ယနေ့ပအိုဝ်းခေါင်းဆောင်များ မှန်ကိုပြန်ကြည့်သင့်ပြီ

ဆောင်းပါး | ခွန်ရာဇာ (တောင်ကြီး) | မတ်ခ်ျလ ၁၄ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

တစ်နိုင်ငံလုံးတွင် ကျင့်သုံးနေပြီဖြစ်သော ဒီမိုကရေစီစနစ်ကို နိုင်ငံသူနိုင်ငံသားများက သိသောသူ ရှိသလို မသိသေးသောသူလည်း ရှိနေပါသေးသည်။ အထူးသဖြင့် တိုင်းရင်းသားများ တောရွာနေပြည်သူများ သိရှိခြင်း မရှိသေးပေ။ လူဦးရေသန်းပေါင်း ၆ဝ ကျော်သော တိုင်းရင်းသားများသည် ဒီမိုကရေစီအရွေ့ကို ပါဝင်ပါတ်သက်ခြင်း မရှိသေးပေ။ ယခု မတ်လတွင် ကောက်ခံမည့် သန်းခေါင်စာရင်းမှ ထွက်လာမည့်စာရင်းကို မတွက်ဘဲ ယခင်က စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆၀ ရှိသည့်အထဲတွင် ပအိုဝ်းတိုင်းရင်းသားများသည် လူဦးရေအဆင့် ၇ ရှိသည်ဟု သိရသည်။

ယခု မြန်မာနိုင်ငံဒီမိုကရေစီအရွေ့သည် အစိုးရအထက်ပိုင်း အုပ်ချုပ်သူများနှင့် လွတ်တော်ကိုယ်စား လှယ်များ ပါတီခေါင်းဆောင်များ ကျောင်းသားခေါင်းဆောင်များနှင့် မြို့ပြနေပြည်သူလူထုများသာ ပါဝင်ပတ်သက်ပြီး လူဦးရေခန့်မှန်းခြေ ၂ဝ ရာခိုင်နှုန်းသာ ရှိနေပါသေးသည်။ စစ်မှန်သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်ဆိုလျှင် ဒီလောက်လူဦးရေနှင့် ဒီမိုကရေစီစနစ်အရွေ့ကို ဘယ်လိုတွန့်ရွှေ့သွားမည်နည်း။ နိုင်ငံတကာမှ NGO၊ INGO အဖွဲ့များ ဝင်ရောက်လာပြီး အသိပညာများ ကူညီပံ့ပိုးပေးသော်လည်း နေရာကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်ရန် အလွန်ခက်ပေသည်။

အုပ်ချုပ်သူများအနေဖြင့်လည်း ကိုယ့်စားကွက်ပျောက်သွားမည်ကို ကြောက်ပြီး ပြည်သူများအမြင် ဖွင့်ပေးမှုများကို ပိတ်ပင်တားဆီးနေကြသည်။ အစိုးရအနေဖြင့်လည်း ထိထိရောက်ရောက် လုပ်ဆောင်ပေးခြင်း မရှိသလို ကိုယ်ကျိုးရှာသမားများ အခွင့်ရေးယူကြသည်များက ရှိနေပါသည်။ “သိသူဖော်စား မသိသူကျော်သွား” ဆိုသော စကားသည် ဒီနေရာတွင် ကိုယ်ကျိုးရှာသောသူအတွက် ဖြစ်သွားပါသည်။ ပြည်သူများက မသိသောကြောင့် ကိုယ်ကျိုးရှာသောသူက ပိုပြီးအခွင့်ရေး ပိုရနေပါသည်။

ဒီမိုကရေစီစနစ်သည် အမြင်မတူညီသော၊ ဝါဒမတူညီသောကြားတွင် သည်းခံခြင်းကို အမြဲကိုင်စွဲထား ရမည်ဆိုသော်လည်း အသိအမြင်ဗဟုသုတ နည်းပါးသော ပြည်သူလူထုကို ဘယ်အုပ်ချုပ်သူက ခွင့်လွတ်သည်းခံပေးမည်နည်း ဘယ်အစိုးရက သည်းခံပေးမည်နည်း။ ဘယ်လွတ်တော်ကိုယ်စားလှယ်က ခွင့်လွတ်သည်းခံမည်နည်း။ လူလူချင်း စာနာမှုကို ဘယ်သူက နားလည်သလဲဆိုတာ စဉ်းစားစရာပင်။ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်မှုကို GDP ဖြင့် တိုင်းတာသော်လည်း လူမှုအဆင့်အတန်း ခွဲခြားနေမှုရှိနေသည်ကို ဘယ်လိုဖြေရှင်းလို့ ရနိုင်မည်နည်း။

တစ်ခြားတိုင်းရင်းသား ညီအစ်ကိုများ၏အခြေအနေမည့်ကဲ့သို့ ရှိသည်ကို မသိရှိရပေ။ ပအိုဝ်းတိုင်းရင်းသားများသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှ စပြီး ယခုတိုင် ဒီမိုကရေစီဆိုသည်ကို အလုံး အပြား ဘာမှန်းကို သိရှိခြင်းမရှိသေးသည်က အများစုပင်ဖြစ်သည်။ ဒီမိုကရေစီသည် စနစ်တစ်ခုသာ ဖြစ်သည်ကို သိရှိခြင်းမရှိသည့်အပြင် ကိုယ်တိုင်မဲပေးပြီး ရွေးချယ်လိုက်သော လွှတ်တော်ကိုယ်စားလှယ်က ဘယ်သူလဲဆိုသည်ကို သိရှိခြင်းမရှိသေးပေ။ ၎င်းသာမက မြန်မာနိုင်ငံကို အုပ်ချုပ် မင်းလုပ်နေသော နိုင်ငံတော်သမ္မတက ဘယ်သူဘယ်ဝါမှန်း သိရှိခြင်းမရှိသေးသော တောကျေးရွာက အများအပြားရှိသေးသည်။

တစ်နည်းအားဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သုံးမြို့နယ်ရှိသည်ကိုလည်း တော်တော်များက မသိကြသေးပေ။ ထို့နောက် ပအိုဝ်းတွင် လွတ်တော်ကိုယ်စားလှယ် ဘယ်နှစ်ယောက် ဘယ်သူ ဘယ်ဝါဆိုသည်လည်း များသောအားဖြင့် သိရှိခြင်းမရှိပေ။ ထိုအချက်ကို အုပ်ချုပ်မင်းလုပ်သော ပုဂ္ဂိုလ်များ သတိမူပါသလော။ သိလျက်နှင့် အခွင့်ကောင်းယူနေသလော။ ထိုသို့ သတိမူခြင်း မရှိဘဲ ရှေ့ဆက်အုပ်ချုပ်နေပါက မျက်မမြင်ကို အုပ်ချုပ်နေရသည်နှင့် တူပါသည်။

ပအိုဝ်းလူမျိုးသည် တစ်အိုဝ်းတည်း ရှိရမည်ဟု ကြွေးကြော်သူများသည် ပအိုဝ်းလူမျိုးသည် ဘယ်အချိန်မှစပြီး ပအိုဝ်းလူမျိုးဟု အသိမှတ်ပြုလေသနည်းဆိုသည်ကို သိကြပါသလော။ ပင်လုံစာချုပ် ချုပ်ဆိုခင်က ပအိုဝ်းတိုင်းရင်းသားများ ပါဝင်မှုမရှိဘူး၊ ဖြားဗွာဦးလှဖေသည် KNU ကိုယ်စားလှယ် လေ့လာသူအနေဖြင့် လက်မှတ်ထိုးခဲ့သည်ဆိုသည်ကို အကြောင်းရင်းမှာ ထိုအချိန်တွင် ပအိုဝ်းတိုင်းရင်းသားဟု အသိမှတ်ပြုခြင်း မရှိသေးပေ။ ဖြားဗွာဦးလှဖေတို့ ပအိုဝ်းလွောင်ဗူ ဖွဲ့စည်းပြီး တော်လှန်ရေး စလုပ်သောအချိန်မှသာ ပအိုဝ်းဆိုသည်ကို အသိမှတ်ပြုခြင်း ခံရသည်။ ယခင်က ဝတ်စုံအနက်ဝတ်ထားသော ပအိုဝ်းတိုင်းရင်းသားများကို တောင်သူ ပါ ဟု ခေါ် တွင် နေကြသည်။

အမှန်တကယ် ပင်လုံစာချုပ်သည် ပအိုဝ်းတိုင်းရင်းသားအများစု တက်ရောက်ခဲ့ပါသည်။ သို့ပေမယ့် ပအိုဝ်းဟု အသိမှတ်ခြင်း မရှိသည့်အတွက် ပအိုဝ်းသည် ပင်လုံစာချုပ်နှင့် မဆိုင်ဟု လူသိများ နေကြပါသည်။ ယခုတွင် ပအိုဝ်းတိုင်းရင်းသားများသည် သီးသန့်တိုင်းရင်းသားဖြင့် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ပါသည်ဟု ပြောပြီး ပြည်သူလူထုကို အမိန့်ဖြင့်၊ အာဏာရှင်ဆန်ဆန်ဖြင့် အုပ်ချုပ်နေသည်ကို ခေါင်းဆောင်များက သိရှိနေပါ သလော။

ပအိုဝ်းတိုင်းရင်းသားများသည် အဖွဲ့စည်းပေါင်း အလွန်များပြားသည်။ ဘယ်သူ့ကို ယုံကြည်ရမည်နည်းဟု ပြောလာသည်ကိုလည်း ရှိသည်။ သို့ပေမယ့် အမှန်တရားဘက်က၊ ပြည်သူလူထုဘက်က ရပ်တည်ပေးသော အရပ်ဘက်လူ့အဖွဲ့အစည်းဘယ်လောက် ရှိပါသနည်း။ မရှိသလောက်ပင် ဖြစ်သည်။ အုပ်ချုပ်သူ (သို့) ခေါင်းဆောင်များကလည်း ထိုအဖွဲ့စည်းများ ပေါ်ပေါက်မည်ကို မကြိုက်ကြပေ။ အားပေးမှုလည်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ပြည်သူလူထု အသိမြင် တိုးပွားမည်ကို ကြောက်နေသလော။ ကိုယ်မလုပ်နိုင်သော အရာကို သူများဝင်လုပ်မှာကိုလည်း ကြောက်နေပါသလော မသိပေ။

ဒီမိုကရေစီသက်တမ်းတစ်ခု ကုန်ဆုံးချိန် ရောက်နေသော်လည်း တောရွာမှ ပအိုဝ်းတိုင်းရင်းသားများက ယခုထိ ဒီမိုကရေစီ၏ အခွင့်အရေးကို ခံစားခွင့်မရှိသေးပေ။ အကြောက်တရားဖြင့် အသက်ရှင် နေထိုင်ရပါသေးသည်။ အခွန်ပေးဆောင်ရခြင်းလည်း တစ်ခြားတိုင်းရင်းသားများထက် နှစ်ဆ ပေးဆောင်နေရပါသည်။ ထို့ကြောင့် တစ်ခြားတိုင်းရင်းသားညီအစ်ကိုများက ပအိုဝ်းပြည်သူများကို မြင်လျှင် လူရိုးလူအ အနေဖြင့် မြင်နေပါသေးသည်။ တစ်ခြားတိုင်းရင်းသားများကြားတွင် ပအိုဝ်းတိုင်းရင်းသားများ မျက်နှာငယ်နေရပါသည်။

ပအိုဝ်းခေါင်းဆောင်ဖြစ်သော ဗိုလ်ဟိန်မောင် လက်ထက်တွင် ခရီးသွားရင်း ပင်ပင်ပန်းပန်း ကျောက်ခွဲသော အလုပ်ဖြင့် လုပ်ကိုင်စားသောက်နေသော ပအိုဝ်းတိုင်းရင်းသားများကို မြင်ပြီး စိတ်မကောင်းစွာဖြင့် ဂျစ်ကားပေါ်က ဆင်းပြီး မင်းတို့ဒီဟာ လုပ်စရာမလိုဘူး။ ပအိုဝ်းမှန်လျှင် စိုက်ပျိုးခြင်းကိုသာ လုပ်ကိုင်ပါတယ်။ အရင်းနှီးမရှိလျှင် အဘဆီလာခဲ့ဟု ပြောပြီး ပြန်ခိုင်းသည်ကို သမိုင်းတွင် မရေးထားသော်လည်း မျက်မြင်ထားသူ၏ ပြောစကားအရ သိရှိခဲ့ပါသေးသည်။

ယခုတွင် ထိုသို့လုပ်မည်မပြောလင့်ကစား ပအိုဝ်းပြည်သူအပေါ် ဘယ်အခွန်တွေ ကောက်လို့ရသည်ကို ချောင်းနေသောသူကသာ များနေပါသည်။ ဒေသဖွံ့ဖြိုးရေးဆိုပြီး နိုင်ငံတော်က ဘတ်ဂျက်ချပေးသော်လည်း ဘယ်ရောက်သွားမှန်းမသိ ပြည်သူအပေါ်တွင် ထပ်ဆင့်ကောက်ခံမှုများ ပြုလုပ်မြဲ ရှိနေသည်။ ဒီမိုကရေစီစနစ် ကျင့်စဉ်တရားများဖြစ်သော လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်ကို မဆိုနှင့် အသိမြင်များ သိပိုင်ခွင့်ကိုမှ ပိတ်ပင်တားဆီးကြသည်။ ပအိုဝ်းတိုင်းရင်းသားများ၏ ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့် ဘယ်သူက ရသွားပါသနည်း။

ထိုသို့ရှိနေသည်ကို ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် သန်း ၆ဝ သော ပြည်သူများ ပါဝင်ခြင်း မရှိလျှင် ဒီမိုကရေစီအရွေ့ကို ရွေ့လျားနိုင်ပါမည်လော။ ထိုသို့ဆက်သွားနေပါလျှင်မူ ပအိုဝ်းတိုင်းရင်းသားများလည်း နောက်ကျ ကျန်ရှိနေအုံးပါမည်။ ထိုအချက်ကို ကြည့်ပြီး တာဝန်ရှိသောပုဂ္ဂိုလ်နှင့် ခေါင်းဆောင်များသည် ကိုယ့်မျက်နှာကို ပြန်မြင်နိုင်အောင် မှန်ကို ကြည့်သင့်နေပြီဟု ထင်မြင်ရပါသည်။

ပြည်သူလူထုကိုမှ အခြေမခံသော အုပ်ချုပ်မှုသည် ဒီိမိုကရေစီစနစ် မဟုတ်သောစနစ် ဖြစ်ပါလိမ့်မည်။ ပအိုဝ်းတိုင်းရင်းသားများအတွက် ဒီမိုကရေစီ စနစ်ကို အပြည့်အဝထောက်ခံထားသော တိုင်းရင်းသားလည်း ဖြစ်သည်။ ၈၈ အရေးအခင်းတွင် ပအိုဝ်းပြည်သူများက နိုင်သောဘက်က ဒီမိုကရေစီနှင့်လူအခွင့်အရေးကို တောင်းဆိုလာခဲ့ပြီး အစဉ်အလာ ကြီးမားခဲ့သောလူမျိုးဖြစ်သည်ကို မှတ်တမ်းပြန်ကြည့်လျှင် သိနိုင်ပေသည်။

ထို့ကြောင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ပအိုဝ်းတိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး ခံစားပိုင်ခွင့်ရှိသည်ဟု ထင်မြင်မိပါသည်။

No comments: