲ့စည်းများက သိပြီး လုပ်စားသွားမည်ကို စိုးရိမ်မိပါသည်။

ခေါင်းဆောင်များတစ်ချို့တွင် ပေါင်းစပ်ညှိနိုင်းရန် အသင့်ရှိနေသော်လည်း ညီညွှတ်မှုမရှိ၍ စားပွဲခုံပေါ် မရောက်ရခြင်း ဖြစ်သည်။ ညီညွှတ်ရေးကို ဦးတည်သွားရန် ဆွေးနွေးပွဲများလုပ်ရန် လိုအပ်နေလေပြီ။ သို့မှသာ လျှင်အက်ကွဲနေသော ယုံကြည်မှုကို ဖာထေးရန် အချိန်မီနိုင်ပါလိမ့်မည်။ ပအိုဝ်းတစ်မျိုးသားလုံး စည်းလုံးညီညွှတ် မှုရရှိရေး၊ ပအိုဝ်းစာမူတစ်မူသာ အတည်ပြုရေး၊ တောင်ပေါ်မြေပြန့် အဖွဲ့ပေါင်းစုံ ပအိုဝ်းအမျိုးသားများပေါင်း စည်းနိုင်ရေး စသည့်အရေးများကို အလေးထားပြီး ဆောင်ရွက်သွားရန် လိုအပ်နေကြောင်း သိရသည်။

ပအိုဝ်းစွိုးခွိုကို ပအိုဝ်းလူမျိုးတစ်မျိုးသာ မကြည့်သင့်ပေ။ ပအိုဝ်းဒေသတွင် နေထိုင်နေသောတိုင်းရင်းသား ညီအစ်ကိုများကိုလည်း ခွဲခြားမှုမရှိရန်၊ တန်းတူအခွင့်ရေးညီမျှမှုရှိရန်လို အပ်ပေသည်။ သို့မှသာလျှင် အားကိုးရသော ခေါင်းဆောင်များဖြစ်ပြီး ၂၀၁၅ တွင် မဲတစ်ပြား၏ တန်ဖိုးကို ရရှိနိုင်မည်ဖြစ်သည်။

ပအိုဝ်းလူမျိုးစုကွဲ အများပြားသည်မှ ယခုတွင် တောင်ရိုးလူမျိုးဟု သီးသန့်ခွဲထွက်ကာ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုဆိုပြီး ထွက်ပေါ်လာရခြင်းမှာ မိမိခေါင်းဆောင်ပိုင်းတွင် တာဝန်ရှိသည်ဟု ထင်မိပါသည်။ တောင်ရိုးလူမျိုးများသည် မိမိသည် ပအိုဝ်းလူမျိုးစုတွင် ပါဝင်သည်ဟု ခံယူထားသော်လည်း ပအိုဝ်းလူမျိုး၏ လျစ်လျူရှုခြင်းကို ခံနေရသော လူမျိုးဖြစ်သည်ဟု သိရသည်။

ထို့အပြင် ၂၀၁၅ တွင် ပအိုဝ်းပြည်သူလူထုများ စိုးရိမ်မှုအပြည့်ဖြင့် ပူပန်ရသည်မှာ အကြောက်တရားရှိနေသေးသော ပြည်သူလူထုကို လွတ်လပ်စွာ မဲပေးရခြင်းမဟုတ်ဘဲ ခြိမ်းခြောက်မှုအပြည့်နှင့် လုပ်ဆောင်သွားမည်ကို စိုးရိမ်ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲနီးလေ ပြည်သူလူထုများ စိုးရိမ်ပူပန်မှုများ ပိုမိုများပြားလေ ဖြစ်နေရခြင်းဖြစ်သည်။

No comments: