ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာတွင် အမျိုးသမီးကဏ္ဍဆွေးနွေးပွဲ ကျင်းပပြုလုပ်

စင်လေခမ်း (နောင်မွန်) | မေလ ၂၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စုတွင် ရှမ်းပြည်မျိုးဆက်သစ်အဖွဲ့မှ ဦးဆောင်သော အမျိုးသမီးများကဏ္ဍ ဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊ မေလ ၁၀ ရက် မှ ၁၂ ရက်နေ့ထိ ဟိုနောင်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သွားကြောင်း သိရသည်။

“အမျိုးသမီးများ ရရှိသင့်တဲ့ အခွင့်အရေးများကို သိရှိနိုင်ရန်အတွက် အမျိုးသမီးကဏ္ဍကို ဆွေးနွေးရခြင်း ဖြစ်တယ်။ ရှမ်းပြည်မျိုးဆက်သစ်အဖွဲ့ဟာ အမျိုးသမီးကဏ္ဍတစ်ခုတည်းမဟုတ် လယ်ယာကဏ္ဍ ဆွေးနွေးပွဲများကိုလည်း ဒေသအလိုက် လိုက်လုပ်ပေးတယ်” ဟု ဦးသန်းထွန်းနိုင်က ပြောသည်။

အမျိုးသမီးများသည် အိမ်မှုကိစ္စဘဲ ပြုလုပ်နေရတဲ့အတွက် အမျီုးသမီးများ၏အခွင့်အရေးနှင့် ပတ်သက်သည့် ဥပဒေများကိုလည်း နားလည်မှုမရှိ။ ယခု ဆွေးနွေးပွဲ တက်ရောက်ရသည့်အတွက် အမျိုးသမီးများနှင့် ပတ်သက်သည့် ကိစ္စများကို သိသင့်သလောက်သိရှိရကြောင်း နန်းစန္ဒာထွေးက ပြောသည်။

အမျိုးသမီးများသည် အမျိုးသမီးများ၏အခွင့်အရေးများကို နားလည်မှုမရှိသည့်အတွက် ဖိနှိပ်ချုပ်ချယ်ခြင်းခံရကြောင်း ဆွေးနွေးပွဲတွင် ပြောဆိုကြသည်။

နောင်မွန်ကျေးရွာအုပ်စုတွင်း နေထိုင်သောအမျိုးသမီးများ အလုပ်ပါး အားလပ်ချိန် နွေရာသီတွင် အမျိုးသမီးကဏ္ဍ ဆွေးနွေးပွဲ (၃) ရက်ပြုလုပ်ရာမှာ တက်ရောက်သူ အမျိုးသမီး (၆၀) ဦးခန့်ရှိကြောင်း သိရသည်။

No comments: