ပအိုဝ်းအမျိုးသားခေါင်းဆောင် ဘယ်မှာလဲ

အမြင်ဆောင်းပါး | ခွန်သွီးပအိုဝ်းခမ်းကောင်
မေလ ၁၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားများသည် သုဝဏ္ဏဘူမိသထုံပြည်တွင် သမိုင်းစဉ်ဆက်အရ မင်းမျိုးနွယ်ဖြစ်ခဲ့ပါသည်။ ဗုဒ္ဓဘာသာအရင်ကိုးကွယ်ခဲ့သော လူမျိုးတစ်မျိုးဖြစ်ခဲ့သည်။ ကိုယ့်ထီးကိုယ့်နန်းဖြင့် တည်ရှိခဲ့သော်လည်း ခွန်မနုဟာမင်းလက်ထက်တွင် ပုဂံမင်းအနော်ရထာက ထီးနန်းသိမ်းပိုက်ပြီးချိန်ကစပြီး ပအိုဝ်းတိုင်းရင်းသား များသည် တကွဲတပြားဖြစ်ခဲ့ရသည်။ ရေကြည်ရာမြက်နုရာပြောင်းရွေ့နေထိုင်လာပြီး ကမ္ဘောဇတိုင်းခေါ် ရှမ်းပြည်တောင်ပိုင်းသို့ ပြောင်းရွေ့နေထိုင်သည်က အများစုပင်ဖြစ်သည်။ ထို့အပြင် နဂိုမူလနေထိုင်နေသော ပအိုဝ်းလူမျိုးလည်း ရှိခဲ့ပါသည်။ ၎င်းကို သံလွင်မြစ်အရှေ့ဘက်ကျွန်းတွင် နေထိုင်သောပအိုဝ်းလူမျိုးသည် ကွန်လုံပအိုဝ်းဟု ခေါ်သည်။

ပအိုဝ်းတိုင်းရင်းသားများသည် စော်ဘွားခေတ်တွင်လည်း ဆီဆိုင်စော်ဘွားသည် ပအိုဝ်းအမျိုးသား စဝ်ခွန်ကြည်က ဆီဆိုင်နယ်များကို အုပ်ချုပ်ခဲ့သည်။ ပဒေသရာဇ်စနစ်ထွန်းကားနေချိန် ထိုစနစ်ယုတ်ကို တိုက်ထုတ်တော်လှန်ခြင်းသည်လည်း ပအိုဝ်းအမျိုးသားခေါင်းဆောင်များပင် ဖြစ်ခဲ့ပေသည်။ ပအိုဝ်းအမျိုးသားခေါင်းဆောင်များဖြစ်သော သထုံဦးလှဖေနှင့် ဦးကျော်စိန်တို့ကြောင့် ပအိုဝ်းနိုင်ငံရေးသမိုင်း ထွန်းကားလာခဲ့ရသည်ကိုလည်း သမိုင်းအရသော်လည်းကောင်း၊ နိုင်ငံရေးသမား၏ ပြောစကားအရသော်လည်းကောင်း သိရသည်။ ပြည်သူချစ်ပအိုဝ်းအမျိုးသားခေါင်းဆောင်တို့သည် ပအိုဝ်းပြည်သူလူထုအပေါ် ကိုယ်ကျိုးစွန့်ပြီး ရန်သူများကိုကာကွယ် စောင့်ရှောက်ခဲ့သည်ကိုလည်း သိရသည်။

ထိုမှတဆင့် ပထမတော်လှန်ရေးအပြီး ပအိုဝ်းအမျိုးသားများ နိုင်ငံရေးလှည့်ကွက်မှုကြောင့် အဖမ်းခံရပြီး တဆင့်တက်မျိုးဆက် ဗိုလ်စံသိန်းက ပြန်လည်ဦးဆောင်ပြီး ဒုတိယတော်လှန်ရေးကို ဆင်နွဲခဲ့ပြန်သည်ကိုလည်း သိခဲ့ရသည်။ ပအလဖ အဖွဲ့ကို သထုံဦးလှဖေက ပဒေသရာဇ်တော်လှန်ရေးသမားများကိုဖွဲ့ပြီး အမည်ပေးထားခဲ့သော အဖွဲ့ဖြစ်ပါသည်။ ထို့နောက် ဗိုလ်စံသိန်းလက်ထက်တွင် ထိုအဖွဲ့ကို လက်ဆင့်ကမ်းရင်း နောက် ရလလဖ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြန်သည်။ ထိုအချိန်တွင် ပအိုဝ်းတော်လှန်ရေးသမားများသည် ရလလဖအဖွဲ့သို့ အဖွဲ့ဝင်များ ဖြစ်ခဲ့ပါသည်။

ထိုမှတဆင့် ပအိုဝ်းအမျိုးသားခေါင်းဆောင်များသည် အမြင်မတူသည်ကို ညှိနိုင်းမရ၍ ကွဲထွက်လာကာ အဖြူ၊ အနီဆိုဖြင့် ပေါ်ပေါက်လာခဲ့သည်။ အဖြူသည် အဘဦးအောင်ခမ်းထီဦးဆောင်ပြီး ၁၉၉၁ ခုနှစ်တွင် လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ခဲ့ကြသည်ဟု သိရသည်။ အဘဦးအောင်ခမ်းထီသည် PNO အဖွဲ့လက်နက်နှင့် ငြိမ်းချမ်းရေးယူပြီးစဉ် ကတည်းကပင် ပအိုဝ်းဒေသတွင်း ဖွံ့ဖြိုးရေးကို တစိုက်မတ်မတ်လုပ်လာကာ တိုးတက်မှုများ ရရှိလာခဲ့ကြသည်။ လူနေမှုအဆင့်တန်းလည်း မြင့်မားလာခဲ့သည်။ အနီဖြစ်သော ရလလဖ သည် ဦးတာကလယ် ဦးဆောင်ပြီး ဆက်လက်တိုက်ပွဲဆင်နွဲခဲ့သည်ဟု သိရသည်။

၂ဝ၁ဝ တွင် နိုင်ငံရေးအရ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလာကာ ပအိုဝ်းအမျိုးသားများငြိမ်းချမ်းရေးအဖွဲ့ အဘဦးအောင်ခမ်းထီဦးဆောင်သောအဖွဲ့ PNO သည် နိုင်ငံရေးပါတ်ီအသွင်သို့ ကူးပြောင်းလာကာ လက်နက်ကိုင်တပ်ဖွဲ့ကို နိုင်ငံတော်၏ကာကွယ်ရေးတပ်မတော် လက်အောက်တွင် အသွင်ပြောင်းပြည်သူ့စစ်အဖြစ်သို့ ရောက်ရှိခဲ့ပေသည်။ ပါတီနိုင်ငံရေးသို့ ဝင်ရောက်သော PNO ပါတီသည် တရားဝင်နိုင်ငံရေးအဖြစ် လွတ်တော်တွင် ကိုယ်စားလှယ်များလည်း ရောက်ရှိခဲ့သည်။

သို့သော် နိုင်ငံရေးအခြေအနေအရ အကွက်ချမှားသွားသည်ကိုလည်း သိရှိခဲ့ရသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သုံးမြို့နယ်ကို ရရှိခဲ့သည်။ ထိုအချိန်တွင် ပအိုဝ်းတစ်မျိုးသားလုံး၏ ခေါင်းဆောင်သည် အဘဦးအောင်ခမ်းထီဖြစ်သည်ဟု အများက လက်ခံယုံကြည်လာခဲ့ပါသည်။ အမှန်တကယ်လည်း အဘဦးအောင်ခမ်းထီသည် ကိုယ်ကျိုးစွန့် ပအိုဝ်းအရေးကို ထမ်းဆောင်ပေးခဲ့သော ခေါင်းဆောင်ကြီးလည်း ဖြစ်သည်။

အဘဦးအောင်ခမ်းထီသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိပြီးနောက် ကျန်းမာရေးအခြေအနေအရ လက်လှမ်းမမှီတော့ဘဲ ပြည်သူလူထုနှင့် ထိတွေ့မှုနည်းပါးပြီး ဆက်ဆံရေးလည်းကျဲလာကာ လက်အောက်ငယ် သားများ လုပ်သမျှကို အစီရင်ခံစာတင်ခြင်းသာ သိရှိရမည်ထင်သည်။ ထိုအချိန်တွင် လက်အောက်ငယ်သားများ အမှားရှိခဲ့နိုင်သော်လည်း အဘဦးအောင်ခမ်းထီ သိရှိနိုင်မည်ကို အလွန်ခက်ခဲမည်ဟု ထင်ပါသည်။ ထိုအချိန် တွင်ပအိုဝ်းပြည်သူများက အလွန်ပင်ဖိနှိပ်မှုအမျိုးမျိုး မတရားမှုအမျိုးမျိုး ခံစားရသည်ကိုက များပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးလှည့်ကွက်များ ဖြစ်နိုင်သလို ပါးနပ်မှုနည်းပါးသော ခေါင်းဆောင်များကြောင့် ပြည်သူများ မတရားခံရမှုများ ပိုမိုရှိလာသည်ဟု ထင်သည်။

စစ်အာဏာရှင်လက်ထက်တွင် မတရားမှုရှိခဲ့သော်လည်း ပြောခွင့်ဆိုခွင့်မရှိသောကြောင့် ပြဿနာနည်း သယောင် ထင်ရပေသည်။ ယခုတွင် ဒီမိုကရေစီစနစ် နိုင်ငံဆီသို့ ကူးပြောင်းလာသောကြောင့် အကူးအပြောင်း ကာလတွင် ပြဿနာမျိုးစုံ ကြုံတွေ့ခဲ့ရသည်။ ထိုပြဿနာများကို ဘယ်သူမှ မွေးပေးသောမီးမဟုတ်ဘဲ စနစ်အပေါ်သာ မူတည်လာကြောင်း တစ်နိုင်ငံလုံးအသိပင် ဖြစ်သည်။

ပအိုဝ်းပြည်သူများသည်လည်း အသိအမြင်ရှိလာသည်နှင့်အမျှ ပွင့်လင်းမြင်သာမှုကို ရရှိလိုကြသည်။ ထို့ကြောင့် အုပ်ချုပ်သူများ ဘာလုပ်သည်ကိုပြည်သူများ သိရှိလိုကြသည်။ ပြည်သူ့အကျိုးစီးပွားများကို ဆောင်ရွက်သော အုပ်ချုပ်သူများကို လိုလားကြသည်မှာ အမှန်ပင်ဖြစ်သည်။

ယခင်တွင် ပအိုဝ်းပြည်သူလူထုများသည် အဖိနိုပ်ခံ ပဒေသရာဇ်စနစ်ဆိုးကို မခံနိုင်၍ ပအိုဝ်းခေါင်းဆောင်များ ဦးဆောင်တိုက်ထုတ်ကာ အောင်မြင်ခဲ့ပါသည်။ ယခုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီးနောက်တွင် ပအိုဝ်းပြည်သူများ ဒုက္ခတွေ ပိုမိုကြုံတွေ့နေရသည်။ မတရားအခွန်ကောက်ခံခြင်း၊ လယ်ယာမြေသိမ်းခြင်းကိစ္စများ၊ လျှပ်စစ်မီးယူရေးကိစ္စများကြောင့် အုပ်ချုပ်သူနှင့်ပြည်သူများကြား ယုံကြည်မှု ပျက်ပြားပြီး စည်းလုံးမှု၊ ပွင့်လင်းမြင်သာမှု မရှိသောကြောင့် ပအိုဝ်းလူမျိုးများအနာဂတ်တွင် ရင်လေးစရာဖြစ်နေရသည်။ ၎င်းကို အဘဦးအောင်ခမ်းထီ သိရှိနိုင်မည်လော သိသိနှင့် မသိချင်ဟန်ဆောင်နေသလော စဉ်းစားရခက်ပါသည်။

အဘယ်ကြောင့်ဆိုသော် ၂၀၁၄ သန်းခေါင်စာရင်နှင့် ပအိုဝ်းလူမျိုးစည်းလုံးညီညွှတ်ရေးဆိုပြီး အဘဦးအောင်ခမ်းထီသည် ကွင်းဆင်းဟောပြောမှုများ ပြုလုပ်ခဲ့ပါသည်။ သို့သော် အဘဦးအောင်ခမ်းထီသည် ပအိုဝ်းတစ်မျိုးသားလုံး ခေါင်းဆောင်အနေဖြင့် တရားဟောပြောခြင်း မဟုတ်ဘဲ PNO ပါတီအနေဖြင့် ဟောပြောခဲ့ခြင်းသာ ဖြစ်ကြောင်း ထင်ရှားနေပါသည်။ ပအိုဝ်းတစ်မျိုးသားလုံး ကိုယ်စားမပြုဘဲ PNO ပါတီ ကိုယ်စားပြုနေခြင်း ဖြစ်နေပါသည်။ အဘယ်ကြောင့်ဆိုသော် စည်းလုံးမှုကို ဦးတည်ဟောဆိုသော်လည်း ပြည်သူလူထုဆန္ဒကို လျစ်လျူရှုပြီး ပြောချင်ဟောချင်သည်ကိုသာ ဦးစားပေးပြီး တစ်ဖက်စောင်းနေသည်ကို ပြည်သူလူထုများက သိရှိနေပါသည်။

အဘယ်ကြောင့် ပအိုဝ်းပြည်သူလူထုတစ်ရပ်လုံး အားကိုးယုံကြည်နေသော အဘသည် ဒီလိုဖြစ်သွားရသနည်း။ နိုင်ငံရေးလှည့်ကွက်လော့ နိုင်ရေးကြိမ်စာသင့်နေသလော စဉ်းစားစရာ တွေးတောစရာပင် ဖြစ်သည်။ ထို့ကြောင့် ပအိုဝ်းတစ်မျိုးသားလုံး ခေါင်းဆောင်သည် ပျောက်ဆုံးနေသည်ဟု ပြည်သူလူထု၏ စိတ်တွင် ပေါ်လွင်နေသော်လည်း ပြောမထွက်နိုင်သော ကြောက်စိတ်ကြောင့် ငြိမ်နေရပါသည်။ ပါတီနိုင်ငံရေးသည် ပါတီတစ်ပါတီက တစ်မျိုးသားလုံး ကိုယ်စားမပြုနိုင်ပေ။ ထိုသို့ အခြေအနေ ရောက်ရှိလာသည်ကို ကြိုးစားထားသမျှ ပေးဆပ်ထားသမျှ သဲထဲရေသွန်ဖြစ်သွားနိုင်ပါသည်။ ပြည်သူလူထု ယုံကြည်မှုကို ပြန်လည်တည်ဆောင်ရန် အလွန်ခက်ခဲသောအရာ ဖြစ်ပေသည်။

ယခုတွင် ပါတီနိုင်ငံရေးဖြစ်သလို ပအိုဝ်းလူမျိုးများတွင်လည်း အဖွဲ့ပေါင်းများစွာ ပေါ်ပေါက်လာကာ ပြည်သူလူထုများက ဘယ်သူ့ကို အားကိုးရမည်ဆိုသည်ကို မဆုံးဖြတ်တတ်ပေ။ ပအိုဝ်းခေါင်းဆောင်များသည်လည်း ကိုယ့်အဖွဲ့ကိုယ့်ပါတီကိုသာ ကိုယ်စားပြုနေကြသည်။ တရားမျှတပြီး ပြဿနာပေါင်းများကို တစ်ဖက်စောင်းယိင်းယိုင်ခြင်းမရှိဘဲ ဖြေရှင်းပေးရန် တစ်မျိုးသားလုံးခေါင်းဆောင် လိုအပ်သော အခြေအနေရောက်ရှိနေပါသည်။

ဖြားဗွာဦးလှဖေသည် ပအိုဝ်းတစ်မျိုးသားလုံး ခေါင်းဆောင်အနေဖြင့် မားမားမတ်မတ်ရပ်တည်ခဲ့သော ခေါင်းဆောင်ကောင်း ဖြစ်ခဲ့ပါသည်။ ထို့နောက် အဘယ်ပုဂ္ဂိုလ်သည် ပအိုဝ်းတစ်မျိုးသားလုံး ခေါင်းဆောင်ဖြစ်သနည်း။ ပအိုဝ်းပြည်သူလူထု ခံစားနေရသည့် ဖိနိုပ်မှုကို နှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း ဖြေဖျောက်ပေးခြင်း မရှိပေ။ နစ်နာမှုများရှိသော၊ ပူလောင်မှုများရှိသော အားကိုးရာမဲ့ဖြစ်နေသော ပအိုဝ်းပြည်သူထု တစ်ရပ်လုံးကို အေးမြသော အရိပ်ပေးနိုင်သော ပုဂ္ဂိုလ်သည် ယခုအဘယ်မှာ ရှာရမည်နည်း။

ထို့ကြောင့် ပအိုဝ်းပြည်သူလူထုများသည် ပအိုဝ်းတစ်မျိုးသားလုံး ခေါင်းဆောင်များ ပေါ်ပေါက်ရန် လိုအပ်နေသော အခြေအနေသို့ ရောက်ရှိပြီဖြစ်သည်။ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ စသည်ဖြင့် အရေးစုံများကို နိမ့်ကျနေသော ပအိုဝ်းပြည်သူလူထုများကို ကယ်တင်နိုင်ရန် ပအိုဝ်းတစ်မျိုးသားလုံး ခေါင်းဆောင် လိုအပ်နေသော အချိန်ဖြစ်သည်ဟု ယူဆရပေသည်။

2 comments:

Dr.gabbro(TGI) said...

အေးဆေးတိတ်ဆိတ်စွာနေတတ်သောသဘာဝ ဘာသာတရားကိုရိုသေကိုင်းရှိုင်းသောဓလေ့ ပညာရေးနှင့်သမိုင်းကြောင်းကိုအားနည်းစွာဖြတ်သန်းလာရခြင်း ပွင့်လင်းလူ့ အဖွဲ့ အစည်းများမရှိခြင်း အမှားအမှန်ကိုထောက်ပြနိုင်ပြီး ဝေဖန်အကြံပေးမှုများကို လက်ခံနိုင်သောခေါင်းဆောင်မပြောနှင့် ဥပဒေနှင့်လူ့ အခွင့်အရေးဆိုသည်ကိုလည်းထားဦး သင်ကြားရန်အတွက် ကျောင်း လူမှုရေး ကျန်းမာရေး စီးပွားရေးစသောအရေးများစွာကို ပေးစွမ်းနိုင်သောငွေကြေးပြည့်စုံသူများကလည်း လှည့်မကြည့့်း အရင်းအမြစ်များစွာမှာလည်း ငွေကြေးအတွက်နိုင်ငံခြား တွင်ရရာအလုပ်ကိုလုပ်ကြရနှင့် လက်ရှိပညာတတ်သော အမျိုးကိုချစ်သောဒေသကိုချစ်ကာ တိုးတက်စေလိုသော ဦးဆောင်ဦးရွက်ပြုနိုင်သောသူ မည်သူနည်းဟုသာ ပြန်မေးရပေလိမ့်မည်။ လွတ်တော်ခေတ်ရောက်လာသော်လည်း အသိပညာကြွယ်ဝသူ နည်းပါးသော့ ကြောင့် သူကြီးဘုရား ရွာသားကောင်းမှုပင်ဖြစ်နေပါဦးမည်။ပိုင်ဆိုင်မှုကိုရောင်းစားပြီး ပရိဘောဂ ငွေကြေး စက်ပစ်စည်းနောက်သာလိုက်နေသေးသော အသိကြောင့် များမကြာသောအချိန်တွင် နောင်တလှလှရပါလိမ့်ဦမည်။ မူးယစ်ဆေးဝါးနှင့် ဇိမ်ခံပစ်စည်းကိုဖက်တွယ်ထားခြင်းကလည်း စိုးရိမ်စရာတစ်ခုပင်။ အကြောင်းများစွာကြောင့် နောက်နောင် ခေါင်းဆောင်ကောင်းရရှိရန် မဖြစ်နိုင်သေးပါဟု သုံးသပ်မိပါသည်။ မှားတာများရှိက ဝေဖန်နိုင်ပါသည်။ သုတေသီတစ်ဦး။

Dr.gabbro(TGI) said...

အေးဆေးတိတ်ဆိတ်စွာနေတတ်သောသဘာဝ ဘာသာတရားကိုရိုသေကိုင်းရှိုင်းသောဓလေ့ ပညာရေးနှင့်သမိုင်းကြောင်းကိုအားနည်းစွာဖြတ်သန်းလာရခြင်း ပွင့်လင်းလူ့ အဖွဲ့ အစည်းများမရှိခြင်း အမှားအမှန်ကိုထောက်ပြနိုင်ပြီး ဝေဖန်အကြံပေးမှုများကို လက်ခံနိုင်သောခေါင်းဆောင်မပြောနှင့် ဥပဒေနှင့်လူ့ အခွင့်အရေးဆိုသည်ကိုလည်းထားဦး သင်ကြားရန်အတွက် ကျောင်း လူမှုရေး ကျန်းမာရေး စီးပွားရေးစသောအရေးများစွာကို ပေးစွမ်းနိုင်သောငွေကြေးပြည့်စုံသူများကလည်း လှည့်မကြည့့်း အရင်းအမြစ်များစွာမှာလည်း ငွေကြေးအတွက်နိုင်ငံခြား တွင်ရရာအလုပ်ကိုလုပ်ကြရနှင့် လက်ရှိပညာတတ်သော အမျိုးကိုချစ်သောဒေသကိုချစ်ကာ တိုးတက်စေလိုသော ဦးဆောင်ဦးရွက်ပြုနိုင်သောသူ မည်သူနည်းဟုသာ ပြန်မေးရပေလိမ့်မည်။ လွတ်တော်ခေတ်ရောက်လာသော်လည်း အသိပညာကြွယ်ဝသူ နည်းပါးသော့ ကြောင့် သူကြီးဘုရား ရွာသားကောင်းမှုပင်ဖြစ်နေပါဦးမည်။ပိုင်ဆိုင်မှုကိုရောင်းစားပြီး ပရိဘောဂ ငွေကြေး စက်ပစ်စည်းနောက်သာလိုက်နေသေးသော အသိကြောင့် များမကြာသောအချိန်တွင် နောင်တလှလှရပါလိမ့်ဦမည်။ မူးယစ်ဆေးဝါးနှင့် ဇိမ်ခံပစ်စည်းကိုဖက်တွယ်ထားခြင်းကလည်း စိုးရိမ်စရာတစ်ခုပင်။ အကြောင်းများစွာကြောင့် နောက်နောင် ခေါင်းဆောင်ကောင်းရရှိရန် မဖြစ်နိုင်သေးပါဟု သုံးသပ်မိပါသည်။ မှားတာများရှိက ဝေဖန်နိုင်ပါသည်။ သုတေသီတစ်ဦး။